အနီ၊ အနက်၊ အစိမ်းအရောင်အသွေးစုံလင်လှသည့် ကချင်ဝတ်စုံများ ၀တ်ဆင်ထားသော လူအုပ်ကြီးသည် ယခုတလော ရန်ကုန်မြို့ကြီးကို ၀ိုင်းရံအပိုင်စီးနှင်းထားသည့်အလား မြင်တွေ့နေရသည်။
ရန်ကုန်မြို့၏ နာမည်ကြီး ပန်းခြံ၊ ကစားကွင်း၊ တိရိစ္ဆာန်ဥယာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ဆူပါမားကက်ကြီး စသည့် စသည့် တည်နေရာများတွင် ကချင်လုံချည်ဝတ်ဆင်ထားသည့် သူတို့ကို မြင်နေရခြင်းဖြစ်သည်။
“အဲဘက် မဟုတ်ဘူး၊ ဒီဘက် ဒီဘက်၊ ကောင်းကောင်း ကိုင်ထားပါ”
“အရမ်းပူတယ်။ ဒီလိုမျိုး မြို့မှာတော့ မနေချင်ပါဘူး”
“အယ်… မစီးရဲဘူး.. လှေကားမရှိဘူးလား”
“အငှားယာဉ် စီးရတာ တန်တယ်။ မြေနီကုန်းကို သွားရင် တစ်ယောက်ကို ၁၅၀၀ ကျပ်ပဲပေးရတယ်”
စသည့် စကားသံများကိုလည်း လမ်းသွားရင်း ကြားနေရသည်။ ရန်ကုန်မြို့မရဲ့ လူနေထူထပ်မှု၊ ကျဉ်းကျပ် လှသည့် တိုက်ခန်း၊ အဆီ၊ အချိုများသည့် အစားအသောက်တို့မှာ သူတို့နှင့် မအပ်စပ်လှပေ။ ထို့ကြောင့် သူတို့ ညည်းညူသံက ကျယ်လောင်စွာ ဆူပွက် ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်။
သို့သော် … သူတို့အားရကျေနပ်သည့် အချိန်အခါလည်း ရှိပါသေးမည်ထင်သည်။ ဖြစ်နိုင်ချေတော့ သူတို့ ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းအတွင်း ၀င်လာချိန် မျက်နှာက တမူထူးခြားနေသည်။ သစ်လွင်တောက်ပသည့် အထည်သစ်များကို ၀တ်ဆင်ထားကြပြီး ပြံုးရွှင်သည့် မျက်နှာနှင့် တစ်ဦးကို တစ်ဦး နှုတ်ဆက်စကားဆိုနေကြသည်။
“ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဆရာကြီး ယုဒဿန် နှစ် (၂၀၀) ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်” မုဒ်ဝတွင် အနီရောင် အင်္ကျီ၊ အနက်ရောင် စကတ်ဝတ်ဆင်ထားသည့် လူငယ်တွေက သံစုံတီးမှုတ်ကာ သူတို့ကို ကြိုဆိုနေကြသည်။
ခြစ်ခြစ်တောက် ပူလောင်နေသည့် ရာသီဥတုကို ကချင်ရိုးရာ ၀တ်စုံထူကြီးနှင့် အံတုကာ ကျောင်းဝင်းတွင်း ၀င်လာသော ကချင်လူထု ခြေလှမ်းမှာ ပေါ့ပါးလန်းဆန်း တက်ကြွနေသည်။ ပွဲလာ ကချင်များမှာ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) အလံပါ ပုဝါကို လည်ပင်းတွင်စည်းထားသူ၊ လက်မောင်းတွင် စည်းထားသူ တွေနှင့် အလံပါ အင်္ကျီဝတ်ဆင်ထားသူများဖြင့် “ကျွန်တော်၊ ကျွန်မ ကချင်ပါ” ဟု ဂုဏ်ယူနေခြင်းဖြစ် ပေသည်။
ထို့ပြင် အလှူရန်ပုံငွေအဖြစ် ရောင်းချနေသည့် အင်္ကျီများပင် ကချင်အလံများဖြစ်နေသည်။ ယင်းပွဲ တာဝန်ကျသည့် KBC အဖွဲ့သားများလည်း အဖြူရောင် အင်္ကျီပေါ် အစိမ်းအနီ စပ်ကျား ကို ၀တ်ဆင်ထားကြ သည်။ ယင်း အစိမ်း၊ အနီ၊ အဖြူအရောင်တို့သည် ကချင်လူထု၏ အမှတ်အသား Image တစ်ခုလို ဖြစ်လာသည်ကိုလည်း မြင်တွေ့ရသည်။ အဆိုပါ ပုံရိပ်များသည် ကျွန်မ မှတ်ဉာဏ်တွင် သေသည့်အထိ စွဲကျန်ရစ်တော့မည်။
