မြန်မာနအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂျူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး၊ နှစ်နိုင်ငံစီးပွားရေး၊ လုံခြံုရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတူ စာချုပ် ၅ ခုကို အင်္ဂါနေ့က ချုပ်ဆို....
မြန်မာနအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဂျူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး၊ နှစ်နိုင်ငံစီးပွားရေး၊ လုံခြံုရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတူ စာချုပ် ၅ ခုကို အင်္ဂါနေ့က ချုပ်ဆိုလိုက်ကြောင်း အိန္ဒိယနိုင််ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည့် နှစ်နိုင်ငံပူးတွဲ ကြေငြာချက်က ဆိုသည်။
နှစ်နိုင်ငံနယ်စပ်တို့တွင် ခိုအောင်းလှုပ်ရှားနေကြသည့် လက်နက်ကိုင်သူပုန်၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ရေး ကိစ္စတို့တွင် ပူးတွဲနှိမ်နင်းရေး၊ အိန္ဒိယနိုင်ငံက ကူညီပေးမည့် ဖွံဖြိုးရေးလုပ်ငန်းငယ်များအပြင်၊ သတင်း အချက်အလက် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ စသည့် လုပ်ငန်းများအတွက် ဆွေးဆွေး ခဲ့ကြပြီးနောက် နားလည်မှုစာခွန်လွှာ အသီးသီး ထိုးခဲ့ကြသည်။
လွန်ခဲ့သည့် ၂၀၀၄ ခုနှစ် အောက်တိုဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်၊ အပြန်အလှန်အားဖြင့် အိန္ဒိယဖက်မှလည်း ၂၀၀၆ ခုနှစ် မတ်လတွင် သမ္မတ Dr. APJ Abdul Kalam ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင်မူ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးပိုမို နီးကပ်လာပြီး ၎င်း နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်မှုများ ရှိခဲ့သည်။
အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် မြန်မာတို့၏ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်မည်ဆိုပါက ထိုအချိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသော လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့သည်။
အိန္ဒိယအစိုးရသည် အဆိုပါ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအား တက်ကြွစွာ အားပေးထောက်ခံခဲ့ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုများအား အကြမ်းဖက်နှိပ်ကွပ်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးမှာ အေးစက်သည့် အသွင်ဆောင်ခဲ့ သည်။
သို့သော် ၁၉၉၃ ခုနှစ် နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေး စတင်ပြောင်းလဲလာသည်။ မြန်မာနယ်စပ် တစ်လျှောက် လှုပ်ရှားနေသည့် အရှေ့မြောက်သူပုန်များအရေးနှင့် နအဖအပေါ် မဟာဗျူဟာပြိုင်ဘက် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးလာသည်ကို စိုးရိမ်သောကြောင့်ဟု ဆိုကာ အိန္ဒိယသည် ၁၉၉၃ ခုနှစ်မှစ၍ နအဖနှင့် နီးကပ်စွာ ဆက်ဆံမည့် အရှေ့မျှော်ဟု ဆိုသော နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲကျင့်သုံးလာသည်။
အဆိုပါ အရှေ့မျှော်မူဝါဒ ပြောင်းလဲကျင့်သုံးချိန်မှစ၍ အိန္ဒိယအစိုးရသည် နအဖနှင့် ဆက်ဆံရေး ကောင်းမွန်ရန် အထူးကြိုးပမ်း အားထုတ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး အားပေးထောက်ခံမှုများကို သိသိသာသာ ရေငုံနှုတ်ပိတ် နေခဲ့သည်။
အိန္ဒိယ၏ ပြိုင်ဘက် တရုတ်သည် မြန်မာစစ်အစိုးရနှင့် အထူးနီးကပ်စွာ ဆက်ဆံနေသောကြောင့် ၎င်းနှစ်နိုင်ငံစလုံးက နအဖ နှင့်ဆက်ဆံရေး ကောင်းမွန်ရန် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ပထဝီအနေအထားအရ အဆိုပါ အင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံကြား တည်ရှိနေသည့် မြန်မာနိုင်ငံအတွက် ပြောင်းလဲ လိုက်သော အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်းနှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ရေး ကစားကွက်ထွင်ရန် မြန်မာအစိုးရအနေဖြင့် အခွင့်အလမ်း ရရှိလိုက်ခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီရေးလှုပ်ရှားသူများအား ရက်စက်စွာနှိပ်ကွပ်၍ လူ့အခွင့်အရေးချိုးဖေါက်နေသော နအဖသည် အနောက်အုပ်စု နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရလင့်ကစား အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ထောက်ခံမှုနှင့် သံတမန်ရေး အကာအကွယ်ပေးမှုများ ရရှိနေသောကြောင့် အပြံုးမပျက် ရှိနေသည်။
