ပြည်သူ့လွှတ်တော်လစ်လပ်နေရာ(၃၇)နေရာနဲ့ အမျိုးသားလွှတ်တော် လစ်လပ်နေရာ(၆ နေရာနှင့်တိုင်း ဒေသကြီး လွှတ်တော်(၂) နေရာအတွက် ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က(၄၅)နေရာမှာ (၄၃)နေရာ ရရှိသွားတဲ့အတွက် ( ၉၆ )ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဆောင်းပါးပါအချက်အလက် နှင့် အာဘော်များသည် စာရေးသူ၏ သဘောထားများသာဖြစ်သည်။ သျှမ်းသံတော်ဆင့်၏ အမြင်သဘောထားမဟုတ်ပါ။
အပိုင်း(၁)
ပြည်သူ့လွှတ်တော်လစ်လပ်နေရာ(၃၇)နေရာနဲ့ အမျိုးသားလွှတ်တော် လစ်လပ်နေရာ(၆ နေရာနှင့်တိုင်း ဒေသကြီး လွှတ်တော်(၂) နေရာအတွက် ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က(၄၅)နေရာမှာ (၄၃)နေရာ ရရှိသွားတဲ့အတွက် ( ၉၆ )ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့သူကြံ့ဖွံ့ပါတီရဲ့အရှုံးကတော့ အလွန်ပဲ ရှက်စရာ ကောင်းတဲ့ အရှုံးတစ်ခု လို့ဆိုရမှာပါ။ အခြားယှဉ်ပြိုင်တဲ့ပါတီများ နှင့်ယှဉ်လျင် ငွေကြေးအမြောက်အများ သုံးစွဲနိုင်တဲ့ပါတီဖြစ်သလို လက်ရှိ အာဏာရပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီကို ပြည်သူလူထုက လုံးဝယုံကြည် မှုမရှိ၊ မထောက်ခံဘူး ဆိုတာ ပြသလိုက်တာဖြစ် တယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့်ကြားဖြတ်ရွေး ကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရဲ့ရှက်ဖွယ်လိလိအရှုံးကို ပြန် လည်ဆန်းစစ်ကြည့် လိုက်ရင် ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း၊ အပြောင်းအလဲလုပ်လို သော ပြည်သူများကို မစည်းရုံးနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။
ပါတီအတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း
နေ့စဉ်အင်တာနက် သတင်းတွေမှာပါရှိနေတဲ့ ကြံ့ဖွံ့ပါတီအကွဲအပြဲသတင်းတွေအရ ပါတီဝင်အချင်းချင်း စည်းရုံး မှုရှိအောင် မလုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ အစိုးရအဖွဲ့အတွင်းနေရာမရတဲ့ ကြံ့ဖွံ့အမတ် တွေက နေရာရနေတဲ့ သူတွေကို မကျေ မနပ်ဖြစ်ပြီး တိုက်ခိုက်နေမှုတွေဟာ ပြည်သူလူ ထုရဲ့ယုံကြည်မှုကို ကျဆင်းစေတဲ့ အဓိကအချက်ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကွဲအပြဲကတော့ သမ္မတကြီးကိုတောင် ကြံ့ဖွံ့ပါတီရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဦးရွှေမန်းကိုယ်တိုင် Political Challenge လုပ်ခြင်းဖြစ် ပါတယ်။
