မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ သျှမ်းလူမျိုးစုများကို ကိုယ်စားပြု ယှဉ်ပြိုင်အရွေးခံမည့် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ကျားဖြူသတင်းလွှာကို ယခုလဆန်းပိုင်းတွင် စတင် ထုတ်ဝေလိုက်သည်။
ကျားဖြူအမှတ်တံဆိပ်နှင့် ထုတ်ဝေလိုက်သည့် ထိုပါတီသတင်းလွှာ စာစောင်သည် စာမျက်နှာစုစုပေါင်း ၁၂ မျက်နှာပါရှိပြီး၊ သျှမ်း၊ ဗမာ ဘာသာစကား ၂ မျိုးဖြင့် ထုတ်ဝေဖြန့်ချိသည့်အပြင်၊ စောင်ရေစုစုပေါင်း ၃၀၀၀ ဖြင့် စတင်ထုတ်ဝေလိုက်ပြီဖြစ်သည်။
ထို့အပြင် စာစောင်တခုကို မြန်မာကျပ်ငွေ ၃၀၀ နှုန်းသတ်မှတ်ထားပြီး တလ ၂ ကြိမ်ပုံမှန် ထုတ်ဝေ သွားမည်ဟုလည်း သိရသည်။
စာစောင်တွင် အဓိက ပါတီသဘောထား၊ မူဝါဒများနှင့် လှုပ်ရှားမှုများကို ထည့်သွင်းဖော်ပြထားသည်။
ကျားဖြူပါတီဟု လူသိများလျက်ရှိသောသျှမ်းပါတီမှာ SNDP ဖြစ်သည်။
သျှမ်းတိုင်းရင်းသားများ ဟုဆိုရာ၌ ပြည်ထောင်စုမြန်မာနိုင်ငံအနှံ့အပြားတွင်နေထိုင်သော သျှမ်းမျိုးနွယ်စုများ အားလုံးကို ကိုယ်စားပြု ကြောင်း ယခုလ ၁ ရက်နေ့ထုတ် ကျားဖြူသတင်းလွှာတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
ကျားဖြူ အဓိပ္ပါယ်မှာ သျှမ်းတိုင်းရင်းသားများအား ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေရန် အစစ အရာရာတိုးတက် ကြီးပွားစေရန် ကာကွယ်စောင့်ရှောက်ပေးကြောင်း မိရိုးဖလာယုံကြည်လာသည့်အတွက် ကျားဖြူအမှတ်တံဆိပ်ကို အသုံးပြုရခြင်း ဖြစ်သည်ဟုဆိုသည်။
ရှေးအစဉ်အဆက် တိုင်းပြည်ထူထောင်လာခဲ့သော သျှမ်းဘုရင်၊ သျှမ်းအာဇာနည်များသည် “ကျား”ဘွဲ့ခံမင်းများ အများအပြားပါ၀င်၏။ သျှမ်းဘုရင်၊ သျှမ်းအာဇာနည်များအား ရိုသေလေးစားခဲ့သည့်အစဉ်အလာမှစ၍ သျှမ်းမျိုး နွယ်စုများ ဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးစေလိုကြောင်း ကျားဖြူသခင်မှ ကာကွယ်စောင့်ရှောက်ပေးရန် ဘိုးဘွား များ တိုင်တည်ဆုတောင်းလေ့ရှိသည်။
ကျား (ဆေ) ဆိုသည်မှာ တောဘုရင်တိရိစ္ဆာန်ကိုဆိုလိုခြင်းမဟုတ်ကြောင်း၊ ရှေးခေတ် တပ်မတော်ဖွဲ့စည်းပုံတွင် “ဆေ” အဆင့်ရှိသူသာ စစ်တပ်အားလုံးအပေါ် ကွပ်ကဲအုပ်ချုပ်လေ့ရှိကြောင်း၊ ယခုခေတ်စကားအရ စစ်သေနာ ပတိချုပ် ဖြစ်ကြောင်း ရှင်းလင်းရေးသားထားသည်။
ပါတီအလံ၏ အစိမ်းရောင်မှာ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ အနီရောင်မှာ ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ နိုးကြားခြင်း၊ အဖြူရောင်မှာ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ရိုးသားခြင်း အဓိပ္ပါယ်ဆောင်၏။
SNDP သည် ဧပြီ ၈ ရက် ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ရာ မေ ၃ ရက်တွင် တည်ထောင်ခွင့်ရသည်။ မေ ၁၈ ရက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး မေ ၂၆ ရက်တွင် ခွင့်ပြုချက်ရရှိသည်။
ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်း (နမ့်ခမ်း)၊ ဒုဥက္ကဋ္ဌမှာ စိုင်းဆောင်သီ (ကျောက်မဲ) တို့ဖြစ်ပြီး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထူထောင်ခဲ့သည်။ ကျားဖြူပါတီကို ပါတီခေါင်းဆောင် ၁၅ ဦးဖြင့် ဖွဲ့စည်းထူထောင်ခဲ့၏။ ပါတီဌာနချုပ်ကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဥက္ကဌာပမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။
ယခုအခါတွင် ပါတီရုံးခွဲများကို သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များဖြစ်သည့် နမ့်ခမ်း၊ မူစယ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျေးသီး၊ မိုးနဲ၊ ကျိုင်းတုံနှင့် မိုင်းပြင်းမြို့နယ် အသီးသီးတွင် ဖွင့်လှစ်ထားရှိသည်။
အလားတူ ကချင်ပြည်နယ်၊ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် စသည့် မြို့နယ်များတွင် ပါတီ အလုပ် အမှုဆောင် အဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့သည်။ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ မချမ်းဘော၊ မြစ်ကြီးနား၊ ဖားကန့်၊ ၀ိုင်းမော်၊ မန်စီ၊ ဗန်းမော်နှင့် မိုးမောက် ၁၀ မြို့နယ်တို့တွင် SNDP ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မန္တလေးတိုင်း မိုးကုတ်မြို့တွင်လည်း ပါတီရုံးခန်း ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် နေထိုင်ကြသော သျှမ်းတိုင်းရင်းသား လူဦးရေ စုစုပေါင်း ၆ သန်းကျော်ကြောင်း သိရသည်။ ၁၉၉၂ ခုနှစ် စာရင်းများအရ မန္တလေးတိုင်းတွင် သျှမ်းတိုင်းရင်းသား ဦးရေ ၈၈,၀၀၀ ကျော်နှင့် စစ်ကိုင်းတိုင်းတွင် ၁၈၀,၀၀၀ ကျော်ရှိသည်ဟု ဆို၏။
တိုင်းဒေသကြီးလွတ်တော်တွင်သျှမ်းရေးရာ ၀န်ကြီးတစ်ဦးကျရရှိနိုင်ချေရှိသဖြင့် ၀န်ကြီးနေရာအတွက် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီသတင်းစဉ်က ဆိုသည်။
တနိုင်ငံလုံးအတိုင်းအတာအရ ၀င်ရောက်ယှဉ်ပြိုင်မည့် ကျားဖြူပါတီအနေဖြင့် ပါတီဝင် တထောင်ကို စည်းရုံးကာ စာရင်းကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ယခုအခါတွင် မြို့နယ်ရုံးခွဲအသီးသီးမှ ပါတီဝင် အင်အားစာရင်း ပေးပို့လျက်ရှိရာ ပါတီဝင် တထောင်ကျော်တော့မည်ဟုလည်း သိရသည်။
ကျားဖြူသတင်းလွှာတွင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူများအနေဖြင့် မိမိတို့အပေါ် အုပ်ချုပ်မည့်သူကို ရွေးချယ် ပိုင်ခွင့် သို့မဟုတ် ငြင်းဆိုပိုင်ခွင့် ဟူသည့်အခွင့်အလမ်းရရှိစေခြင်းပင်ဖြစ်သည်ဟုလည်း စာလုံးကြီးဖြင့် ရေးသား ထားသည်။
