ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်

ဖုံးကွယ်ထားသော နိုင်ငံသားများ၏ တန်ဖိုးမြင့် သဘာဝအရင်းအမြစ်
by -
မဇ္စျိမ

သဘာဝရင်းမြစ်များ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တန်ဖိုးအကြီးမားဆုံး သဘာဝရင်းမြစ်တစ်ခုကို မည်သူတွေ ထုတ်ယူမြတ်စွန်းနေသည်ကို အစိုးရ တာဝန်ရှိသူများနှင့် ကာယကံရှင်ကုမ္ပဏီများကလွဲ၍ မည်သူကမျှ ရေရာစွာ သိရှိနိုင်ခြင်း မရှိသလို အစိုးရဘက်ကလည်း မိမိနိုင်ငံပိုင် စွမ်းအင်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှု အားနည်းလျက် ရှိနေသည်။

ကမ္ဘာတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှု များပြားလှသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေ သော်လည်း ပြည်တွင်းသုံးစွဲမှုအတွက် လွန်စွာနည်းပါးနေသေးကာ စမ်းသပ်ဆဲ လုပ်ကွက်များမှ ထပ်မံတွေ့ရှိမှသာလျှင် သုံးစွဲရတော့မည်ဆိုသော အနေအထားတွင်သာ ရှိနေသေးသည်။

gas-2

သဘာဝဓာတ်ငွေ့တင်ပို့မှုသည် နိုင်ငံပို့ကုန်ကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ရရှိလာသည့် အကျိုးအမြတ်များကို မြန်မာနိုုင်ငံ၏ စီးပွားရေးကဏ္ဍအပါအဝင် အခြားမည့်သည့်ကဏ္ဍများတွင် ပြန်လည် အသုံးချနေသည်ကို ယနေ့ထက်တိုင် ပွင့်လင်းမြင်သာစွာ တွေ့မြင်ရခြင်း မရှိသေးပေ။

ယခင် တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် သဘာဝဓာတ်ငွေ့ ပို့ကုန်တန်ဖိုး ၂ ဒသမ ၆ ဘီလီယံခန့် ရရှိခဲ့ပြီး ပြည်ပပို့ကုန်၏ ၃၀ ရာခိုင်နှုန်းကျော် အထိရှိခဲ့သည်။ အစိုးသစ်တက်လာပြီး နောက်ပိုင်းတွင်လည်း သဘာဝဓာတ်ငွေ့သည် ပြည်ပပို့ကုန်ကဏ္ဍ၏ ရှေ့ဆုံးမှ ဆက်လက် ရပ်တည်နေခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံအထိ တိုးမြင့်ရရှိခဲ့ပြီး စစ်အစိုးရ လက်ထက်မှ အစိုးရသစ်ကာလ ယခုအချိန်အထိ သဘာဝဓာတ်ငွေ့သည် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားငွေ အရင်းအမြစ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။

သို့သော် စစ်အစိုးရလက်ထက်မှသည် အစိုးရသစ်လက်ထက်ကာလအထိ တိုင်းသူပြည်သားများက တိုင်းပြည်၏ တန်ဖိုးအကြီးဆုံး သဘာဝအရင်းအမြစ်၏ အကျိုးအမြတ်ကို မည်သူက ရရှိခံစားနေသည်ကို သိရှိနိုင်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။

ယခင် အစိုးရလက်ထက်ကတည်းက တိုင်းပြည်၏ စီးပွားရေးကဏ္ဍတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့ ရောင်းချရမှုကို မည်သို့အသုံးချခဲ့သည်ကို သိရှိခဲ့ရခြင်း မရှိသလို အစိုးရသစ်သက်တမ်း သုံးနှစ်ကျော်အထိလည်း မည်သည့်ကဏ္ဍ၊ မည်သည့်လုပ်ငန်းများတွင် တိုင်းပြည်အတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနေသည်ကို တွေ့မြင်ရခြင်း မရှိသေးဟု သဘာဝသယံဇာများနှင့် ပတ်သက်၍ သုတေသနပြုခဲ့ကြသည့် နိုင်ငံတကာနှင့် ပြည်တွင်းအခြေစိုက် သုတေသီ အဖွဲ့အစည်းများက တစ်သမှတ်တည်း မှတ်ချက်ပြုထားသည်။