အထူးသဖြင့် ကြံ့ဖွံ့ပါတီ ဒုတိယဥက္ကဌ ဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင် အရှားပုံဖော်ပြီး လွှတ်တော်အတွင်းပြုမူ၊ ပြောဆိုလှုပ်ရှားမှုများက လူပြိန်းကြိုက်အစိုးရကို ဝေဖန်ပြစ်တင်သလို ဖြစ်နေ ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ရဲ့စွမ်းဆောင်မှု၊ အောင်မြင်မှုများသည် ကြံ့ဖွံ့ပါတီအပေါ်တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိမှာဖြစ်သလို လက်ရှိ အစိုးရအဖွဲ့ အားနည်းချက်များဖြစ်ပေါ်လာခဲ့ရင် ပြည်သူများ ကြံ့ဖွံ့ပါတီကို အပြစ်မြင်ကြမှာဖြစ်ပါတယ်။ လွှတ်တော်အသံ၊ ပြည်သူ့အသံဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ကြံ့ဖွံ့ပါတီကနေဖြစ်လာတဲ့ လွတ်တော်အမတ်မင်း အချို့ကလက်ရှိ အစိုးရအဖွဲ့အကြပ်အတည်း၊ အခက်အခဲဖြစ်စေတဲ့ အဆိုပြုချက်များတင်သွင်း နေခြင်းဟာ မိခင်ကြံ့ဖွံ့ပါတီ အတွင်း စည်းလုံးညီညွတ်မှုမရှိဘူးဆိုတာကို ထင်ရှားပြတ်သားစွာ ဖော်ပြသလို ဖြစ်နေပါတယ်။
ဒါ့အပြင် လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီမှ တိုင်းနှင့်ပြည်နယ် တာဝန်ခံများနှင့် အတွင်းရေးမှူးများက လည်း မဲဆွယ်စည်းရုံး ရေးကာလမှာ စည်းရုံးရေးအလုပ်တွေကို ဖိဖိစီးစီးလုပ်ရမဲ့အစား ပြည်နယ်၊ တိုင်း ဒေသကြီးအစိုးရ အဖွဲ့တွေရဲ့ အားနည်းချက်တွေ ကိုစောင့်ကြည့်ပြီး ထိုးနှက်တိုက်ခိုက်ဖို့အတွက်သာ အားသန်နေခဲ့ကြတယ်လို့ လေ့လာသူများကဆိုပါတယ်။ တစ်ဦးနဲ့တစ်ဦး မြွေမြွေချင်းခြေမြင်ဆိုသလို စည်းလုံးမှုမရှိပဲ တိုက်ခိုက်နေတဲ့ အကျိုးအမြတ်တွေရဲ့ ရလာဒ်ကတော့ မီဒီယာများမှာတိုင်စာတွေ ပလူပျံလာခဲ့ပါတယ်။ တိုင်စာတွေကလည်း အနီးစပ်ဆုံး မှန်ကန်နေပြီး လူတန်း စားအသီးသီးဆီသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ရောက် ရှိခဲ့ပါတယ်။
ဒါကြောင့်ပြည်သူအများစုဟာ ကြံ့ဖွံ့ပါတီကို မကျေနပ် ချက်တွေရှိလာပြီး အတိုက်အခံပါတီများက ကြံံ့ဖွံ့ပါတီ ကိုဖြိုခွဲစရာမလိုပဲ သူတို့အချင်းချင်း ပြိုကွဲလျက်ရှိနေတယ်ဆိုတာ အထင်အရှားမြင်တွေ့ ကြားသိနေရပါတယ်။ ဒီမိုကရေစီရဲ့ လွတ် လပ်မှုကို အခွင့်ကောင်းယူပြီး တစ်ယောက်နဲ့ တစ်ယောက်ရင့်ကျက်မှုမရှိဘဲ အတိုက်အခိုက် လက်သီးပုန်းတွေ သုံးနေကြတာဟာ ပါတီစည်းလုံးညီညွှတ်မှုကို မတည်ဆောက်နိုင်တာကြောင့် ဖြစ်ရတာပါ။ ပါတီအတွင်း စည်းလုံးညီညွှတ်မှုကို မတည်ဆောက်နိုင်ဘဲ ပါတီပြင်ပကို စည်းရုံးနိုင်ဖို့ဆိုတာ မဖြစ်နို်င်ပါဘူး။ ဒါကြောင့် ပါတီရှုံးရခြင်းရဲ့ အကြောင်းအရင်းကလည်း ပါတီတွင်းစည်းလုံးညီ ညွှတ်မှု မရှိခြင်းဟာအဓိကအချက်ဖြစ်ပါတယ်။
မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း
ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ အစိုးရမှမီဒီယာများအား လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း အပေါ် ယခင်စစ် အစိုးရလက်ထက် က ဆန့်ကျင်ဘက်လုပ်ခဲ့တဲ့ မီဒီယာတွေအားလုံး NLD ပါတီ ဘက်ကို ကူးပြောင်းခဲ့ကြပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ ဂျာနယ်၊ မဂ္ဂဇင်း များနှင့် ပြည်ပအခြေစိုက် အင်တာနက်မီဒီယာများ အပါအဝင် အနောက်နိုင်ငံ အသံလွှင့်ဌာန များမှ NLD ပါတီကို ပြည်သူလူထုမှ အုံးအုံးကြွက်ကြွက်ဖြစ် လာအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါတယ်။