စဉ်းစားကြည့်ပေတော့ … ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီစမည့် အစီအစဉ်အတွက် နေ့လယ် ၁ နာရီမှ အဖွဲ့လိုက်၊ အစုလိုက် ဘုရားကျောင်းဝင်းတွင်း ကလေးသူငယ်က အစ အသက် ၉၀ ကျော် အဘိုး၊ အဘွားများ အလျှိုလျှိုဝင်လာကာ အမည်စာရင်းများ ပေးနေကြသည်။ သူတို့ မည်မျှလောက် ဤပွဲအတွက် စိတ်လှုပ်ရှားနေသည်မှာ အထင်းသား။
“Jinghpaw ni a Karai Kashang e” (ကချင်တွေရဲ့ ဘုရားသခင်ရေ…) ဟု အသက် ၆၀ ကျော်ခန့်ရှိသော အဘွားမှာ လက်သီး လက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။
“ဒီလောက်များတဲ့ ကချင်လူထုကို မြင်ရမယ်လို့ မထင်ထားမိဘူး။ ဘုရားက ဆုံဆည်းခွင့်ပေးတာပဲ” ဟု သူမကို တအံ့တသြကြည့်နေသည့် ကျွန်မကို ကချင်လို ဆိုလိုက်လေခြင်းဖြစ်သည်။
ညနေ ၅ နာရီခန့်မှာတော့ ဘုရားကျောင်း အတွင်း၊ အပြင်၊ အပေါ်၊ အောက်၊ လှေကား၊ ကားပါကင်နှင့် ဘုရားကျောင်းဝင်း အတွင်း လူအုပ်ပြည့်ကျပ်သွားသည်။ အဲဒီလောက်ပဲလား မဆိုထားနှင့်။ YJH အနောက်ကပ်လျက် အသစ်တည်ဆောက်နေသည့် သုံးထပ်အဆောက်အဦတွင်လည်း လူပြည့်နေသည်။ မိမိရပ်သည့်နေရာမှ လွဲ၍ မြေနေရာမကျန်တော့။ သူတို့ အားလုံးသည် ကချင်လူအုပ်ကြီးပင် ဖြစ်ပေလေသည်။
ထောင်၊ သောင်းမက လူအုပ်ကို မြင်ရတော့ စာရေးသူမှာလည်း လှိုက်လှိုက်လဲလဲ ၀မ်းသာပီတိဖြစ်မိပါသည်။
ထိုလူအုပ်သည် ဂျပ်ဆင်ကောလိပ် (Judson College) အမည်တွင်ခဲ့သော ဆရာကြီးယုဒဿန် (ဒေါက်တာအအို နာယမ်ဂျပ်ဆင်) မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာပြုရန် ရောက်ရှိလာသည့် အနှစ် ၂၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်သည်။ အဆိုပါပွဲမှာ စမ်းချောင်းမြို့နယ် ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း (YJH) တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပသွားခဲ့သည်။
ယင်းပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဦးစီးပြီး ပြည်တွင်း၊ ပြည်ပရှိ ကချင်နှစ်ခြင်းအသင်း သားများနှင့် LBC (Lhaovo) အသင်းသားများ၊ အခြား အသင်းသားများလည်း စုစည်းကာ YJH တွင် ကျင်းပခြင်းဖြစ်ကာ ကချင်လူထု စုစုပေါင်း တစ်သောင်း ၃ ထောင် ၀န်းကျင်ခန့် ပါ၀င်တက်ရောက်ခဲ့ကြောင်း KBC Mu Na Kyithkai Dap မှ သိရသည်။