ထုတ်လုပ်မှု၏ ခြောက်ပုံတစ်ပံ

သြဂုတ်လဆန်းတွင် ထိုင်းအခြေစိုက် ပီတီတီအီးပီကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့နေ့စဉ် ကုဗပေသန်း ၂၄၀ ကို စတင်ထုတ်လုပ်ခဲ့သည်။ ပြည်တွင်း သုံးစွဲမှုအတွက် ဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ နှင့် ထိုင်းနိုင်ငံသို့ ကုဗပေ သန်း ၁၄၀ ပို့လွှတ်မှု စတင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်ခဲ့သည့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၈ ခုနှစ်ကတည်းက တိုတယ်ကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး နေ့စဉ် ထုတ်လုပ်နေသည့် ကုပဗေ သန်း ၈၀၀ အနက်မှ ပြည်တွင်းသုံးစွဲမှုအတွက် ကုဗပေ သန်း ၂၀၀ နှင့် ပြည်ပသို့ ကုဗပေ သန်း ၆၀၀ ပို့လွှတ်နေသည်။

ပက်ထရိုနတ်စ်ကုမ္ပဏီက ဆောင်ရွက်နေသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ်ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၅၀ ကို ပြည်ပသို့ အားလုံး ပို့လွှတ်နေသည်။ ဒေဝူးကုမ္ပဏီမှ ဦးစီးလုပ်ကိုင်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဓာတ်ငွေ့ပို့လွှတ်မှု စတင်ခဲ့ပြီး နေစဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ထုတ်လုပ်နေပြီး ပြည်တွင်းသုံးစွဲမှုအတွက် ဓာတ်ငွေ့ ကုဗပေသန်း ၆၀ အသုံးပြု၍ ပြည်ပသို့ ကုဗပေ သန်း ၃၄၀ ကို ပို့လွှတ်ရောင်းချလျက်ရှိသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုမှ နေ့စဉ်ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၁,၈၀၀ ရှိသည့်အနက် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗဗေပေသန်း ၁,၅၀၀ ကို တင်ပို့နေပြီး ကုဗပေ သန်း ၃၀၀ ကျော်ကိုသာ ပြည်တွင်းအတွက် သုံးစွဲနေခြင်းဖြစ်သည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုမှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု ခြောက်ပုံတစ်ပုံကိုသာ ပြည်တွင်းအတွက် သုံးစွဲနေသော်လည်း ချုပ်ဆိုထားသည့် စာချုပ်များအရ သက်တမ်းအလိုက် ပြည်တွင်းသုံးစွဲမှုအတွက် တိုးမြှင့်မည့်အစီအစဉ်များ ရှိပါသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ဆိုသည်။

ဓာတ်ငွေ့အသုံးပြုမှု မရှိ၍ ရောင်းချခဲ့ရသည့် စမ်းသပ်ရှာဖွေသည့် ကမ်းလွန်လုပ်ကွက်များအနက် ဓာတ်ငွေ့ တွေ့ရှိရန် အလားအလာအကောင်းဆုံး လုပ်ကွက်ဖြစ်သော ပီတီတီအီးပီးကုမ္ပဏီမှ တူးဖော်နေသည့် မြစ်ဝကျွန်းပေါ်အနီးရှိ အမ်-၃ လုပ်ကွက်မှ ထွက်ရှိသည့် ဓာတ်ငွေ့ကိုမူ ပြည်တွင်းအတွက်သာ သုံးစွဲမည်ဟု စီစဉ်ထားသည်။

“နောက်ပိုင်းတွေ့ရှိသမျှ ရေနံနှင့် သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ ဦးစားပေး သုံးစွဲသွားမှာဖြစ်လို့ ပြည်ပကို ရောင်းချတော့မှာ မဟုတ်ပါဘူး”ဟု စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်မှာ ကတိပေးထားသည်။

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ဖူဖူလုံလုံသုံးစွဲရန်အတွက် နှစ်ကုန်ပိုင်းတွင် ဆက်လက်တူးဖော်မည့် ဖွံ့ဖြိုးမှု အဆင့် (Develop) သတ်မှတ်ခံထားရသည့် အမ် -၃ လုပ်ကွက်အပေါ်တွင်သာ တည်မှီနေသည့် အနေအထား ရှိသည်။ ယင်းလုပ်ကွက်မှ ဓာတ်ငွေ့မည်မျှထွက်ရှိမည်ကို ခန့်မှန်း မရသည့်အခြေအနေတွင်သာ ရှိသေးသည်။

"အိမ်နီးချင်းနိုင်ငံများကို ဓာတ်ငွေ့ ရောင်းချခဲ့ရခြင်းသည် ယခင်အချိန်တုန်းက ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိသေး၍သော်လည်းကောင်း၊ နိုင်ငံနှင့် ပြည်သူများအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် နိုင်ငံခြားငွေ လိုအပ်၍သော်လည်းကောင်း ထို့ကြောင့် ပြည်ပကို ရောင်းချခဲ့ရတာ ဖြစ်ပါသည်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြောင်းပြချက်ပေးခဲ့သော်လည်း ရရှိလာသည့် ငွေများကို မြန်မာနိုင်ငံ၏ မည့်သည့်အခြေခံအဆောက်အအုံများနှင့် မည်သည့်ကဏ္ဍများတွင် ပြန်လည်အသုံးချခဲ့သည်ကို ထပ်မံပွင့်လင်းမြင့်သာရန် လိုအပ်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ပိုင်ဆိုင်မှုနှင့် အလားအလာကောင်းများ