မီဒီယာများအပြင် နိုင်ငံအနှံ့က မြို့ပေါ်ကျေးလက်ပါမကျန် အားလုံးသိကြတဲ့အနုပညာရှင်တွေက NLD ဖျော်ဖြေ ရေးအသွင်စည်းရုံး မဲဆွဲတာဟာလည်း ကြံ့ဖွံ့ပါတီကို အားလျော့စေခဲ့ပါတယ်။ ဒီနေရာမှာ နောက်ကွယ်က ဆရာကြီးတွေရဲ့ မီဒီယာလွှမ်းမိုးမှုအပေါ် NLD မှ ထိရောက်စွာအသုံးချနိုင်ချိန်မှာ ကြံ့ဖွံ့ပါတီအနေနဲ့ မီဒီယာတုံ့ပြန်နိုင်မှု လုံးဝမပြုလုပ်နိုင်ဘူး ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
NLD ပါတီဟာ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသိရှိနိုင်စေရန် အတွက် ဗြိတိသျှသံရုံး အကူအညီနဲ့ ဒီလှိုင်းဂျာနယ်ကို အရှုံးခံထုတ်ဝေခဲ့ပါတယ်။ အလားတူပဲ အနောက်အုပ်စုမှ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထောက်ပံ့ကြေး အမျိုးမျိုးကိုရယူထားတဲ့ ပြည်တွင်း၊ ပြည်ပ ပုံနှိပ်မီဒီယာ လောကနဲ့ အီလက်ထရောနစ် မီဒီယာလောကက သတင်းသမား၊ အတင်း စကားတွေကို အစီအမံရှိရှိ အကွက်ကျကျနဲ့ NLD ကို ဝိုင်းဝန်းပုံဖော်ပေးခဲ့ကြပါတယ်။
ကြော်ငြာကို စိတ်ဝင်စားတဲ့ မြန်မာလူမျိုးများ ရဲ့ပင်ကို ဓလေ့စရိုက်အရဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဂျာနယ်တွေဟာ ရောင်းအားတက်ခဲ့သလို ဖွင့်လိုက် သမျှ ရေဒီယိုအသံလှိုင်းများမှာလည်း သူတို့အသံ သူတို့အကြောင်းတွေကိုသာ အမြဲတမ်းကြားသိနေရပါတယ်။ ဒီလိုအခြေအနေ ဒီလိုအချိန်မျိုးမှာ ကြံ့ဖွံ့ ပါတီကတော့ ပါတီလှုပ်ရှားမှုသတင်းစဉ်လေးတောင် မထုတ်ဝေနိုင်ခဲ့ပါဘူ။
တစ်ခါတစ်လေ မီဒီယာစာမျက်နှာမှာတွေ့ရတဲ့ ကြံ့ဖွံ့ပါတီရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကလည်း ပါတီကလုပ်ပေးတာလား အစိုးရကလုပ်ပေးတာလားမကွဲပြားပဲ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်နိုင်တာ မရှိပါဘူး။ လုပ်ပေးခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်း ကိုယ်ကျိုးစီးပွား ရှာခြင်းများရှိသလို ကြံ့ဖွံ့ပါတီကလုပ်ပေးခြင်းကို ပြည်သူအများနား လည်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။
အထူးသဖြင့်မှ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများကို အသေးအဖွဲပါမကျန် နာရီစဉ်အလိုက် စက္ကန့်မခြား မီဒီယာများမှ ထုတ် လွှင့်ဖော်ပြနေတဲ့အချိန်မှာ ကြံ့ဖွံ့ကအချို့အမတ်မင်းများရဲ့ မကောင်းသတင်းတွေကတော့ မီဒီယာ များမှာ အနံ့မခံချင်လောက် အောင် ပုတ်ပွနေခဲ့ပါတယ်။ အလားတူကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဖို့ တာဝန်ပေး ထားတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများရဲ့ အားနည်းချက် သတင်း၊ လာဘ်စားတဲ့သတင်းတွေကို စုစည်းပြီး ကိုယ့်ပေါင်ကိုပြန်ထောင်းခဲ့ကြပါတယ်။
