ပန်လုံကို မီးကုန်ယမ်းကုန် အသေသတ်ခြင်း

ပန်လုံကို မီးကုန်ယမ်းကုန် အသေသတ်ခြင်း
by -
ဝပြည်သား တာ့အိုက်ကား

သမိုင်းဝင်ဂီတစာဆို နိုင်ငံကျော်သီချင်းရေး ဆရာကြီးဒေါက်တာ စိုင်းခမ်းလိတ် ၁၉၆၉ ခန့်က ရေးစပ်သီကုံးသော ပန်လုံစာချုပ် (လိက်ဟို့မ်မိုင်ပန်လုံ) သျှမ်းသီချင်းကို ပြည်တွင်းပြည်ပ သျှမ်းလူမျိုးအတော်မျာများ ...

သမိုင်းဝင်ဂီတစာဆို နိုင်ငံကျော်သီချင်းရေး ဆရာကြီးဒေါက်တာ စိုင်းခမ်းလိတ် ၁၉၆၉ ခန့်က ရေးစပ်သီကုံးသော ပန်လုံစာချုပ် (လိက်ဟို့မ်မိုင်ပန်လုံ) သျှမ်းသီချင်းကို ပြည်တွင်းပြည်ပ သျှမ်းလူမျိုးအတော်မျာများ ကြားဖူးကြ ၏။ တောရောမြို့ပါ  မကြာခဏ ဆိုလေ့ဆိုထရှိကြသည်မှာ လူငယ်လူလတ်ပိုင်း ခပ်များများဖြစ်၏။ နိုင်ငံကျော် ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်က ထိုပန်လုံ စာချုပ်သီချင်းကို တောင်ကြီးစင်မြင့်ပေါ်တက်ဆိုမိသဖြင့် ထောင်ဒဏ် ၂ နှစ်ခန့်ကျခဲ့ဖူးသည်။

ဆရာစိုင်းခမ်းလိတ် ရေးစပ်၍ စိုင်းဆိုင်မောဝ်သီဆိုသော အနှီပန်လုံစာချုပ်သီချင်းထဲမှ စာသားတစ်ကြောင်းတွင် “ ပန်လုံစာချုပ် ဘယ်ရောက်သွားပြီလဲ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပါသွားပြီလား” ဟုဆိုထား၏။ ရန်ကုန် ဗိုလ်ချုပ်ပန်းခြံရှေ့ရှိ ဗိုလ်ချုပ် ကြေးရုပ်အပေါ်ကုတ်ကပ်တက်ပြီး ဟိုနှိုက်ဒီနှိုက် လိုက်စမ်းနေသူ ခေါင်းပေါင်း ဘိုသီ ဘတ်သီ သျှမ်းဘောင်ဘီခါးတောင်းကျိုက် လူတယောက်အားမြေပြင်ပေါ်မှ  ပုဆိုးဝတ် လူတစ်ယောက်က “ ဘာရှာနေတာလဲ” ဟူသောအမေးကို “ပန်လုံ စာချုပ်ဗိုလ်ချုပ်နဲ့ အတူပါသွားသလားလို့” ဟုဖြေဆိုသည့် (၁၉၆၀-၆၁ ရန်ကုန်သက္ကသိုလ် သျှမ်းလူငယ်စာစောင်ပါ) ကာတွန်းမှ အိုင်ဒီယာကိုရ၍ ဆရာစိုင်းခမ်းလိတ်သီချင်းစပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြားဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပန်လုံစာချုပ်ပါသွားသည်ဟူသောအဓိပ္ပါယ်ကို ဤသို့နားလည်ခံယူ၏။ ပန်လုံ သဘော တူညီချက်အတိုင်း အကောင်အထည်ဖေါ် နိုင်စေရန် gentleman agreement နှင့်တကွကတိကဝဋ် ပေးပြီး (ဗမာ ခေါင်းဆောင်များကိုယ်စား) လက်မှတ်ရေးထိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းအား မဟာဗမာဝါဒီတို့က ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ် လိုက်သကဲ့သို့ လက်ဖြင့်ရေးထိုးခဲ့သော ပန်လုံစာချုပ်ကိုလည်း ခြေဖြင့် ဖျက် လိုက်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကို သတ်သလို ပန်လုံစာချုပ်ကိုပါ သတ်လိုက်သော သဘောဖြစ်သည်။