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုမှာ ကမ္ဘာတွင် အဆင့် ၄၁ ရှိပြီး ရေနံစိမ်းပိုင်ဆိုင်မှုမှာ အဆင့် ရ၈ ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူနိုင်ရန် ကုန်းတွင်းလုပ်ကွက် ၅၃ ကွက်၊ ကမ်းလွန် ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက် သတ်မှတ်ဖော်ထုတ်ထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ စွမ်းအင်ဆန်းစစ်ချက် အစီရင်ခံစာမှ တိုင်းတာ စမ်းသပ်ချက်အရ ရေနံစည် သန်း ၁၆၀၊ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀ ဒသမ ၁၁ ထရီလီယံရှိဟု အကဲဖြတ်ထားသည်။

လက်ရှိတွင် ကုန်းတွင်းလုပ်ကွက် ၁၇ ကွက်တွင် နိုင်ငံခြားကုမ္ပဏီ ၁၆ ခု ပါ၀င်လုပ်ကိုင်နေပြီး ကမ်းလွန် လုပ်ကွက် ၂၀ တွင် နိုင်ငံခြားကုမ္ပဏီ ၁၅ ခုမှ စမ်းသပ်ရှာဖွေမှုနှင့် ထုတ်လုပ်မှုများကို လုပ်ကိုင်နေပြီး ဖြစ်သည်။၂၀၁၄ ခုနှစ်၊ မတ်လတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေမှုများအတွက် ရေတိမ်လုပ်ကွက် ၁၀ ကွက်နှင့် ရေနက်လုပ်ကွက် ၁၀ ကွက် အိတ်ဖွင့်တင်ဒါ ထပ်မံပေးခဲ့ပြီး ဖြစ်သည်။

ယင်းလုပ်ကွက်များမှ စမ်းသပ်တိုင်းတာချက်များအရ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီယံ ကုဗေပေခန့်ရှိပြီး ရှာဖွေမှုများအရ များပြားစွာတွေ့ရှိနိုင်သည့် အလားအလာများ ရှိနေခြင်းဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က အကဲဖြတ်ဆိုထားခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၆ နှစ် ကြာမြင့်ခဲ့သည့် အချိန်ကာလအထိ ဓာတ်ငွေ့မှာ တိုင်းပြည်၏ ထိပ်တန်းဝင်ငွေအဖြစ် ရပ်တည်နေခဲ့ပြီး ပိုင်ဆိုင်နိုင်သေးသည့် သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီယံမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် မည်သို့မည်ပုံ စီမံခန့်ခွဲထားသည်ကို နိုင်ငံသားများ သိရှိနိုင်ခြင်း မရှိသေးသော်လည်း ပြည်တွင်းမှ ဓာတ်ငွေ့သုံးစွဲမှု လိုအပ်ချက် မြင့်မားသည့် ဒဏ်ကိုမူ ခံစားနေရသည်။

ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ လိုအပ်ချက် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိလျက်ရှိနေသေးပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုတွင်လည်း လျှပ်စစ်မီး မရရှိခြင်းသည် နှောင့်နှေးစေသည့် အကြောင်းတရားအဖြစ် ရှိနေသည်။ တစ်ဖက်တွင် အာရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားသော ထိုင်းနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ၂၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရောင်းချထားသည့် တန်ဖိုးမြင့် ထုတ်ကုန် သဘာဝဓာတ်ငွေ့ထံမှ ရရှိနေခြင်းဖြစ်သည်။

ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး

ဂျီဒီပီ တိုးတက်ရေးအတွက် အရေးပါသည့် ရန်ကုန်တိုင်းမှ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးစွာ လည်ပတ်ရေးအတွက် အစိုးရမှ ပုဂ္ဂလိကဏ္ဍသို့ လျှပ်စစ်မီးပေးရန် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။ သို့သော် အကောင်အထည်ဖော်မှုမှာ တစ်နှစ်ကျော်ကြာလာသည့် အချိန်အထိ လျှပ်စစ်မီးပေးမည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအားလုံးက တညီတညွှတ်တည်း အစိုးရဘက်မှ မပေးနိုင်သည့် ဓာတ်ငွေ့ဖြင့် လျှပ်စစ်ပေးရေးအစီအစဉ်ကို အားသန်ခဲ့သည့်အတွက် အကောင်အထည်မပေါ်လာသည်ကိုလည်း တွေ့ရသည်။