မီဒီယာများမှာပါလာတဲ့ ကြံ့ဖွံ့ ပါတီနဲ့ပတ်သက်တဲ့သတင်းတွေကို ဖြေရှင်းချက်မပေးခဲ့သလို ပါတီမှလုပ်ပေးနေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် မီဒီယာကိုအသုံး မချနိုင်ခဲ့တာက ကြီးမားတဲ့ အားနည်းချက် ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ပါတီနဲ့ ကြံ့ဖွံ့ပါတီရဲ့မီဒီယာလှုံ့ဆော်နိုင်မှုကို နှိုင်းယှဉ် လိုက်ရင် ကြံ့ဖွံ့ပါတီ အနေနဲ့ အကြီးအကျယ် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။
သာမာန်ပြည်သူတစ်ယောက်ဟာ သူရွေးချယ်ရမဲ့ NLD ပါတီကိုယ်စားလှယ်ရဲ့ လုပ်ရည်ကိုင်ရည်၊ အကျင့်စာရိတ္တ၊ နိုင်ငံရေး အတွေ့ အကြုံတွေကို သိစရာမလိုပဲ ခွပ်ဒေါင်းကို အမှန်ခြစ်ခဲ့ကြတာကို ဆန်းစစ်ကြည့်လိုက်ရင် မီဒီယာကိုအသုံးချ သွားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်ကြောင့်ဖြစ်ပါတယ်။
ဒါ့ကြောင့် ယခုကြားဖြတ်ရွေးကောက်ပွဲမှာ မီဒီယာရဲ့အရေးပါမှုကို ထင်ထင်ရှားရှားမြင်ခဲ့ရသလို နိုင်ငံရဲ့ စတုတ္ထ မဏ္ဍိုင်ကို NLD က ကိုင်လှုပ်သွားနိုင်ခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့မူဝါဒအပြောင်းအလဲကြောင့် အစိုးရမီယာတွေက ကြံ့ဖွံ့ ပါတီကို မပံ့ပိုးပေးနိုင်တော့တာကို ပါတီတာဝန်ရှိသူတွေက မေ့လျော့နေခဲ့ကြပါတယ်။ ပါတီအနေနဲ့ ကိုယ်ပိုင်မူ ကိုယ်ပိုင် ဟန်တွေနဲ့ မီယာဒီလှုံ့ဆော်မှု ပြုလုပ်နိုင်ခြင်း မရှိသလို လုပ်ရကောင်းမှန်း မသိသလိုပဲ ဖြစ်နေခဲ့ကြပါတယ်။ ဒါ့ကြောင့်မို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီရဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်းရဲ့ ဒုတိယအရေးကြီးအချက်ကတော့ မီဒီယာ လှုံ့ဆော်မှု အားနည်းခြင်းဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီဘာ့ကြောင့် ရှုံးရတာလဲ၊ ဘာဆက်လုပ်မှာလဲ
အပိုင်း(၂)
အပြောင်းအလဲလုပ်လိုသော ပြည်သူများကို မစည်းရုံးနိုင်ခြင်း
ပြည်သူလူထုဟာ အပြောင်းအလဲလုပ်လိုကြပြီး တစ်ပါတီစနစ်ကို မကြိုက်ကြဘူးဆိုတာ ၁၉၉၀ ရွေးကောက်ပွဲမှာ အားလုံးသိကြပြီး သားပါ။ ဒါကိုယခင်စစ်အစိုးရက ရိပ်မိတာကြောင့် ပြည်သူတွေလိုလားတဲ့ အရပ်သားဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားအစိုးရရဲ့ အစိုးရသက်တမ်း တစ်နှစ်အတွင်း ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် လက်ရှိအစိုးရအဖွဲ့ကို ယခင်စစ်အစိုးရရဲ့ လွှမ်းမိုးမှုကတော့ အထိုက်အလျောက် ရှိနေဆဲပါပဲ။
လက်ရှိအာဏာရပါတီဖြစ်လာခဲ့တဲ့ ကြံ့ဖွံ့ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မှုအပေါ်မှာ ယုံကြည်မှုလွန်ကဲခဲ့တယ် လို့ဆိုရ မှာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက စစ်တပ်အုပ် ချုပ်တာကိုမလိုချင်လို့ အရပ်သားအသွင် အုပ်ချုပ်မှုကို မဲပေးခဲ့ကြ ပါတယ်။ မဲပေးခဲ့တဲ့ပြည်သူတွေက သူတို့ မဲပေးရွေးချယ်ခဲ့တဲ့ လက်ရှိအာဏာရပါတီအတွင်းမှ အုပ်ချုပ်သူတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို စောင့်ကြည့် ခဲ့ကြပါတယ်။ ဒီလိုစောင့်ကြည့် နေချိန်မှာ ကြံ့ဖွ့ံပါတီက အစိုးရအဖွဲ့အတွင်း ရောက်ရှိသွား တဲ့ဝန်ကြီးများ၊ လွှတ်တော်အတွင်းရှိနေတဲ့ စစ်အစိုးရလက်ထက် ကဝန်ကြီးဟောင်း အမတ်မင်းများရဲ့ အကျင့်ပျက်ခြစားမှု သတင်းများဟာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထု အတွင်း ပျံ့နှံ့ခဲ့မှုဟာ ကြံ့ဖွံ့ပါတီအပေါ် အရိပ်မဲကြီးဖြစ်နေခဲ့ပါတယ်။
ဒါ့အပြင် ကြံ့ဖွံ့ပါတီ ပြည်နယ်၊ တိုင်းစည်းရုံးရေးတာဝန်ခံများဟာ ယခင်စစ်အစိုးရဝန်ကြီးဟောင်းများဖြစ်ခဲ့ပြီး အချို့ဝန်ကြီးဟောင်း များကို ပုဂ္ဂိုလ်ရေးအရ ဒေသခံပြည်သူများက လက်ခံခြင်းမရှိခဲ့ပါဘူး။ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ အဲဒီဝန်ကြီးဟောင်းများရဲ့ ယခင် အကျင့်ပျက်ခြစားမှုများကို လက်ရှိကြံ့ဖွံ့ပါတီ တာဝန်ရှိသူများက မသိခြင် မမြင်ခြင် ယောင်ဆောင်နေပေမဲ့ ပြည်သူအများစုကတော့ အလွန်ပဲအော့နှလုံးနာလျက်ရှိပါတယ်။ ဒါကြောင့်လည်း ကြံ့ဖွံ့ပါတီသာ အနိုင်ရခဲ့ရင် ယခင်လို လာဘ်စားတဲ့ဝန်ကြီးများ နေရာပြန် ရသွားမလားဆိုတဲ့ ပြည်သူတွေရဲ့စိုးရိမ်မှုက သူတို့ရဲ့သဘော ထားကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီရဲ့ အမှားများစွာထဲက အဆိုးရွားဆုံးအမှားကတော့ ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ကိုယ်ကျိုးစီးပွားရှာမှု၊ နယ်မြေအလိုက် စည်းရုံးရေးတာဝန်ပေးထားတဲ့ ပြည်သူ့ ဆက်ဆံရေးတာဝန်ခံများရဲ့ မောက်မာ မှုပဲ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီကခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များဟာ ရပ်ရွာကောင်းကျိုးထက် သူတို့ရဲ့ ကိုယ် ကျိုး စီးပွားအတွက်သာ လုပ်နေခြင်းများကြောင့် ကြံ့ဖွံ့ပါတီအပေါ် ပြည်သူလူထုထောက်ခံမှု ကျဆင်းလျက်ရှိပါတယ်။
အထူးသဖြင့် ရပ်ကွက်၊ ကျေးရွာတွေမှာ စည်းရုံးရေးမှူး (ပြည်သူ့ဆက်ဆံရေးတာဝန်ခံ)အဖြစ် တာဝန်ပေးထားသူများဟာ ပြည်သူ လူထုကို ရင့်သီး မောက်မာစွာ ဆက်ဆံမှု၊ နိုင်လို မင်းထက်ပြုမှုများကြောင့် အောက်ခြေလူတန်းစားအလွှာမှာ ကြံ့ဖွံ့ပါတီကို မုန်းတီး နာကြဉ်းနေပြီး NLD နောက် လူထုပါ သွားခြင်းဖြစ်ပါတယ်။ ဒီလိုပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေကို အချိန်မှီပြုပြင် နိုင်ခြင်းမရှိသလို ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်များကလည်း ပြည်သူတွေကို ထိတွေ့စည်းရုံးမှု အားနည်းခဲ့ပါ တယ်။
NLD ကတော့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်ကတည်းက လူတန်းစားအလွှာအသီးသီးကိုစတင်စည်းရုံးလှုပ်ရှား ခဲ့တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း ပြည်သူလူထုကိုထိတွေ့ နေချိန်မှာ ကြံ့ဖွံ့ပါတီက ပြည်သူလူထုနဲ့ကင်းကွာသွားခဲ့ပါတယ်။ ပါတီမပြောင်းလဲခင် အသင်းတုန်းကလုပ်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးတွေ ကို ပါတီပြောင်းလဲလိုက်ချိန်မှာ သိသိသာသာလျော့ချလိုက်တာ မူဝါဒ အမှားလို့ ထင်မြင်မိပါတယ်။
