ရင်မောနေရသည့် မော်ချီးခဲသတ္တု စီမံကိန်းများ

ရင်မောနေရသည့် မော်ချီးခဲသတ္တု စီမံကိန်းများ
by -
ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံသတ္တုတွင်းများထဲက အကြီးဆုံးသတ္တုတွင်းမိုင်းဒေသဖြစ်တဲ့ မော်ချီး သတ္တုတွင်းမိုင်း ဒေသဘက်ကို တနေ့ကျနော့်သူငယ်ချင်း နှင့်အတူ ကျနော် အလည်သွားရင်း တနေရာအရောက်မှာတော့ စက်ယန္တရားတွေရဲ့ လည်ပတ်သံတွေ ဆူညံသံတွေကို ယခင်က မကြားစဖူးကြားလာနေရတာကို သတိထားမိလိုက်ပါတယ်။

အဲဒီဆူညံသံတွေက ခဲတောင်ကလေးဆိုတဲ့နေရာကနေကြားရတာဖြစ်ပြီး အဲဒီကို သွားလည်ပတ်ဖို့ စိတ်အားပိုထက်သန်သွားစေခဲ့ပါတယ်။ ခဲတောင်ကလေးဆိုတဲ့နေရာလေးကိုရောက်တော့ မြင်လိုက်တဲ့မြင်ကွင်း ကြောင့် ကျနော့်မျက်လုံးများကို ကျနော်မယုံနိုင်တော့ဘဲ မှင်တက်သွားမိပါတယ်။ အကြောင်းက ယခုမြင်တွေ့ရ တဲ့ ခဲတောင်ကလေးဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ကျနော်မြင်ဖူးရောက်ဖူးခဲ့တဲ့ ခဲတောင်ကလေးနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေလို့ပါပဲ။

အဲ့ဒီအချိန်တုန်းကတော့ ဒီနေရာဟာ ဖာလာပင်၊ ကွမ်းသီးပင်၊ ကွမ်းရွက်ပင်၊ လိမ္မော်ပင်၊ ကျွဲကောသီးပင်၊ သံပုရာပင်၊ သရက်ပင်၊ ပိန္နဲသီးပင် စတဲ့အပင်တွေနဲ့ ဝေဆာနေတဲ့ ခြံကြီးပါ။

အပင်တွေအတွက်ဆိုရင်လည်းလိုအပ်တဲ့ ရေတွေရရှိဖို့ ချောင်းငယ်လေးတစ်ချောင်းကနေ ရေမြောင်းစနစ်တကျ သွယ်ယူထားခဲ့တာမက ရေကိုခြံထဲရှိ “တဲ” နားထိအရောက် ၀ါးလုံးလေတွေနှင့် စနစ်ကျကျ သွယ်သန်းထား ခဲ့ပါတယ်။

ခြံထဲသို့အပန်းဖြေဝင်ရောက်အနားယူသူတိုင်း ၀ါးလုံးမှစီးကျလာတဲ့ရေတွေကို သောက်သုံးရေအဖြစ် အသုံးပြုကြသည်သာမက ရေပါချိုး ပြန်လေ့ ရှိကြပါတယ်။ ခုတော့ ထိုမြေ၊ ထိုရေ၊ ထိုအပင်တွေအားလုံးကို စက်ယန္တရားတွေက ဝင်ရောက်နေရာယူထားလိုက်ကြပါပြီ။

ခဲတူးဖော်ရေးစီမံကိန်းကြီးကြောင့် သီးနှံပင်တွေအမြစ်ပါမကျန်ရှင်းလင်း ခံလိုက်ရသလို၊ မြေပြန့်ပြန့် ဟာလည်း ချိုက်ခွက်ကြီးတွေဖြစ်ကုန်လို့ ကြည်လင်အေးမြတဲ့ရေတွေဟာလည်း ရွံ ့စေး ရေအဖြစ်ပြောင်းလဲခံ လိုက်ရပါပြီ။

ကွမ်းသီးပင်တွေတောင် ဟိုတစ်ကွက်၊ ဒီတကွက်ကျန်နေသေးပေမယ့်လို့ မကြာခင်မှာလည်း အမြစ်ပါမကျန် ကုတ်၊ ကော် ခံရတော့မည်မှာ ဧကန်မလွဲပါဘူး။

ယခင်က ထိုနေရာဟာ အပင်များစိုက်ပျိုးရန်မြေဆီမြေသြဇာကောင်းသကဲ့သို့ အရည်အသွေးကောင်း သော ခဲများထွက်သည်ဟူ၍လည်း နာမည်ကြီး ပါတယ်။

