ဓညဝတီ ဘူးသီးတောင်မှသည် ဧရာဝတီ မြောင်မြဆီသို့

ဓညဝတီ ဘူးသီးတောင်မှသည် ဧရာဝတီ မြောင်မြဆီသို့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဦးမြတ်ထွန်းဟာ ဘင်္ဂလာဒေချ့် အခြေစိုက် နိရဥ္စရာ သတင်းဌာနကို သတင်းပေးပို့တဲ့ စွပ်စွဲချက်နဲ့ ၂၀၀၉ ခုနှစ် မတ်လမှာ မောင်တော- ဘူးသီးတောင် ကားလမ်းပေါ်မှာ ရှိတဲ့ ဗျူဟာဂိတ််မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပါတယ်

(ဦးမြတ်ထွန်းပြောတဲ့ ထောင်တွင်း အတွေ့အကြံု )

နိဒါန်း
-----
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဦးမြတ်ထွန်းဟာ ဘင်္ဂလာဒေချ့် အခြေစိုက် နိရဥ္စရာ သတင်းဌာနကို သတင်းပေးပို့တဲ့ စွပ်စွဲချက်နဲ့ ၂၀၀၉ ခုနှစ် မတ်လမှာ မောင်တော- ဘူးသီးတောင် ကားလမ်းပေါ်မှာ ရှိတဲ့ ဗျူဟာဂိတ််မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီးတဲ့ နောက်မှာ လဝက အမူနဲ့ ထောင် (၅) နှစ်ချမှတ်ခံရပြီး ဘူးသီးတောင်ထောင်ကို အပို့ခံခဲ့ရပါတယ်။ ဘူးသီးတောင်ထောင်ရဲ့ ဆိုးဝါးလှတဲ့ ထောင်အခြေအနေတွေကို ပြည်ပ အခြေစိုက် သတင်းဌာနတွေဆီ ပေါက်ကြားမှာကို စိုးရိမ်တဲ့အတွက် ထောင်အာဏာပိုင်တွေက ဦးမြတ်ထွန်းကို (၅) လအကြာမှာ ဘူးသီးတောင်ထောင်ကနေ မြောင်းမြထောင်ကို ပို့ဆောင်လို်က်ပါတယ်။ သူဟာ အခုတော့ သမ္မတရဲ့လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူရဲ့ တသက် မမေ့နိုင်စရာ ထောင်တွင်း အတွေ့အကြံုတွေကိုတော့ ဦးမြတ်ထွန်းက ခုလို ပြောပြထားပါတယ်။
Burma-Prisoners-Walking
အပိုင်း (၁)