တနည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများအား တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများကို ကြားခံထား၍ သံတမန်ရေး ခံစစ်သဖွယ် အသုံးချနေခြင်းသာဖြစ်သည်။
သို့သော် ယခုအခါ နအဖ၏ သံတမန်ရေးခံစစ်မှာ တစတစ ယိုင်လဲလာနေသည်ဟု ဆိုရမည် ဖြစ်သည်။ မကြာမီက ဗီယက် နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နအဖအဖို့ တစ်ခါမှမျှော်လင့်မထားသော အာဆီယံ ခေါင်းဆောင်များ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများအားလုံး ပါ၀င်နိုင်ရေး တွန်းအားပေးမှုများကို နားနှင့်မဆန့်အောင် ခံခဲ့ရသည်ဟု ဆိုသည်။
ယခင်က အာဆီယံနိုင်ငံအများစု မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်လာလျှင် ပြည်တွင်းရေးဖြစ်သည်ဆိုကာ ရေငုံနှုတ်ဆိတ်နေခဲ့ကြသည်။
သို့သော် လတ်တလောက တရုတ်နိုင်ငံခေါင်းဆောင်များကလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့မြင်လိုပါကြောင်း နအဖထံ ပြောကြားမှုများရှိသည်ဟု ဆိုသည်။
ထိုသို့ဖြစ်လာရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ အာရှနိုင်ငံများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ သဘော ထားပင်ဖြစ်သည်။
ယနေ့ဆိုလျှင် တရုတ်နိုင်ငံက ကန့်ကွက်ထားသည့်ကြားမှပင် အမေရိကန်နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံသည် ရန်လို နေသော မြောက်ကိုးရီးယားအပေါ် တုန့်ပြန်သည့်အနေဖြင့် တရုတ်ရေပိုင်နက်အနီးရှိ ဂျပန် ပင်လယ်ပြင်နှင့် ပင်လယ်ဝါ ဒေသ တို့တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။
အမေရိကန်သည် တောင်ကိုးရီးယားအပေါ် မဟာမိတ်ထက်ပိုသော ညီနှောင်သဖွယ် ဆက်ဆံရေး ထားရှိခြင်းကိုပြသလိုက်ခြင်းဖြစ်ပြီး ယခုစစ်ရေး လေ့ကျင့်မှုသည် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုသမိုင်းတွင် ထူးခြားမှုအရှိဆုံး ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင် နောက်ဆုံးပေါ် တိုက်လေယာဉ်များ ဗုံးကျဲ လေယာဉ်များ၊ ဖျက်သင်္ဘော လေယာဉ်တင် သဘောင်္ စစ်အသုံးအဆောင်ပစ္စည်းများ အပြင် တာဝေးပစ်ဒုံးကျည် ထောင်ပေါင်းများစွာလည်း ပါ၀င်ကြောင်း သိရသည်။
ယခုအချိန်တွင် တောင်ကိုးရီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့ နောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ပုံမှန်ထက် ထူးခြားမှုရှိသော ယခု စစ်ရေးလေ့ကျင့်မှုဖြင့် အချက်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ မြောက်ကိုးရီးယာက စစ်ပွဲဆင်နွဲမည်ဆိုပါက အမေရိကန် အနေဖြင့် အသင့်အနေအထားရှိကြောင်း ပြသနေသည့် သဘောတရားလည်း သက်ရောက်ပေသည်။
ထိုနည်းတူ မြန်မာစစ်အစိုးရသည် မြောက်ကိုးရီးယားနှင့်ပူးပေါင်း၍ နျူးကလီးယား လက်နက်များထုတ်လုပ်ရန် ကြိုးပမ်းအားထုတ်မှုအပေါ် အမေရိကန် အနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက အာဆီယံအစည်းအဝေးတွင် အဆိုပါကိစ္စအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သေးသည်။
ယခုအဖြစ်အပျက်များနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွေသည် အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ၊ ဂေါတမဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဒေသတွင် လည်ပတ်ခဲ့သည့်အပြင် နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သည်ဟု သတင်းများက ဆိုသော်လည်း အမှန်မှာ နအဖ၏ ယိုင်နဲ့လာသည့် သံတမန်ရေးခံစစ် နောက်ကွယ်မှ မြန်မာစစ်အာဏာရှင်ကြီး၏ လှုပ်ရှားမှုနောက်ဆက်တွဲအဖြစ် ပုံဖေါ်ကြည့်နိုင်မည် ဖြစ်သည်။