ဗဟိုက ဦးစီးချုပ်ကိုင်တဲ့ပုံစံနဲ့ဝင်ပြိုင်လို့ တစ်ချို့နယ်မြေတွေမှာ ကြံ့ဖွံ့ကိုယ်စားလှယ်တွေကို ဒေသခံမဲဆန္ဒရှင်တွေက မသိတာများ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို ကြံ့ဖွံ့ပါတီကို မဲပေးမယ်ကြလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး NLD ကို အထင် သေး ခဲ့ကြပါတယ်။
မဲပေးခဲ့တဲ့မဲဆန္ဒရှင်များဟာ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကိုသာကြည့်ပြီး NLD ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့စိတ်ကြောင့် NLD ပါတီရဲ့ကိုယ်စားလှယ်လောင်း ဘယ်သူဘယ်ဝါ၊ စွမ်းဆောင်ရည်ကို မစဉ်းစားမသုံးသပ်ကြ တော့ဘဲ NLD ကိုမျက်စိမှိတ်ပြီး မဲပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ရဲ့အမတ်လောင်းတွေထဲမှာ စန္ဒာမင်းတို့လို လူမှုရေး ဖောက်ပြန်သူများ ဇေယျာသော်လို ဘိန်းစားများဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်နဲ့ မဲအသာစီးရခဲ့တာ အထူးအဆန်း တော့မဟုတ်ပါဘူး။
အပြောင်းအလဲတွေပေါ်မူတည်ပြီး NLD ပါတီ နေရာပေါင်းစုံကနေ တက်ညီလက်ညီ လှုပ်ရှားစည်းရုံးနေချိန်မှာ ကြံ့ဖွံ့ပါတီက အပြောင်းအလဲလုပ်လိုတဲ့ ပြည်သူလူထုကို မစည်းရုံးနိုင်ခဲ့လို့ ထောက်ခံမှုကျဆင်းခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလေးပါ။ မဲရလဒ် တွေအရ အပြောင်းအလဲဖြစ်ရင်ပြီးရောဆိုပြီး မျက်စိမှိတ် မဲပေးခဲ့ကြတာကိုကြည့်ရင် ပြည်သူ လူထုကအပြောင်းအလဲကို လိုလားနေ တယ်ဆိုတာ တတိယအရေးကြီးဆုံးအချက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
ဘယ်သူမှာတာဝန်ရှိသလဲ
မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စိတ်နေသဘောထားအရ သူရဲကောင်းကို လေးစားတဲ့စိတ်က အလိုလိုရှိပြီးသားပါ။ ဗိုလ်ချုပ်အောင် ဆန်းဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက သိရှိထားကြသလို မီဒီယာတွေနဲ့ နိုင်ငံတကာ ပုံရိပ်တွေကြောင့် NLD ပါတီရဲ့ Icon ဟာဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါတယ်။ NLD ရဲ့ Icon က ဒေါ်အောင်ဆန်း စုကြည်ဖြစ်သလို ကြံခိုင်ရေးပါတီရဲ့ Icon ကဘယ်သူလဲ လို့ မေးလာလိုက်ရင် ဘယ်သူဘယ်ဝါမှန်း ကွဲကွဲပြားပြား မသိရ ပါဘူး။ ပါတီကို ဦးဆောင်ပေးနေတဲ့ Icon ဆိုတာ ဦးရွှေမန်းလား၊ ဦးဌေးဦးလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပဲ သို့လော သို့လော ဖြစ်နေပါတယ်။