မဟာဝါဒီဗမာနာဇီတို့သည် ဗိုလ်ချုပ်ကို (နယ်ချဲ့အင်္ဂလိပ်နှင့် ဂဠုံ ဦးစောတို့ အပေါ် လုံးဝစွပ်စွဲအပြစ်ပုံချပြီး) ကာယကံ မြောက်အသေပစ်သတ်ခဲ့သည်သာမက နောက်ပိုင်း၌လည်း အကြိမ်ကြိမ်အခါခါလိုက်သတ်လာ၏။ နိုင်ငံသုံး ငွေစက္ကူပေါ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံကို အသေသတ်ခဲ့သည်မှာ ဗိုလ်နေဝင်းမဆလခေတ်နှောင်ပိုင်းမှ နဝတခေတ်နှင့်ယနေ့အထိဖြစ်သည်။ ဗိုလ်ချုပ်၏သမိုင်း ပုံရိပ်၊ မွေးနေ့၊ အခဏ်းကဏ္ဍ၊ တပ်မတော်ဖခင်ရုပ်သွင် ဓါတ်ပုံများကို တစိုက်မတ်မတ်အသေသတ် လာခဲ့သည်။

ပန်လုံစာချုပ်ကို အခါခါအထပ်ထပ်အသေသတ်လာခဲ့သည့် သမိုင်းဖြစ်ရပ်မှန်များကိုအောက်ပါအတိုင်း မျက်ဝါး ထင်ထင် တွေ့မြင်ရ၏။

၁၉၄၇ ဦးနု၊ ဦးကျော်ငြိမ်းနှင့်အခြားမဟာဗမာဝါဒီတို့က ဥပဒေပညာရှင်ဦးချန်ထွန်းအား တပြည်​ထောင်/ ဖက်ဒရယ် ရောပြွမ်းလုံးထွေးထားသည့် ဖာတပိုင်းငါးတပိုင်း ဖွဲ့စည်းပုံရေးဆွဲခိုင်းပြီး အတည်ပြု ပြဌာန်းလိုက်ခြင်းမှာ ပန်လုံသဘောတူညီ ချက်ကိုကြောခိုင်း သွေဖယ်လိုက်ခြင်းဖြစ်၏။ ၁၉၅၀-၅၂ ခုမှစ၍ တရုပ်ဖြူ KMT ကျူးကျော်မှု အကြောင်းပြကာ သျှမ်းပြည်သို့ ဗမာစစ်တပ်အလုံးအရင်း ပို့ဆောင်လိုက်ခြင်း၊ KMT မရှိသည့် နေရာဒေသများ၌လည်း ယနေ့တိုင် အခြေချတပ်စိုက်လာခြင်းတို့သည် ပန်လုံ ကတိကဝဋ်ကို လုံးဝစော်ကားလိုက်ခြင်းဖြစ်၏။ ထိုသို့ ပန်လုံစာချုပ်ကို ချောင်ထိုးထားလိုက်ခြင်းမှာ ပန်လုံ လည်ပင်းကို ဖျစ်ညှစ်သည့်အလား ပထမအကြိမ် အသေသတ်လိုက်ခြင်းဖြစ်သည်။
၁၉၅၈ စစ်ဝါဒီ မဟာဗမာဗိုလ်နေဝင်းက ဦးနုထံမှ (အိမ်စောင့်အစိုးရနာမည်ခံဖြင့်) အနုကြမ်းစီးအာဏာသိမ်းပြီး သျှမ်းပြည်သို့ တပ်အင်အားထပ်မံဖြည့်တင်းတိုးချဲ့၏။ ထိုလုပ်ရပ်မှာလည်း ပန်လုံသဘောတူညီချက်အပေါ် ဖုတ်လေတဲ့ငါးပိ လုပ်လိုက်ခြင်းဖြစ်၏။