အင်္ဂလိပ်အုပ်ချုပ်တဲ့ ခေတ်ကတည်းကပင် ထိုနေရာနှင့် အနီးတဝိုက်မှာ ခဲတူးဖော်ရေုးလုပ်ငန်းများ အတော်တွင် တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။

နာက်ပိုင်း နိုင်ငံရေး အခြေအနေကြောင့် အတော်ကြာကြာ ခဲတူးဖော်ရေးကို မလုပ်ကိုင်ရဲ ကြတော့ပဲရှိခဲ့ပါတယ်။

၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ တပိုင်တနိုင် ခဲတူးဖော်ရေးလုပ်ငန်းတွေ တစ်ယောက်စနှစ်ယောက်စ ပြန်လည် လုပ်ကိုင်လာခဲ့ကြပါတယ်။ ယခုလို အပစ်အခတ်ရပ်စဲထားတဲ့ နောက်ပိုင်းမှာ ခဲတောင်ကလေးတဝိုက် ခဲကျင်းတွေတိုးပွားများပြားလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ထိတိုင် ခဲကျင်းငယ်တွေနဲ့သာ အတူလုပ်အတူစားစနစ်ဖြင့် လုပ်ကိုင်စား သောက်လာခဲ့ကြ တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ တရုတ်ပြည်မှလာတဲ့ ကုမ္မဏီတစ်ခုနှင့် ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့ (ကြယ်ဖြူ) ဖက်စပ်စီးပွားရေးအဖွဲ့ တို့မှ ထိုမြေတွေကိ မြေပိုင်ရှင်ထံကနေ ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

ကျနော်နှင့်အတူလိုက်ပါလာတဲ့ ဒေသခံ သူငယ်ချင်းဖြစ်သူ စောဖိုးခွါးက “ ခြံပိုင်ရှင်က ဒီမြေကို သိန်း ၂၀၀၀ နဲ့ရောင်းလိုက်ပေမဲ့ သိန်း ၁၈၀၀ ဘဲပေးသေးတယ်လို့ပြောတယ်။ ကွမ်းသီးပင်၊ ကွမ်းရွက်ပင် နောက်တခြားသီးနှံပင်တွေ အားလုံးရဲ့တန်ဖိုးအပါအဝင်ပေါ့ကွာ။ ဒီအပင်တွေကို မဝယ်လို့မှမရတော့တာ၊ အပင်တွေစိုက်ထားတဲ့ မြေကြီးအောက်မှာ ခဲတွေတအားကောင်းတာကိုး နောက်ပြီးရေချောင်းနဲ့လည်း နီးနေတာကော” လို့ ပြောပါတယ်။

ခဲတောင်ကလေးဟာ (ကြယ်ဖြူ) အဖွဲ့ နှင့် တရုတ်ပြည်မှလာသော (အမည်မသိ ကုမ္မဏီတစ်ခုတို့ ပူးပေါင်းလုပ်ကိုင် လျှက်ရှိသော ခဲတူးဖော်ရေးစီမံကိန်း မြေများထဲက တစ်ခုအပါအဝင်ဖြစ်သွားပါတယ်။

ကုမ္မဏီအဖွဲ့မှ မြေကိုဝယ်ယူပြီးချိန်မှစပြီး လမ်းဖောက်လုပ်ခြင်း၊ ခေတ်မီစက်ပစ္စည်းများသယ်ဆောင် လာခြင်း၊ စက်ရုံများတည်ဆောက်ခြင်းများ တဆက်တည်းပြုလုပ်လာပါတယ်။

“သူတို့ ဒီနေရာကိုဝယ်ပြီးတဲ့အချိန်ကစပြီး လမ်းတွေစဖောက်လာတာ၊ ဘက်ဖိုးတွေ ၊ဒိုဇာ တွေလည်းရောက် လာတယ်။ နောက်ပြီး ခဲဆေးတဲ့စက်ရုံတွေကိုလည်း ဆောက်လိုက်တာဘဲ” ဟု ကျနော့် သူငယ်ချင်းက ခုလို သူမြင်ခဲ့ရတာကိုပြောပြပါတယ်။