၂၀၀၉ ခုနှစ် မတ်လ ၁၈ ရက်နေ့ မောင်တော့ကနေ ဘူးသီးတောင်သို့ အသွား ဘူးသီးတောင် အဝင် ကားဂိတ်မှာ ကျွန်တော့်ကို စရဖက ဖမ်းပါတယ်။ အဲဒီ ဖမ်းတဲ့ အချိန်မှာ ကျွန်တော့်ဆီက USB တခု၊ ဧရာဝတီ မဂ္ဂဇင်း တစ် အုပ်၊ Arakan Post စာစောင်တွေနဲ့ လူ့အခွင့် အရေးနဲ့ သက်ဆိုင်တဲ့ စာအုပ် တအုပ်ကို ထောက်လှမ်းရေးက ရသွားပါ တယ်။ အဲသလို ရရှိပြီးတဲ့ နောက်မှာ ကျွန်တော်ကို မောင်တော ရဲစခန်းကို ပို့လိုက်ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာတော့ ကျွန်တော့်ကို ရဲစခန်း ကနေပြီး တရားရုံးမှာ စတင် တရားစွဲ ပါတယ်။ တရားရုံးမှာ စရဖက တပ်သား တင်ရီဆိုသူက လာပြီး သက်သေခံပါတယ်။ အချုပ်ထဲမှာ ၄၃ ရက် နေခဲ့ရပြီး ဧပြီလ ၂၇ ရက်နေ့မှာတော့ လဝက အမူနဲ့ ထောင်ဒဏ် ၅ နှစ် မောင်တောမြို့ နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မေလ ၃ ရက်နေ့မှာ ကျွန်တော့်ကို ဘူးသီးတောင် ထောင်ကို ပို့ပါ တယ်။ ဘူးသီးတောင် ထောင်ကို ရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ကို ထားတာ လူသားတွေကို ထားသလို မျိုးမဟုတ်ဘဲ တိရိစ္ဆာန်တွေကို ထားသလို ထားပါတယ်။ စည်းကမ်းတွေ သတ်မှတ်ထားတဲ့ အတွက် မနက် ၅ နာရီခွဲ ဆိုရင် အိပ်ရာထပြီး ဘုရား ရှိခိုး ရတယ်။ ဘုရား ရှိခိုးပြီး တန်းဖွင့်တယ်။ ၁၂ နာရီ မှာ တန်းပိတ်တယ်။ ၁၂ နာရီနဲ့ ၂ နာရီကြားမှာ စားချိန် ထမင်းကျွေးတဲ့ အခါ ဖြစ်သလို ချက်ထားတဲ့ ပဲနဲ့ စားရတယ်။ ဆားမပါ ဟင်းချိုမှုန့်မပါ။ ပြုတ်ထားသလို။ ညနေ ကျရင် တာလဘော ဆိုတဲ့ ဟင်းနဲ့စားရပါတယ်။ တာလဘော ဆိုတာက ၀က်စားဖို့ ချက်သလို ကင်းဇွန်းနဲ့ ချဉ်ပေါင်ရွက်ကို ဓါးနဲ့စင်းပြီး ဖြစ်သလို ချက်ထားတာ ဖြစ်ပါတယ််။ တပတ်ကို ၂ ခါ အသားကျွေးတယ်။ ဘူးသီးတောင် ထောင််မှာက မွတ်ဆလင်တွေများတဲ့ အတွက် အမဲသားဘဲ ကျွေးပါတယ်။ တခြားအသား မကျွေးဘူး။ အမဲသား မစားတဲ့သူတွေကို ကြက်ဥ တစ်လုံး။ မဟုတ်ရင် လက်သန်းလောက် အရွယ်ရှိတဲ့ ငနီတူ ခြောက် လေးငါးကောင် ပေးပါတယ်။ အဲလို မဝေ ရစာ စားရတယ်။ ရေချိုး ရတာကလည်း တယောက်ကို ၅ခွက် ၆ ခွက်။ အများဆုံးက ၁၀ ခွက် ချိုးရတယ်။ ပူတဲ့ ရာသီတွေမှာဆို စိုရုံလောက်ဘဲ ချိုးရတယ်။ ရေကတော့ ထောင်နောက်ဘက်မှာရှိတဲ့ ဆည်က ရေကို သုံးရတယ်။ ဆေးလိပ် မသောက်ရ။ ဆေးလိပ်တွေ့ရင် အပြစ်ဒဏ်အဖြစ် ခြေချင်း ခတ်ပါတယ်။ ခြေချင်းခတ်လို့ နောက် အပြစ်တခုတွေ့ရင် ဒေါက်ခတ်တယ်။ ဘူးသီးတောင်မှာ ၁ဆောင်၊ ၂ ဆောင်၊ ၃ ဆောင် ဆိုပြီး အဆောင် ၃ ဆောင်ရှိပါတယ်။ ကျွန်တော် ၀င်ခါစက အကျဉ်းသား ၁၂၇၀ ရှိတယ်။ နောက်ထပ် တဖြည်းဖြည်း တိုလာပြီး လူဦရေများ လာတဲ့အတွက် အိပ်ရတာ အခက်အခဲရှိတယ်။ တတောင်ခန့်ရှိတဲ့နေရာမှာ ပြွတ် သိပ်ပြီး တဘက်စောင်းပြီး အိပ်ရတယ်။ ဆေးဝါးကုသမှုကတော့ မျိုးမင်းဦးဆိုတဲ့ ဒုထောင်မှူးက အလွန် ဆိုးဝါး ပါတယ်။ ဆေးခန်းသွားပြရင် မင်းတို့ အလုပ်မလုပ်ချင်လို့ ဟန်ဆောင်တယ်ဆိုပြီး အကျဉ်း သားတွေကို ဆေးကုဖို့ ဝေးစွ။ ကိုယ်ထိ လက်ရောက် စော်ကား တတ်ပါတယ်။ နေမကောင်းလို့ ဆေးထိုးချင်ရင် ဆေးရုံက ၀န်ထမ်းတွေကို ငွေပေးပြီး ထိုးရတယ်။ ပိုက်ဆံမရှိတဲ့သူတွေကတော့ ဆေးမထိုးရပါဘူး။ ငှက်ဖျား ၀င်နေတဲ့ သူတွေကိုလည်း ပါရာစီတာမောလ်နဲ့ ဘာမီတွန်ဘဲ ပေးပါတယ်။ ဆေးဝါးကုသမှုမှာ ဘူးသီးတောင် ထောင်ဟာ အခြေအနေ အလွန် ဆိုးဝါး လွန်းလှပါတယ်။ အကျဉ်းသားတွေကို ဂရု တစိုက် ဆေးကုသ မပေးတဲ့ အပြင် အကျဉ်းသားတွေကို ရိုက်တယ်။ ကန် ကျောက်ပါတယ်။ ကိုယ်ထိ လက်ရောက်စော်ကားပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေ အနေနဲ့ အပြင်ဆေးရုံတွေနဲ့ ဆေးခန်း တွေမှာ ကုသခွင့်ပေးပါတယ်။ ပြီးတော ပိုက်ဆံ ရှိတဲ့သူတွေ ကိုကျတော့ ထောင်ပိုင်ကြီး။ ထောင်မှူးကြီး၊ ဆေးရုံ တာဝန်ခံ၊ ဒုထောင်မှူး မျိုးမင်းဦးတို့က ပိုက်ဆံယူပြီးတော့ ဘာအလုပ်မှ မလုပ်ခိုင်းပဲ အနားယူရင်းနဲ့ ဆေးရုံတက်ခိုင်းပါတယ်။ သူတို့က လူနာသဘောမျိုးနဲ့ နေကြတာ ကိုတွေ့ ရပါတယ်။ အပြင်မှာ လယ်လုပ်တယ်။ တောင်ယာ လုပ်တယ်။ အဲဒီလို လုပ်ငန်းတွေလည်း ရှိပါတယ် ။ လွတ်ရက် နီးတဲ့ အကျဉ်းသားတွေကို အပြင်ကို ထုတ်ပြီးတော အလုပ်ခိုင်းပါတယ်။ ပထမတော့ ခြေချင်း ခတ်ပါတယ်။ ခြေချင်းခတ်လို့ တစ်လနှစ် လခန့် အပြင်ကို ထွက်လို့ အလုပ်လုပ်တဲ့ အကျဉ်းသားတွေကို သူတို့ ယုံကြည် စိတ်ချတယ် ဆိုလို့ရှိရင် သူတို့ ခြေချင်း ဖြုတ်ပေးပါတယ်။ တချို့ ပိုက်ဆံရှိတဲ့ သူတွေ ဆိုရင်လည်း ပိုက်ဆံပေးရင် ခြေချင်း ဖြုတ်ပေးပါတယ်။ ခြေချင်း တစ်ခါဖြုတ်ဖို့ အတွက် သူတို့ကို ပိုက်ဆံ တစ်သောင်း နှစ်သောင်း သုံးသောင်းပေးပြီတော့ ခြေချင်းဖြုတ် ရပါတယ်။ မိုးခါ ဆိုလို့ ရှိရင်လယ်ထွန်ရတယ်။ စပါးရိတ်သိမ်းချိန်ဆို လို့ရှိရင် စပါးရိတ်ရပါတယ်။ ဘယ်လောက်ပဲ လုပ်လုပ် သူတို့တွေက လုပ်အားခ ဆိုတဲ့ သဘောနဲ့ တပြားမှ မရကြပါဘူး။ အလုပ်ပဲ ခိုင်းပါတယ်။ တစ်ခါ တစ်ခါ နေမကောင်းဖြစ် လို့ရှိရင်လည်း ဖျားနာ နေရင်လည်း ဖျားနာနေတဲ့ အတိုင်းပဲ သူတို့ခိုင်းတဲ့ အလုပ်ကိုပဲ လုပ်ရပါတယ်။ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၅ အရ ဆိုပြီးတော အကျဉ်း သားတွေ အလုပ် လုပ်ရမယ်။ အထက်က ၀ာာဝန်ပေးအပ်တာကို ကျေကျေပွန်ပွန် လုပ်ဆောင်ရမယ်။ စည်းကမ်း တကျ နေရမယ်။ တစ်ဆောင်နဲ့ တစ်ဆောင် မကူးရဘူး။ ရန်မဖြစ်ရဘူး။ အဲဒီလို ပုဒ်မ ၄၅ အရ နေပြီးတော အချက်လက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အလုပ် မလုပ် ချင်ဘူး ဆိုလို့ရှိရင်လည်း ပုဒ်မ ၄၅အရ သူတို့ကို အရေးယူပြီးတော့ ပြစ်ဒဏ်ပေးပါတယ်။