၁၉၅၉ ကျွန်သခင်စနစ်၊ မြေရှင်စနစ်မှ ခေတ်သစ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် မွန်မြတ်သောစေတနာဆန္ဒဖြင့် သျှမ်းပြည်စော်ဘွားများ သျှမ်းပြည်အစိုးရထံအာဏာစွန့်ခဲ့ကြ၏။ တောင်ကြီး၌ပြုလုပ်သော ထိုအာဏာစွန့်ပွဲကို သျှမ်းပြည်ပန္နက်ချပွဲဟု ဗိုလ်နေဝင်းတို့ အပေါ်ယံ ရွှေမှုန့်ကြဲခေါ်တွင်သော်လည်း (မလိုအပ်သော) ဗမာစစ်တပ်၏ လက်နက်အင်အားပြပွဲကား သျှမ်းပြည်အကြီးအကဲများ အာဏာလက်မဲ့ဘဝ ပြောင်းလဲကျရောက်မှုပေါ်အအောင်ပွဲခံ လိုက်သည့် ပြယုဂ်ဖြစ်၏။ သျှမ်းပြည်ခေါင်းဆောင်များ အဆွယ်ကျိုး အဆိပ်အိုးမဲ့လုပ်နိုင်မှုအပေါ် အောင်သေ အောင်သားစားပြပြီး သေနတ်ထောက်၍ထောက်ပံ့ငွေပေးဝေခဲ့၏။ သျှမ်ပြည် လူထု အထင်မှားစေရန် စော်ဘွားများတိုင်းပြည်ရောင်းစားသည်ဟု နာမည်ဖျက်တဖက်လှည့် အပုပ်ချသတင်းလွှင့်ခဲ့၏။ တောင်တန်းဒေသများ သည် အခြားကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနည်းတူ အခွင့်အရေးရရှိစေရန်ဟူသော စာချုပ်အချက် ရ ချက်အားအရုပ်ဆိုး အကျည်းတန်စေခြင်းမှာ ပန်လုံကို တတိယအကြိမ် အသေသတ်လိုက်ခြင်းဖြစ်သည်။

၁၉၆၂ ဗိုလ်နေဝင်းဦးဆောင်သော ဗမာစစ်တပ်က ဒုတိယအကြိမ် (အကြမ်းဖက်လက်နက်အားကိုး) အာဏာသိမ်းခြင်း၊ ဗမာ့နိုင်ငံရေးသမား၊ တိုင်းရင်းသား ခေါင်းဆောင်များအား အစုလိုက် ဖမ်းဆီး ထောင်ချခြင်းတို့သည် ၁၉၄၇ ဖွဲ့စည်းပုံနှင့် ပင်လုံစာချုပ်ကို ချေမွတက်နင်းပြလိုက်ခြင်းဖြစ်၏။ ပန်လုံစာချုပ်သည် ထိုစဉ်က သျှမ်း၊ ချင်း၊ ကချင်၊ ဗမာ ၄ နယ်မြေ ပြည်ထောင် ပြိုင်တူလွတ်လပ်ရေးနှင့် ပြည်ထောင်စု ထူထောင်ရေးအတွက်သသောတူညီချက်ဖြစ်၏။ ၎င်းသဘော တူညီချက်များအတိုင်း မည်သူများက မည်သို့မည်ပုံအကောင်အထည်ရမည်၊ ဗဟိုအစိုးရနှင့် ပြည်နယ်များဘယ်လို အာဏာခွဲဝေကြရမည် စသော ၁၉၄၇ ဖွဲ့စည်းပုံကို ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းပုံဖြစ်ပေါ်စေရန် ၁၉၆၁ ဂျွန်လ၌ တောင်ကြီးမြို့တွင် ပြည်နယ်ပေါင်းစုံ ညီလာခံကြီးကျင်းပခဲ့ကြ၏။ ဗဟိုအစိုးရနှင့်လုံးထွေးထားသည့် ဗမာပြည် ခေါင်းဆောင်များမှလွှဲ၍ ရ ပြည်နယ်ခေါင်းဆောင်များ အကြေအလည် ဆွေးနွေးကြပြီး ဖက်ဒရယ်မူကို သဘောတူဆုံးဖြတ်ခဲ့ကြ၏။ အဆိုပါ တောင်ကြီးညီလာခံကို ဒုတိယပန်လုံ၏ နောက်ဆက်တွဲ (သို့) တတိယပန်လုံ ဟုလည်း ခေါ်နိုင်၏။ အဆိုပါ သဘောတူညီချက်နှင့် ဖက်ဒရယ်မူကို မဟာဗမာစစ်ဝါဒီတို့က လုံးဝ ပစ်ပယ်ကျောခိုင်း ခဲ့သည်။ လေးကြိမ်နှင့်ငါးကြိမ်မြောက်ပန်လုံကိုသေသတ်လိုက်ခြင်းဖြစ်သည်။

၁၉၇၄ မဆလတပါတီအာဏာရှင်စနစ် ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌာန်းလိုက်ခြင်း ကား ချေမွတက်နင်း ပြီးသား ပင်လုံစာချုပ်ကို ထပ်မံစုပ်ဖြဲပစ်သည်နှင့်တူသည်။ ခြောက်အကြိမ်မြောက် ပန်လုံကို အသေသတ် လိုက်ခြင်းဖြစ်သည်။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကို ရက်စက်စွာနှိပ်ကွပ်၍ ဗိုလ်စောမောင် ဗိုလ်သန်းရွှေတို့ တတိယအကြိမ် (ကျောင်းသား ပြည်သူ ရဟန်းရှင်လူ ထောင်နှင့်ချီပစ်သတ်ပြီး) အာဏာသိမ်းခြင်းမှာ စုပ်ဖြဲနင်းချေခံခဲ့ရသည့် စာချုပ်ကို ထပ်မံမီးရှို့ပစ်သကဲ့သို့ဖြစ်၏။ စိန်ရွှေ ရတနာထက် တန်ဖိုးထိုက်သည့် သမိုင်းဝင်စာချုပ်ကို မစင်ပုပ် အလား မြေမြှပ်ပစ် သည့်သဘောဖြစ်၏။ ခုနှစ်အကြိမ်စာချုပ်ကိုအသေသတ်လိုက်ခြင်းဖြစ်သည်။