ဒီမိုကရေစီအတိုက်အခံများသည် ရွေးကောက်ပွဲ၌ ဇွဲလုံ့လမလျှော့ဘဲ ပါ၀င်ယှဉ်ပြိုင်သင့်ကြောင်း၊ ရရှိလာသော အခွင့်အရေးများကို လက်လွတ်အဆုံးရှုံးမခံသင့်ကြောင်းလည်း စာရေးသူနှစ်ဦးက တိုက်တွန်းထားသည်။
ရွေးကောက်ပွဲသည် နိုင်ငံရေးသုံးမျိုးအနက် လွှတ်တော်နိုင်ငံရေးဖြစ်ကြောင်း၊ ထို့ကြောင့်အခြေခံဥပဒေအတွင်းမှ ပေးလာသည့်အခွင့်အရေးများအား မည်ကဲ့သို့အထိရောက်ဆုံးအသုံးချမည်ကို စဉ်းစားသင့်ကြောင်း စိုင်းနေမင်း ဆိုသူ ကလည်း “အကယ်၍ ဒီမိုကရေစီအတိုက်အခံများသည် ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိလျှင် ပေးလာသည့်အခွင့်အရေး၊ မိမိတို့ရရှိနိုင်သည့်နေရာ အနေအထားတရပ်ကို လက်လွတ် ဆုံးရှုံးခံလိုက်ရသည့် အပြင် တဖက်အင်အားစုကို အနိုင်ရစေရန် ခွင့်ပြုလိုက်သကဲ့သို့ဖြစ်နေပေလိမ့်မည်” ဟု သူ၏အမြင်ကို ပြောဆိုရေးထားသည်။
ကျားဖြူသတင်းလွှာ
မိမိတို့ပြည့်ဝစွာအခွင့်အရေးရမှ ရွေးကောက်ပွဲပါ၀င်ယှဉ်ပြိုင်မည်ဆိုသော အတွေးအခေါ်မရှိသင့်ကြောင်း စိုင်းဟိုပုံးက ထမင်းဖိတ်ကျွေးခြင်းနှင့် ဘောလုံးပွဲဖြင့် နှိုင်းယှဉ်ပြထားသည်။
မိမိတို့ ဗိုက်ဆာနေချိန်တွင် တစ်ဦးတစ်ယောက်က စေတနာရှိသယောင်နှင့် ထမင်းဖိတ်ကျွေးခဲ့လျှင် ၀င်စား သင့်သည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ဖိတ်ကြားပါစေ မိမိတို့အင်အားရှိပြီး အနာဂတ်ကို မျှော်မှန်း ကြည့်နိုင်ရန် ကျွေးမွေးသော အစာကို စားသုံးသင့်သည်။ အသားငါးဟင်းလျာကောင်းကောင်းရှိမှ စားမည်ဆိုလျှင် ဆာလောင် မွတ်သိပ်မှုကို မဖြေဖျောက်နိုင်သည့်အပြင် ပေးလာသောအခွင့်အရေးကိုလည်း လက်လွတ်ဆုံးရှံုးမည်ဖြစ်သည်။
နာမည်ကြီးဘော်လုံးအသင်းက ကိုယ်ပိုင်ကွင်း၊ ဒိုင်လူကြီး၊ စည်းကြပ်ဒိုင်ဖြင့် ပရိသတ်ရှေ့တွင် ဘောလုံးကန်ရန် စိန်ခေါ်ခဲ့လျှင် မိမိတို့ဝင်ပြိုင်သင့်သည်။ ၀င်မကန်၊ မပြိုင်ရသေးဘဲ ရှုံးမည်ဟုတွက်ထားလျှင် မိမိတို့ ညံ့ရာကျမည်။ ရဲရင့်သတ္တိဖြင့်ဝင်ပြိုင်လျှင် မျှော်လင့်ချက်ရှိနိုင်သေးသည် ဟုလည်း ၎င်းတို့အာဘော်ကို ရေးသားထားသည်။
ထို့အပြင် စာရေးသူက ပရိသတ်ဆိုသည်မှာလည်း လူအမျိုးမျိုး စိတ်အထွေထွေ အခြေအနေ အသွယ်သွယ် ရှိသည်။ မိမိတို့သာ ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် သူ့ဒိုင်လူကြီး၊ သူ့ ပရိသတ်လည်း မိမိတို့အပေါ် ဂရုဏာသက်ပြီး မိမိတို့ဖက်ပါလာနိုင်သည်။ ထို့ကြောင့်ဇွဲလုံ့လမလျှော့သင့်ကြောင်း တိုက်တွန်းထားသေးသည်။
စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် SNDP ကြိုးစားနေစဉ်မှာပင် ၂၀၀၅ ခုနှစ်က၊ သျှမ်းပြည်အတိုင်ပင်ခံဖွဲ့စည်းသည်ဟု စွပ်စွဲခံရပြီး သျှမ်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးခွန်ထွန်းဦးအပါအဝင် ၈ ဦးတို့ ယနေ့ထိတိုင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရဆဲဖြစ်သည်။