အသက် (၂၄) နှစ်ရှိ ယုဒဿန် (ဒေါက်တာ ဂျပ်ဆင်) သည် မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာပြုရန် ဇနီးသည် အဲန်ဟေဇယ်တင်းနှင့်အတူ လွန်ခဲ့သည့် ၁၈၁၃ ခုနှစ်၊ ဇူလိုင် (၁၃) ရက်နေ့တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် (၃၇) နှစ်ကြာ ဧဝံဂေလိတရားတော်မြတ်ကို ဟောပြောသက်သေခံခြင်း၊ သမ္မာကျမ်းစာအား မြန်မာဘာသာသို့ပြန်ဆိုခြင်း၊ အင်္ဂလိပ်မြန်မာ အဘိဓာန်ကိုပြုစု ခဲ့သူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်နယ်မြေ၏ သမိုင်းဖြစ်စဉ်တစ်ခုတွင် ပါ၀င်သည့် ယုဒဿန်ကောလိပ် (ဂျပ်ဆင် ကောလိပ်)လည်း ဒေါက်တာအအိုနာ ယမ်ဂျပ်ဆင် အားဂုဏ်ပြုသောအားဖြင့် အမည်မှည့်ဆိုခဲ့ခြင်းဖြစ်သည်။
ဆရာကြီး ယုဒဿန်သည် ၁၈၅၀ ခုနှစ်၊ ဧပြီလတွင် ပြည်တော်ပြန်ရာ ရေလမ်းခရီး အက်ဒမန်ကျွန်းအနီး၌ ခေါ်တော်မှုခြင်းခံခဲ့ရသည်။
မြန်မာပြည်၏ နှစ်ခြင်းသာသနာ နှစ် ၂၀၀ ပြည့်ပွဲ ဟုဆိုလည်း မှားမည်မထင်ပေ။
ထိုပွဲတွင် ချီးမွမ်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း၊ ကောင်းကြီးတောင်းခံခြင်းနှင့် KBC သာသနာ အစီအစဉ် များ ပြောဆိုခြင်း စသည်အစီအစဉ်များ၊ သိက္ခာတော်ရ ဆရာကြီးများက ယုဒဿန်၏ အနှစ်ခံခဲ့သော သာသနာခရီးစဉ်အကြောင်းအရာများနှင့်အတူ နှုတ်ကပတ်တော် တိုက်ကျွေးခဲ့ကြသည်။ ယင်း သိက္ခတော်ရ ဆရာကြီးများထဲတွင် အသက် ၁၁၀ နှစ်ရှိ ပူတာအို မြို့နယ်၊ မချမ်းဘောမ် (Machyangbaw) မှ Rev. N-gawk Yaw က ယုဒဿန် နှစ် ၂၀၀ ပြည့် ဓမ္မသဘင်တွင် ကချင်လူထုအားလုံးကို ကောင်းကြီးပေးခဲ့လေပြီ။
Rev. Gunhtang La Myen ပြောတာကဖြင့် “တစ်သက်မှာ သုံးခါသာ ရေချိုးတဲ့ ကချင်တွေ ခုတော့ ပြောင်းလဲ နေပါပြီ” ဟု ခပ်ဘွင်းဘွင်း ပြောချလိုက်ပေသည်။ ဟုတ်မည်၊ မှန်နိုင်၏။ တောင်တန်းဒေသတွင် ထိတ်လန့်မှု တွေနှင့် ကြီးပြင်းလာခဲ့သော ကချင်တိုင်းရင်းသားများ ဆရာကြီး ယုဒဿန်ကြောင့် မျှော်လင့်ချက်များကား မြင့်မားလာခဲ့လေပြီ။
ဆရာကြီး မြန်မာပြည်ရောက် နှစ် ၂၀၀ ပြည့်အခမ်းအနားအား ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရား ကျောင်း တွင် ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) တွင်လည်း ဒီဇင်ဘာ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့သည်။
ကချင်လူထုမှာတော့ နေ့တိုင်းတစ်ပုံစံတည်း မနက်အစောကြီးထပြီး ချွေးတလုံးလုံးနှင့် ရွှေမြူးပေါ့ပါးစွာ ဟန်ကျပန်ကျဖြင့် မိုးစုပ်စုပ်ချုပ်သည့်အထိ ပွဲတက်ရောက်နေသည်။ ယင်းပွဲသည် မြန်မာပြည်အနံ့ မှီတင်းနေထိုင်နေကြသောကချင်များ၊ ပြည်ပနိုင်ငံသို့ရောက်ရှိနေသော ကချင်ဟု ဆိုသည့် တိုင်းရင်းသား များကို ပြန်လည်ဆုံတွေ့ခွင့်ပေးသော ပွဲတစ်ခုပင် ဖြစ်ပေတော့သည်။