(အပိုင်း ၂)

ဘူးသီးတောင် အကျဉ်း ထောင်ထဲမှာ အနီးအနား ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသက လူတွေ အပြင် ရပ်ဝေးက နေပြီးတော့ ပြစ်ဒဏ်ကျလို့ ပြောင်းရွှေ့ လာတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီ ထဲမှာ ဦးနေဝင်းမြေး အေးနေဝင်း၊ဇော်နေဝင်းတို့ နဲ့ ပတ်သတ်တဲ့ အမူသည် ထောင်ကျသားတွေလည်း ရှိပါတယ်။ နောက်ပြီးတော ဦးခင်ညွန့်နဲ့ ပတ်သတ်ပြီး ထောင်ကျလာတဲ့ ထောက်လှမ်းရေးတွေလည်း ရှိပါတယ်။ ကာစတင်၊ ရဲ၊ အဲဒီလို လူတွေလည်း ရှိပါတယ်။ ဗမာပြည် အလယ်ပိုင်း ရေနံချောင်း၊ မကွေးက လူတွေလည်း ဘူးသီးတောင် ထောင်ထဲမှာ ပြောင်းရွှေ့ ကျခံနေ ရပါတယ်။ အကျဉ်းကျခံ နေရပြီးတော အဝေး တစ်နေရာကနေ ပြောင်းရွှေ့ကျ ခံနေရ သူတွေလည်း ရှိပါတယ်။ မိသားစုနဲ ဝေးကွာနေတော့ မိသားစုတွေက ထောင်ဝင်စာ တွေ့ဖို့လည်း မရောက် ။ငတ်မွတ်ပြီး အဟာရ ချို့တဲ့ နေသူတွေလည်း ရှိပါတယ် ။ တစ်ချို့ ဆိုလို့ရှိရင် မရှိဆင်းရဲ၊ ထောင်ဝင်စာက မရောက်၊ ထောင်ဝင်စာ မပေးနိုင် အဲဒီလိုသူတွေ ဆိုလို့ရှိရင် ထောင်ကပေးတဲ့ အစားအစာတွေ ကိုပဲစားပြီးတော နေရပါတယ်။ အဲဒီလို ထောင်ကကျွေးတဲ့ဟာကို စားပြီးတောနေရတဲ့ အထဲမှာ သက်ကြီးရွယ်အို တွေလည်းရှိပါတယ်။ အသက် ၅၉နှစ် ရှိပြီဖြစ်တဲ ဦးပြူးဆိုတဲ့ လူဟာ အဟာရပြတ်ပြီးတော့ သေသွားခဲ့ပါတယ်။ သေသွားတဲ့ သူကို ဓလေ့ထုံးတန်း အရ ခေါင်းလေး တစ်လုံးတောင် မရပဲ စောင်နဲ့ လိပ်ပြီးတော ဘူးသီး တောင် ၀င်ဝမှာရှိတဲ သချိင်္င်းမှာသွားပြီး မြုပ်နှံတာကို ကျွန်တော်တို့ မြင်ရပါတယ်။ တော်တော် စိတ်မကောင်း ဖြစ် မိပါတယ်။ အသက်၆၀ ရှိပြီ လူတစ်ယောက်လည်း အဲဒီလို သေသွားပါတယ်။ ကုလားလေးတစ်ယောက်ဟာ ဓါးမြရမှုနဲ့ ကျလာပါတယ်။ အဲဒီ ကုလားလေးဟာ လတ်တလော အသက်ရူမဝပဲ မွမ်းကျပ်လို့ ဖြစ်တဲ့ချိန်မှာ သူ့ကိုဆေးရုံတင်ပြီး ဆေးတွေသွင်း ပါတယ်။ အဲဒီ ဆေးဒဏ်ကို သူမခံနိုင်။ နားလည်တတ်ကျွမ်းတဲသူလည်းမရှိ။ တစ်ပွင့်နဲ့ ထောင်အရာရှိ မျိုးမင်းဦးက နေပြီးတော အဲဒီ ကုလားလေးကို ဟန်ဆောင်တယ်ဆိုပြီးတော ကန်ကျောက်ပစ်ပါတယ်။ များမကြာခင်မှာဘဲ အဲဒီ ကုလားလေးလည်း သေဆုံး သွားပါတယ်။ အဲဒါတွေကို ကျွန်တော်တို့မြင်တွေ့ရပါတယ်။

Burma-Prisoners-working
(အပိုင်း ၃)

