မွန်ပြည်နယ်မူးယစ်ဆေးဝါး မိုးကြိုးစီမံချက်ဖြင့် တိုက်ဖျက်

မွန်ပြည်နယ်မူးယစ်ဆေးဝါး မိုးကြိုးစီမံချက်ဖြင့် တိုက်ဖျက်
by -
ရွှေဟင်္သာ

ဒုစရိုက်မှုများပြား လာသည့် မွန်ပြည်နယ်အတွင်း မူးယစ် ဆေးဝါး ပပျောက်ရေး အတွက် “မိုးကြိုး” ဟု အမည် ရသည့် စီမံချက် ချမှတ်ကာ အရေးယူ နိုင်ရေး အတွက်  ဆောင်ရွက်လျက် ရှိနေကြာင်း ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူး  ချုပ် ကျော် ဇံမြင့်က ပြောသည်။

“မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး တို့က ကြပ်မတ်လျက် ပြည်နယ်၊ ခရိုင်၊မြို့နယ် များအလိုက် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာ ကွယ်ရေး(မိုးကြိုး) စီမံချက် ရေးဆွဲ ချမှတ်ကာ အကောင်အထည် ဖော်လျက် ရှိကြောင်း” ယနေ့၌ ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန် အစည်း အဝေးတွင် ပြောကြား ခဲ့ပါသည်။

မွန်ပြည်နယ်တွင် မူးယစ် ဆေးဝါး ပြသနာ ထူပြော လာနေသည့် အတွက် ရေးမြို့နယ် မဲဆန္ဒ နယ်မှ မိမြင့်သန်းက မွန်ပြည်နယ်တွင် မူးယစ် အထူးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းရန်၊ လောင်းကစား မှုများ၊ မူးယစ် ဆေးဝါးများ နှင့် ချဲဒိုင် များအားထိရောက်စွာ ဖမ်းဆီးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း၍ မေးခွန်း မေးမြန်း ခဲ့ စဉ် ပြည် ထဲရေး ဒု-ဝန်ကြီးမှ အထက်ပါ အတိုင်း ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

“မိုးကြိုး” စီမံချက် အရ မော်လမြိုင် မြို့နယ်နှင့် သထုံ မြို့နယ် တို့တွင် တပ်စွယ် တစ်ဖွဲ့ဆီ ထားရှိကြောင်း၊ ထို့ပြင် မော်လမြိုင် မြို့နယ်နှင့် ရေးမြို့ တို့တွင် တပ်ဖွဲ့စု အမှတ် (၃၈)နှင့် (၃၉) တို့ကိုလည်း တိုးချဲ့ ဖွဲ့စည်း ချထားပြီး ဖြစ်ကြောင်း။ ၎င်း “မိုးကြိုး” စီမံချက်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇွန်လ ၁ ရက်နေ့ ကပင် စတင် အကောင်အထည် ဖော်နေကြောင်း ဒုဝန်ကြီးမှ ဆိုသွားခဲ့ပါသည်။

မွန်ပြည်နယ် ထဲတွင် မူးယစ် ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှု နှင့် လောင်းကစား မှုများ ထူပြောသည့် အပြင် တချို့ ချဲဒိုင် များနှင့် မူးယစ်ဆေးဝါး တွဲ ဖက်၍ လုပ်ကိုင် နေခြင်းများ လည်းမြို့နယ် များနှင့် ကျေးရွာ အဆင့်များ အထိပြန့်နှံ့ ခြင်းများ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ် မိမြင့်သန်း မှ ထောက်ပြ ၍ ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် မေးခွန်း မေးမြန်းခဲ့ပါသည်။

ယခင် ၂၀၀၀ ခုနှစ် အစပိုင်း၌ မွန်ပြည်နယ် အတွင်း မူးယစ် ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှုများ နှင့် ဆက်စပ်သည့် ဒုစရိုက် မှုများ နည်းပါး ခဲ့သော် လည်း ၂၀၀၈ ခုနှစ်မှ စ၍ ၂၀၁၀ နောက်ပိုင်း ကာလ များတွင် မူးယစ် ဆေးဝါး ပြသနာသည် အရေးတကြီး ကိုင်တွယ် ဖြေရှင်း ရမည့် ပြသနာ တစ် ရပ် ဖြစ် ခဲ့ ပါသည်။

မွန်ပြည်နယ် အတွင်း အသက် (၁၅) နှစ်မှ (၄၀) အရွယ် အထိ လူလတ်ပိုင်း များအကြား မူးယစ် ဆေးဝါး သုံးစွဲ သည်ကို တွေ့ရှိ ရပြီး အထူးသဖြင့် (၁၅) နှစ်မှ (၂၀) အတွင်း လူငယ် ပိုင်းများ၌ ပိုမို သုံးစွဲ သည်ကို တွေ့ရကြောင်း မွန်ပြည်သစ်ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