ဒုဥက္ကဌတာဝန်ယူထားတဲ့ ဦးရွှေမန်းကရော ဘာလုပ်နေလဲ? ပါတီအောင်နိုင်ရေး အတွက် ဦးရွှေမန်း ဘယ်လိုနည်းဗျူဟာတွေ ချမှတ်ခဲ့ပါသလဲ? ပါတီစည်းရုံးရေးအတွက် ဘာတွေလုပ်ခဲ့ပါသလဲ? ပါတီတွင်းစည်းလုံး ညီညွှတ်မှုမရှိတာကို မသိခဲ့တာလား၊ မသိချင်တာလား?ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဦးရွှေမန်းကိုယ်တိုင် ပြောဆိုလုပ်ကိုင်နေတာတွေဟာ ကြံ့ဖွံ့ပါတီတွင်း စည်းလုံးညီညွှတ်မှု မရှိဘူးဆိုတာကို ပြည်သူ လူထုကို ပြောပြနေသလိုဖြစ်နေပါတယ်။
NLD ပါတီရဲ့ Icon ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ခွပ်ဒေါင်း ဖြစ်သလို ဦးရွှေမန်းသာအမှန်တကယ် သတ္တိရှိ တယ်ဆိုရင် ကြံ့ဖွံ့ပါတီ ရဲ့ Icon ဟာလည်း ဦးရွှေမန်းနဲ့ခြင်္သေ့ ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင် ရွေးကောက်ပွဲရှုံးခဲ့ရင်တော့ ပါတီတာဝန်ရှိသူက ပါတီကနေနှုတ်ထွက်ပေးရတယ်ဆိုတာလေ့လာသိရှိ ရပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှက်ဖွယ်ကောင်း လောက်အောင်ရှံုး ရခြင်းအတွက် ရဲရင့်ငယ် ၀ဘ်ဆိုက်မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် ကောင်းကင်မင်းသား မေးသလို အဘမန်း ဘာလုပ်မှာလဲ အဘမန်းဘယ်လဲ လို့ မေးလိုက်ချင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီရဲ့ပြုပြင်ပြောင်းလဲခြင်းများကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့လုပ်မယ်ဆိုရင် ကြံ့ဖွံ့ပါတီစည်းလုံးမှုကို ပြိုကွဲနိုင်တဲ့ အပြုအမူအပြောအဆိုများကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ တာဝန်အရလွှတ်တော် အနေနဲ့ အစိုးရအဖွဲ့ကို ထောက်ပြဖို့ လိုအပ်လာရင် လူပြိန်းအကြိုက် လက်တန်းမပြောပဲ မဟာဗျူဟာကျကျ စဉ်းစားတွေး ခေါ်ပြီး ပြောသင့်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအလွန် လာမဲ့လွှတ်တော်သက်တမ်းအတွင်း အစိုးရအဖွဲ့ကို ဖိအား ပေးလာမဲ့ NLD က အင်အားစုတစ်ခု ရောက်လာတော့မှာဖြစ်တဲ့အတွက် လွှတ်တော် ဥက္ကဌကြီး အနေနဲ့ အစိုးရအဖွဲ့အား ပုတ်ခတ်ပြောဆိုတိုက်ခိုက်ခြင်းများကို ဦးဆောင်ဦးရွက်မပြုပဲ သတိထားရပါမယ်။ မိခင်ကြံ့ဖွံ့ပါတီ ဒုဥက္ကဌတစ်ယောက် အနေနဲ့ ပြည်သူလူထုအကျိုးစီးပွား မထိခိုက်ပဲ ပါတီရဲ့ဂုဏ်သိက္ခာ၊ ပါတီရဲ့စည်းလုံးညီညွတ်မှုတို့ကို ထိန်းညှိလုပ်ဆောင် သင့်ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျဆင်းခဲ့တဲ့ ကြံ့ဖွံ့ပါတီဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ ပါတီအတွင်း သန့်ရှင်းရေးအတွက် ပါတီအတွင်း နာမည်ဆိုးနဲ့ကြော်ကြားသူတွေကို ပြတ်ပြတ်သားသားရှင်းလင်း ဖယ်ထုတ်ပြီး မရှု့မလှ ရှုံးနိမ့်မှုအတွက် တာဝန်အရှိဆုံး ဒုတိယဥက္ကဌကြီးအနေနဲ့လည်း နုတ်ထွက်သင့်ကြောင်း ဝေဖန်ချက်များ ကျယ်ကျယ် ပြန့်ပြန့် ရှိနေပါတယ်။ ဒါကြောင့်၂၀၁၅ ရွေးကောက်ပွဲအကြို ပါတီရဲ့ ပုံရိပ်(Image)ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြံ့ဖွံ့ပါတီအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများကို ဘယ်လိုချမှတ်မလဲဆိုတာ စောင့်ကြည့်ကြရပါတော့မယ်။