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက် နေ့မှာ မစ္စတာကင််တေးနား ရောက်လာပြီး ကျွန်တော်နဲ့ အတူ ကိုဌေးကြွယ်၊ ကိုဝဏ္ဏ၊ ဦးခွန်ထွန်းဦး အဖွဲက ဦးထွန်းညို၊ မောင်တောမှ ကုလားကြီး ဦးမီရာမတ်တို့ ၅ယောက်ကို မစ္စတာ ကေတေးနား လာတွေ့ ပါတယ်။ လာတွေ့တဲ့ အချိန်မှာ ကျွန်တော်တို့ကို အပြင်မှာ ဘယ်လိုဘယ်လို လှုပ်ရှားခဲ့တယ်။ ဘယ်သူ ကဖမ်းတယ်။ ဖမ်းလို့ တရားစွဲတဲ့ အခါ အယူခံ မဝင်ဘူးလား။ အယူခံဝင်လို့ ရသလား။ ထောင်ထဲမှာနေရ ထိုင်ရတာနဲ့ ပတ်သတ်လို့ စစ်ဆေးမေးမြန်း ပြီးတော့ ပြန်သွားပါတယ်။ အဲဒီလို ပြန်သွားပြီးတဲ့ နောက်ပိုင်းမှာ ၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့ ကျွန်တော်ကို ထောင်ဘူးဝကို ထွက်လာဖို့ ညွှန်ကြားပါတယ်။ ပစ္စည်းတွေပါ တခါတည်း ယူလာဖို့နဲ့ စားသောက်စရာတွေပါ ယူလာဆိုပြီး ၀န်ထမ်းတစ်ယောက်ကနေ ကျွန်တော်ကို လာပြောပါတယ်။ ကျွန် တော်က ပစ္စည်းတွေ အကုန်သိမ်းပြီး ထောင်ဘူးဝကို ထွက်သွားပါတယ်။ အဲဒီချိန်မှာ ကျွန်တော်ရဲ့ စိတ်ထဲမှာ ကြီတ်ပြီးတော့ ၀မ်းသာ နေပါတယ်။ မစ္စတာ ကင်တေးနားလာတဲ့ အချိန်မှာ ခင်ဗျားတို့ကို မြန်မာ နိုင်ငံ အစိုးရဆီမှာ အမြန်လွှတ်ဖေးဖို့ တောင်းဆို ပါမယ် ဆိုပြီး ပြောသွားပါတယ်။ အဲဒါကိုကြားသိထားတဲ့ အတွက် ကျွန်တော်က ၀မ်းသာနေပါတယ်။ ကျွန်တော် ထောင်ဘူးဝကို ရောက်သွားတဲ့ အချိန်မှာ ကျွန်တော်ကို ထောင်ပြောင်းမယ်လို့ ပြောတယ်။ အဲဒီလို ပြောတော့လည်း ကျွန်တော်က ၀မ်းသာ ပါသေးတယ်။ ဘာဖြစ်လိုလည်း ဆိုတော့ ဘူးသီးတောင် ထောင်မှာ နေရတာ မိသားစုနဲ့လည်း ဝေးတယ်။ လူဦးရေလည်း များတယ်။ အဲဒါကြောင်း ကျွန်တော်က စစ်တွေထောင်မှာ ဆိုရင် ပိုကောင်းမေဆိုပြီး ၀မ်းမြောက်ဝမ်းသာနဲ့ စစ်တွေထောင်ကို ပို့ရင်လည်းပို့ ဆိုပြီးတော စိတ်က မှတ်နေတဲ့ အချိန်မှာကျွန်တော်ကို ခြေချင်းခတ်ပါတယ်။ ခြေချင်းခတ်ပြီးတဲ့နောက်မှာ ဘူးသီးတောင် ရဲကနေပြီးတော့ ကျွန်တော်ကို လာခေါ်ပါတယ်။ ထောင်ပိုင်ကြီးက ကျွန်တော်ကို သူတို့ လက်ထဲအပ်ပေး လိုက်ပါတယ် ။ ထောင်ကနေ ထော်လာဂျီနဲ့ ဘူးသီးတောင် သင်္ဘောဆိပ်ကို ယူပါတယ်။ သင်္ဘောထက် ရောက်တာနဲ့ ယာယီစခန်မှူး ဆိုသူ တဦးက လာပြောတယ်။ မြောင်းမြကို ပြောင်းရမယ်ဆိုတော့ စိတ်ဓါတ် ကျသွားတယ်။ ဘူးသီးတောင်ဆိုတာက ကိုယ့်ရခိုင်ပြည်ထဲမှာ မိသားစုလည်း မကြာ မကြာလာတွေ့နိုင်တယ်။ မြောင်းမြမှာဆို လာတွေ့နိုင်မဲ့ အခြေအနေမရှိဘူး။ တခေါက်လာမယ် ဆိုရင်လည်း လမ်းစရိတ်က သိန်းနဲ့ ချီကုန်မယ်။ လမ်းကဝေးတော့ အန္တရာယ်လည်းများတယ်။ စိတ်ဓါတ်ကျ သွားခဲ့ပါတယ်။ စစ်တွေထောင်မှာ ၂ ညအိပ်ပြီး တောင်ကုတ်ကို ပို့ပါတယ်။ တောင်ကုတ်ကနေ ပြည်၊ ပြည်က တဆင့် ရထားနဲ့အင်းစိန်ထောင်ကိုပို့တယ်။ အင်းစိန်ထောင်မှာ ၂ ရက်နေခဲ့ရတယ်။ အင်းစိန်းကနေ ကျွန်တော့်ကို သင်္ဘောနဲ့ မြောင်းမြထောင်ကို ပို့ပါ တယ်။