ခဲတူးဖော်ရေးကို မကြာသေးခင်မှသာ စတင်တူးဖော်ခဲ့တာဖြစ်ပြီး နေ့ရောညပါ တူးနေကြတာဖြစ်ပါတယ်။ ၎င်းခဲတူးဖော်ရေးစီမံကိန်းအဖွဲ့ စတင်လုပ်ကိုင်ချိန်မှစပြီး ထိုနေရာတွင်လုပ်ကိုင်စားသောက်လာကြသော ခဲကျင်းငယ်များမှ ကျင်းပိုင်ရှင်တွေကလည်း ၎င်းတို့၏ခဲကျင်းတွေကို ပိတ်ပင်ခံရလို့ ရွေ့ပြောင်းပေးခဲ့ကြ ရပါတယ်။

ကုမ္မဏီဘက်ကလည်း အစပိုင်းတွင်တချို ့ကျင်းများကိုလုပ်ကိုင်ခွင့်ပေးထားပေမယ့်လို့ နောက်ပိုင်းတွင် အားလုံးကို ရွေ့ပြောင်းခိုင်းတယ်လို့ သိရပါတယ်။

“လာတုန်းကတော့ အတူတူလုပ်မယ်အတူတူစားမယ်လို့တော့ပြောတာဘဲ၊ နောက်ပိုင်းတော့ ထွက်သွားလို့ ပြောတယ်။ သူတို့ဝယ်လိုက်တယ်ဆိုတော့ သူတို့အပိုင်ဖြစ်သွားတာပေါ့” ဟု ပြောင်းရွေ့ခံ ခဲကျင်းများထဲမှ ခဲကျင်းတစ်ကျင်းကိုလုပ်ကိုင်သူတစ်ဦးဖြစ်သူ မိုးမင်းစိုး က ခုလိုပြောပြသွားပါတယ်။

ကုမ္မဏီပိုင် မြေပေါ်တွင်လုပ်ကိုင်သောခဲကျင်းများ၊ အလုပ်သမားများအနေနှင့်လည်း ခဲရလျှင် အပြင်သို့ထုတ် ရောင်းခွင့်မရှိဘဲ ကုမ္မဏီကိုသာ ပြန်လည်ရောင်းပေးရတယ်လို့လည်းသိရပါတယ်။

ခဲတူးဖော်ရေးစီမံကိန်းကြီးကို ခဲတောင်ကလေး တစ်နေရာတွင်သာလုပ်ကိုင်နေတာမဟုတ်ဘဲ အမှတ်(၂)၊ ညောင်ပင်စခန်း၊ ထို့မီခိ စသောနေရာများတွင်လည်း မြေပိုင်ရှင်ထံမှ မြေကိုဝယ်ယူကာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ယခုလို ကုမ္မဏီများဝင်လာပြီး စီမံကိန်းကြီးစနစ်ဖြင့်လုပ်ကိုင်လာခြင်းကြောင့်် ခဲတောင်ကလေးမှာတော့ သဘာဝရေမြေတောတောင်တွေ ၊သစ်တောနှင့် သံယံဇာတတွေပျက်စီးဆုံးရှုံးလာရသလို ၊ ရေထု ၊ လေထု ညစ်ညမ်းခြင်းတွေ တဖြည်းဖြည်းကြံုတွေ့နေရပြီဖြစ်ပါတယ်။

ယခုလို ကြံုတွေ့လာတာနှင့်အမျှ မော်ချီးဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး ရုန်းကန်လှုပ်ရှားဖို့အတွက် ကိုလည်း ဂယက် ရိုက်ခတ်လာနိုင်ပါတယ်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မိုးမင်းစိုးကပင် “အခုလို ကျနော်တို့လိုမျိုးလက်လုပ်လက်စားသမားတွေအတွက် ကြတော့ သူတို့လာတိုင်းပြေးနေရမယ်ဆိုရင် နောက်ဒီမှာလုပ်စရာနေရာတောင်ရှိမှာ မဟုတ်ဘူး။ ခုဟာက ဒေသခံတွေအတွက်သူတို့မကြည့်ဘဲနဲ့ ဟို့ ယူနန်တို့ တခြားနိုင်ငံကလာတဲ့ လူတွေအတွက် လုံခြံုရေးတွေနဲ့သေသေချာချာ လုပ်ပေးနေတာမြင်တော့ စိတ်မကောင်းဘူးဗျ” ဟု အခုလိုသူ့ရဲ ့ ခံစားချက် နှင့် အမြင်ကို ပြောသွားခဲ့ပါတယ်။

အခုလို စီမံကိန်းကြီးတွေကနေ ဖြစ်ပေါ်လာနိုင်မဲ့ဆိုးကျိုးတွေ၊ ပြဿနာတွေ အကြောင်းတွေးရင်းရင်မောမဆုံး ဖြစ်ရ ပါကြောင်းပါခင်ဗျား။

Most read this week