“ကျနော်တို့ အနေနဲ့ တိုက်ဖျက်ရေး လုပ်တယ်၊ ထိရောက်မှု အတိုင်း အတာက အကန့်အသတ် ရှိတယ်လေ၊ ကျနော်တို့က အစိုးရမှ မဟုတ်တာ၊ ဒါ့ထက်ကို ကျနော်တို့မှာ အခက် တွေ့တာက အဲဒီ ဆေးဆွဲ နေတဲ့ လူတွေကို ဖြတ်ဖို့ ၊ ပြန်လည် ပြုစုဖို့ ဘယ်လို တာဝန်ယူနိုင် မှာလဲ ဆိုတာမျိုး မေးခွန်း ထုတ်နေရတယ်” ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

မွန်ပြည်သစ် ပါတီ အနေဖြင့် မူးယစ် ဆေးဝါး တိုက်ဖျက်စဉ် ၌လည်း ၎င်းမူးယစ်ဆေး စွဲနေသည့် လူငယ် မိဘ များမှ မိမိတို့ သားသမီး များကို ပြန်လည် ထူထောင်ရေး လုပ်ပေးရန် လာရောက် အပ်နှံမှုများ ရှိလာပြီး လူပေါင်း (၂၀၀) ဝန်းကျင် ရှိကြောင်းနှင့် မိမိတို့ အနေဖြင့် ပြန်လည် ပြုစု ပျိုးထောင်ရေး လုပ်ငန်းစဉ်အား အကောင်အထည် မဖော်နိုင် သေးကြောင်း ဆိုပါသည်။ မိမိတို့ လက်ဆုပ် လက်ရ ဖမ်းမိသည့် သူများကိုသာ ဖမ်းဆီး အရေးယူ ထားမှုမျိုး ရှိသေးကြောင်း နိုင်ဟံသာဗွန်ခိုင်က ဆိုပါသည်။

အထူးသဖြင့် မွန်ပြည်နယ် အတွင်း မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် လောင်းကစားမှု များမှာ လက်နက်ကိုင် တပ်ဖွဲ့ များနှင့် ပတ်သက်မှုများ ရှိနေသဖြင့် ၎င်းအား ကိုင်တွယ် ရန်မှာ ပြည်နယ် အစိုးရ အနေဖြင့် အခက်တွေ့ နေခဲ့ပါသည်။

သို့သော်လည်း အစိုးရ အနေဖြင့် မူးယစ် ဆေးဝါး ပပျောက် ရေးကိုလည်း အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက် ချေမှုန်းရေး မဟာဗျူဟာ ကို ချမှတ် ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းမဟာ ဗျူဟာ အကောင် အထည် ပေါ်ရေး အတွက်လည်း အဖွဲ့ အစည်းများ ပြင်ဆင် ဖွဲ့့စည်း ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီးမှ ယနေ့ အစည်အဝေးတွင် ပြန်လည် ဖြေကြား ခဲ့ပါသည်။

အထူး သဖြင့် ယခင် ချမှတ် ထားသည့် (၁၅) နှစ်တာ မူးယစ် တိုက်ဖျက်ရေး စီမံကိန်း ကာလ ကုန်ဆုံး ခဲ့ပြီ ဖြစ်သော်လည်း မူးယစ် ဗဟို အစည်းအဝေး (၂/၂၀၁၂) က ငါးနှစ် ထပ်မံ တိုးမြှင့် ခဲ့သည့် အတွက်၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိကို ထပ်မံ၍ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး အရေးယူမှု အနေဖြင့် ၂၀၁၁ ခုနှစ်တွင်အမှု ၃၃ မှု၊ တရားခံ ကျား ၄၂ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၅၀ ဦး၊ ဆေးခြောက် ၃.၄၃ကီလို၊ စိတ်ကြွ ဆေးပြား ၁၀၁၉ ပြား၊ ဘိန်းစာရွက် ၀.၃၇၅ ကီလို၊ စုစုပေါင်း တန်ဖိုး ကျပ် ၆၁၅၈၇၅၀ ဖမ်းဆီး ရမိ ခဲ့ပါသည်။

၎င်းပြင် ၂၀၁၂ ခုနှစ်တွင် အမှု ၄၄ မှု၊ တရားခံကျား ၅၉ဦး၊ မ ၁၂ ဦး၊ ပေါင်း ရ၁ ဦး၊ ဆေးခြောက် ၁၅.၃၇ ကီလို၊ စိတ်ကြွဆေးပြား ၃၃၆၈ပြား၊ ဘိန်းစာရွက် ၂၂.၁၁ ကီလို၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၃၇၅၁၀၀၀ ကိုလည်း ဖမ်းဆီး နိုင်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၃ ခုနှစ် တွင်မူးယစ်ဆေးဝါးအမှု ၁၀၅ မှု၊ တရားခံကျား ၁၄၅ ဦး၊ မ ၂၃ ဦး၊ ပေါင်း ၁၆၈ ဦးဆေးခြောက် ၄.၅၁၇ ကီလို စိတ်ကြွ ဆေးပြား ၂၀၇၂၄၃ ပြား၊ ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်း ဆေးဝါး ၂၇၉ ပြား၊ စုစုပေါင်း တန်ဖိုးငွေကျပ် ရ၃၅၈၁၇၇၅ ကို ဖမ်းဆီး ရမိထားပြီး ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြား ခဲ့သည့် ဒု-ဝန်ကြီး၏ ဖြေကြားချက် များအရ သိရှိ ရပါသည်။