(အပိုင်း ၄)

မြောင်းမြထောင်ကို ၂၀၁၀ ခုနှစ် သြဂတ်စ် ၃ရက်နေ့မှာ ရောက်သွားပါတယ်။ မြောင်းမြထောင်ကို ရောက်သွားတဲ့ အခါ ထောင်ပိုင်ကြီး ဦးတင်ဝင်း၊ ထောင်မှူးကြီး ဦးမြင့်သိန်းတို့က ကျွန်တော့်ကို ထောင်ပိုင်ကြီး ရုံးမှာခေါ်ပြီး ကျွန်တော်ကို " ဦးမြတ်ထွန်း - ခင်ဗျား ရောက်လာတက ပြဿနာမရှိဘူး။ ခင်ဗျားနောက်မှာ မီဒီယာဆိုတဲ့ ဟာတခု ပါလာတော့ ကျွန်တော်တို့ ကြောက်တယ်။ ကျွန်တော့် မှာလည်းသားသမီးနဲ့ ခင်ဗျား ထောင်နဲ့ ပတ်သတ်ပြီး အဆက်အသွယ်မလုပ်ပါနဲ့ လို့ ပြောတယ်။" "ကျွန်တော်လည်း ပြန်ပြောခဲ့တယ်။ ထောင်ပိုင်ကြီး ကျွန်တော်လည်း ၀န်ထမ်းလုပ်ခဲ့ပါတယ်။ ကိုယ်ချင်းစာပါတယ်။" ဆိုပြီး ကျွန်တော်ပြော ပါတယ်။ ကျွန်တော်ကို ထောင်ပိုင် ရုံးမှာ ခေါ်ပြီးအလုပ်ခိုင်းတဲ့ အကျဉ်းသားတွေရှိတယ်။ အဲဒီအထဲမှာ ကာစတင်၊ လဝကနဲ့ ကုန်သွယ်ရေး ၁ က လဒ်ပေးလဒ်ယူမှုနဲ့ကျနေတဲ့ ဒိုင်မှူးတွေလည်းရှိတယ်။ အဲဒီလူတွေနဲ့ ကျွန် တော့်ကို ထားတယ်။ မြေင်းမြထောင်မှာ အကျဉ်းသား ၆၀၀ လောက်ဘဲရှိတယ်။ ဘူးသီးတောင်ထောင်နဲ့ အများကြီးကွာပါတယ်။ ဘူးသီးတောင်ထောင်မှာ ကျွန်တော် ထွက်လာတဲ့အခါ ၁၄၀၀ ကျော် လောက်ရှိပါ တယ်။ ဘူးသီးတောင်ထောင်မှာ မွတ်စလင် ကုလားတွေရှိတယ်။ ဒီမှာက ဗုဒ္ဓဘာသာ အချင်းချင်းနေရတယ်ဆို တော့ ကျွန်တော် နည်းနည်း စိတ်ချမ်းသာပါတယ်။

ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို အင်္ဂလိပ် ခေတ်ကလို ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေတာကို ကျွန်တော်တွေ့ရပါ တယ်။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ အတင်းအဓမ္မ အလုပ် ခိုင်းစေမှုတွေကို တွေ့ရပါတယ်။ တပ်ကြပ်ကြီး အရာခံဆိုတဲ့ သူတွေကလည်း အကျဉ်းသား တွေဆီက အမျိုးမျိုး ခြိမ်းခြောက် လိမ်ညာပြီး ငွေတောင်းပါတယ်။ တောင်းမရရင် အလုပ်ခိုင်း အနိုင်ကျင့်တာတွေ တွေ့ရတယ်။ ထောင်ထဲမှာ အလုပ်ကြီး ဆိုတာရှိတယ်။ အဲဒါက ဘာလည်းဆိုရင် အပြင်က အုန်းသီးခွံတွေကို ၀ယ်ပြီး အထဲမှာ ထုတယ်။ ရလာတဲ့ အုန်းဆံတွေကို အုန်းဆံကြိုး ကျစ်တယ်။ ခြေသုတ် တွေလုပ်တယ်။ အကျဉ်းသား တယောက်ဟာ တနေ့ကို ခြေသုတ် ၂ ခု ပြီးအောင် လုပ်ရတယ်။ အုန်းဆံကြိုး ကြိတ်တဲ့ စက်ရှိပါတယ်။ အဲဒီစက်မှာ နေ့ဆိုင်း ညဆိုင်းပြီး ရှိတယ်။ တစ်ဆိုင်းမှာ လူ ၂၀ ခန့်ပါပြီးတော့ ညအချိန်လည်း အကျဉ်းသားတွေ အလုပ်လုပ်ရပါတယ်။ ၂၄ နာရီ မှာ အုန်းဆံကြိုး ၁၅ ပိဿာခန့်နဲ့ ခြေသုတ်ခုံက တနေ့ကို လေးဆယ်၊ ငါးဆယ် ပြီးအောင် လုပ်ရ ပါတယ်။ အဲဒီ ပစ္စည်းတွေကို သူတို့က အပြင်ကိုထုတ်ပြီး ရောင်းချပါတယ်။ ရလာတဲ့ငွေကို အကျဉ်းသားတွေကို တပြားတချပ်မှ ထောက်ပ့ံ ပေးတာမရှိဘူး။ ထောင်ကပေးတဲ့ အရသာမရှိတဲ့ အစားအစာတွေကို စားပြီး အင်အား ပြတ်ပြီး အကျဉ်းသားတွေက အလုပ်လုပ်ပေးနေရတယ်။ အလုပ် မလုပ်နိုင်ရင် ဆဲဆိုရိုက်နှက်တယ်။ ဆေးရုံ တက်ရင်လည်း ပါရာစီတာမေလ်နဲ့ ဘာမေတွန်ဘဲ ရပါတယ်။ ဆေးထိုးမယ် ဆိုရင်လည်း ဘူးသီးတောင် ထောင်လို ငွေပေးရတယ်။ ဒေါက်တာ ရဲဝင်းအောင်ဆိုတာ ထောင်ဆရာဝန်ပါ။ သူကအကျဉ်းသားတွေ ကို မတူမတန် ဆက်ဆံတယ်။ သူ့မှာ အပြင်ကဆေးခန်းမှာ အချိန်ပြည့်ထိုင်ပြီး ထောင်ကို အချိန်မှန် မရောက်။ အကျဉ်းသားတွေကို ဂရုတစိုက်မရှိ။ နောက် မြအောင်ဆိုတဲ့ တပ်ကြပ်တဦးရှိတယ်။ ဆေးတလုံးထိုးရင် ၁၅၀၀-၂၀၀၀ တောင်းစားတယ်။ အပြင်က ဆေးအကောင်းတွေ ၀ယ်လာရင်လည်း သူတို့ သိမ်းထားတယ်။ သူတို့ ပေးတာကိုမှ သောက်ရတယ်။ တခါတခါ “ဒီဆေးနဲ့ ခင်ဗျာနဲ့မသင့်ဘူး။ ဒီဆေး ကပြင်းတယ်။ ခင်ဗျား တို့ သောက်လို့မရဘူးဆိုပြီး။” အဲဒီ ဆေးေiတွကို သိမ်းသွားပြီး အပြင်ကို ရောင်းစားတာတွေလည်း တွေ့ရတယ်။

(အပိုင်း ၅)