၂၀၁၀ ၎င်းတို့၏ လမ်းပြမြေပုံ ရ ဆင့်အတိုင်း စစ်အာဏာရှင်အလိုကျနားဂစ်ဖွဲ့စည်ပုံကို ဗိုလ်သန်းရွှေစစ်အုပ်စုက အတည်ပြုပြဋ္ဌာန်း၏။ တပြည်ထောင်စနစ် အနှစ်သာရအပြည့်အဝ ရေးဆွဲ ထားသောအရေခြုံပြည်ထောင်စုစနစ်ကို လွတ်တော်ခေါ်ယူခြင်း၊ သမ္မတရွေးခြယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတို့ဖြင့် တဇွတ်ထိုးအကောင်အထည်ဖေါ်နေ၏။ ဤနောက်ဆုံးဖြစ်ရပ်ကား ပန်လုံစာချုပ်ကို အဓမ္မသမိုင်းထိန်ဝှက် ဖောက်ဖျက်လိုက်ခြင်းဖြစ်၏။ မည်သူက မည်သို့မျှ မလှစ်ဟမထုတ်ဖေါ် နိုင်စေရန် အပြီးတိုင် ပြည်ဖုံးကားချနေခြင်းဖြစ်၏။ ရှစ်ကြိမ်မြောက်နောက်ဆုံး ပင်လုံစာချုပ် ကို အသေသတ်နေခြင်းဖြစ်သည်။
ပန်လုံစိတ်ဓါတ်နှင့် ရည်မှန်းချက်ကို မဆလ၊ နဝတ၊ နအဖ မဟာဗမာဝါဒီစစ်အုပ်စု အဆက်ဆက် ထိပ်သီးကြီးများ မည်သို့ အကြိမ်ကြိမ် အသေသတ်သတ်- ပန်လုံကားမသေ။ ပန်လုံကိုအသေသတ်အမြစ်ဖြတ်ရန် အများဆုံး ကြိုးစားအားထုတ်ခဲ့သူ စစ်အာဏာကြီး ဗိုလ်နေဝင်းတယောက် အသေဆင်းရဲစွာ အနိစ္စရောက်ခဲ့ရပြီ။ ထိုသင်္ခဏ်းစာ ကို အမှတ်သင်္ညာမထားဘဲ ဆက်လက် ကြိုးစားနေသူ စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေလည်း ပန်လုံ မသေဘဲ ၎င်းသည်သာ မဝေးတော့သော အနာဂတ်၌ သေပွဲဝင်ရမည်ဖြစ်သည်။

ပန်လုံကိုအသေသတ်လေ ပန်လုံက ရှင်သန်လေ၊ ပန်လုံအသံကျယ်လောင်လာလေဖြစ်၏။ အကြောင်းသော်ကား ပန်လုံသည် သာ ပြဿနာ၏ ဇစ်မြစ်၊ ပန်လုံဖြင့် ဖွင့်လှစ်ဖြေရှင်းမှသာ ပြေလည်နိုင်သောကြောင့်ပင်။ပန်လုံသည် သာ အမှန် တရား အဓမ္မ အင်အား။ အာဏာရှင်တို့၏ ဓါးမိုးကြီးစိုးမှုကို ပန်လုံက တွန်းလှန်ဖယ်ရှားအံ့။ ဗမာ စစ်အာဏာရှင်တို့၏ တပြည်ထောင်စနစ်ကို ပန်လုံကသာ ဖက်ဒရယ်ဖြင့်အစားထိုးအံ့။တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများ ကန့်သတ်ချုပ်ခြယ်ခံရသည့်အရေခြုံ ပြည်ထောင်စု စနစ်မှတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖယ်ဒရယ်စနစ်သို့ ကူးပြောင်းနိုင်ရန်မှာပန်လုံသာရှိသောကြောင့် တည်း။

ဝပြည်သားတာ့အိုက်ကား (၁၃-၃-၂၀၁၁)