ပေါ်တာကို အကျဉ်းထောင်တွေက ယူပါတယ်။ လူ ၂၀-၃၀ ပေါ်တာ ထုတ်သွားတယ်။ ပေါ်တာက ထွကပြေးပြီး ပြန်အဖမ်းခံရလို့ ထောင်ပြန်ကျလာတဲ့ အကျဉ်းသားတွေကိုလည်း မြောင်းမြထောင်မှာ တွေ့ရပါတယ်။ ဇော်မင်းဦးဆိုတဲ့ ကလေးတယောက်။ ညက်စိလို့လည်း ခေါ်တယ်။ သူက ပေါ်တာပါသွားပြီး ထွက်ပြေးလို့ အဖမ်းခံရပြီး နောက်ပြန်ပြီး မြောင်းမြထောင်ကို ရောက်လာတာ တွေ့ရပါတယ်။ ၀န်ထမ်းတွေကလည်း နိုင်ငံ ရေးအကျဉ်းသားတွေကို ရိုက်နှက်တာတွေကိုလည်း တွေ့ရပါတယ်။ ၂၀၁၁ ခု မေလ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါ ကြိုးသမားတွေကို ထောင်တသက် လွတ်ရက်မရှိ ဆိုပြီး အမိန့်ကို ပြောင်းလိုက်တယ်။ တိုက်ခန်းကလူတွေကို တယောက်စီခေါ်ပြီး စစ်ဆေးနေတဲ့အချိန်မှာ ကိုကျော်ဇင်သက်ခေါ် စိုးသီဟဆိုတဲ့ သူဟာ ရွေဘိုဇာတိ ဖြစ်ပါတယ်။ သူက ၈၈ ကျောင်းသား။ မြို့တော်ခန်းမကို ဗုံးခွဲဖို့လုပ်တယ် ဆိုပြီး သူဆီက ဘာအထောက်အထား တခုမှမရဘဲ ကြိုးဒဏ်ချမှတ်ခံရ သူဖြစ်တယ်။ ကြိုးဒဏ်ကို လျှော့ပြီး လွတ် ရက်မရှိ ထောင်တသက်ဆိုပြီ ပြောင်းလိုက်တဲ့အခါ သူက ထောင်ပိုင်ကြီးနဲ့ ထောင်မှူးကြီးကို တင်ပြနေတဲ့ အချိန်မှာ ဒုထောင်မှူး ရဲမင်းအောင် (က ၃၈၈၉) ကိုယ်ပိုင်နံပါတ်က ၀င်လာပြီး "ဟေ့ကောင် မင်းနိုင်ငံရေးလုပ်တာ အများအကျိုးအတွက်လား ကိုယ်ကျိုး အတွက်လားဆိုပြီး မေးတယ်။ ဆိုတော့ စိုးသီဟက ပြန်ပြောတယ်။ ဟေးကောင် မင်းအဆင့်နဲ့ ငါစကားမပြောဘူး။ ငါထောင်ပိုင်ကြီး ထောင်မှူးကြီးနဲ့ စကားပြောနေတာ။ မင်းဒီနေရာမှာ ၀င်ပြောစရာမလိုဘူး။ မင်းလည်း အလားကောင်း။ မင်းလည်း သူခိုးဘဲ ဆိုပြီးပြောတယ်။"

ရဲမင်းအောင်နဲ့ အပေါင်းပါတွေက စိုးသီဟကိုရိုက်နှက်တယ်။ သူ အလူးအလိမ့် ခံရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အဆောင်မှာ ရှိတဲ့ လူ ၄၁ ယောက်ကို အခန်းတွေ ၀င်ခိုင်းပြီး ပိတ်ထား လိုက်ပါတယ်။ စိုးသီဟက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တို့အရေး ဆိုပြီး အော်တယ်။ ကျွန်တော်တို့ကြားရ တယ်။ အဲဒီ ရိုက်တဲ့ဒဏ်ရာကြောင်း သူ့ခေါင်းမှာ တလက်မခွဲခန့်ကွဲတယ်။ နောက်တနေရာမှာ ချိုင့်ဝင်သွား တယ်။ ဘယ်ဘက်လက် ကျိုးသွားတယ်လို့ သိရတယ်။ အဲဒီ လိုမျိုးတွေ ကြံုတွေ့ခဲ့ရပါတယ်။ ရဲမင်းအောင်ဆိုတဲ့ လူဟာ သီးခြား အကျဉ်းသားတွေကို အနိုင်ကျင်တဲ့ သူတယောက်ဖြစ်တယ်။ အဲဒီ ရဲမင်းအောင်ကိုတော့ ကျွန်တော် ထောင်ထဲက ထွက်လာတဲ့အထိ အပြစ်ပေး အရေးယူတာ မကြားခဲ့ဘူး။

Most read this week