ဇောတိက သဘာဝဓာတ်ငွေ့စီမံကန်းမှ ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်မှုကို ဇူလိုင်လမှ စတင်ခဲ့သော်လည်း ပြည်တွင်းသုံးစွဲမှု လိုအပ်ချက် မြင့်မားခဲ့သည့်အတွက်လည်း ထိုင်းပီတီတီအီးပီကုမ်္ပဏီမှ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသတွင် ဓာတ်ငွေ့ပို့လွှတ်ရေးစခန်းတစ်ခုကို တည်ဆောက်ကာ မတ်လကတည်းက ပြည်တွင်းအတွက် ဓာတ်ငွေ့စတင် ပို့လွှတ်ပေးခဲ့ရသည်။

ရတနာ၊ ရဲတံခွန်၊ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ကုန်းတွင်းအခြေစိုက်စခန်း တည်ရှိရာ တနင်္သာရီဒေသတွင် ဒေသခံများက ပုဂ္ဂလိကလျှပ်စစ်မီး ရရှိရေးအတွက် တစ်ယူနစ်လျှင် ၆၀၀ ကျပ်ခန့်ဖြင့် ၀ယ်ယူ သုံးစွဲနေသည်။ ယင်းဒေသတွင် ပုဂ္ဂလိကမှ သဘာဝဓာတ်ငွေ့သုံး မဂ္ဂါ၀ပ် ၅၀၀ လျှပ် စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်မည်ဖြစ်ရာ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံမှ ပြန်ဝယ်ယူရ မည်ဖြစ်သည့်အတွက် အစိုးရ၏ တစ်ယူနစ်စျေးထက် များပြားစွာပေးရဖွယ်ရှိနေသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ နောက်ဆုတ်သွားခဲ့သော အခြေခံအဆောက်အအုံ လိုအပ်ချက်များထဲတွင် လျှပ်စစ်လိုအပ်မှုသည် အဓိက အချက်အဖြစ် ရှိနေသည်။ အထက်တွင် ဆိုခဲ့သလို ဓာတ်ငွေ့ရောင်းချရခြင်းသည် တိုင်းပြည်၏ အခြေခံအဆောက်အအုံလို အပ်ချက်များကို ဖြည့်ဆည်းရန်ဟု ဆိုခဲ့သော်လည်း ၁၆ နှစ်အကြာတွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များက များပြားနေဆဲပင် ဖြစ် သည်။

အစိုးရအက သဘာဝရင်းမြစ်ကောင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုမရှိခြင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံသားများထံသို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ထိခိုက်မှု ရှိနေသည်။

ကြီးမားသည့် ၀င်ငွေရင်းမြစ်

သဘာဝဓာတ်ငွေ့သည် အစိုးရအတွက် အကြီးမားဆုံး နိုင်ငံခြားငွေရင်းမြစ်၊ အရေး အကြီးဆုံးဝင်ငွေ ရင်းမြစ်ဖြစ်ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံဂျီဒီပီ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရန် မျှော်မှန်းထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် အခြားကျောက်မျက်ရတနာနှင့် သစ်စသည့် သဘာဝသယံဇာတများမှ ရရှိသည့် ၀င်ငွေအပေါ်တွင် အစိုးရအနေဖြင့် လွန်စွာမှီခိုနေရပြီး လက်ရှိတူးဖော်ထုတ်ယူမှုများမှ ၀င်ငွေများမရရှိဘဲ ဖြစ်နေသည်ဟုလည်း ၂၀၁၄ နှစ်လယ်ပိုင်းတွင် ထုတ်ပြန်သည့် အာရှဖောင်ဒေးရှင်းနှင့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့တို့မှ ပြုစုသည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

သဘာဝသယံဇာတများသည် တစ်ချိန်တွင် ကုန်ခမ်းသွားနိုင်ကာ တူးဖော်ထုတ်ယူပြီး သယံဇာတဝင်ငွေများကို ကောက်ခံနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိပါဘဲ ရောင်းချရုံသက်သက်ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေပါသည်ဟု မဆိုနိုင်ဘဲ ယင်းသယံဇာတများကို မြေကြီးအောက်တွင် ထားသည်က ပို၍ကောင်းပါလိမ့်မည်ဟုလည်း ဆက်လက် သုံးသပ်ခဲ့သည်။

နိုင်ငံခြားငွေလိုအပ်၍ ရောင်းချခဲ့ရပါသည်ဆိုသော သဘာဝဓာတ်ငွေ့ကို ၁၉၉၈ ခုနှစ် စစ်အစိုးရလက်ထက်တွင် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းများဖြင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုနှင့် စတင်ခဲ့ သည်။

သဘာဝဓာတ်ငွေ့မှ ရငွေများကို ယင်းအချိန်များက စျေးကွက်ပေါက်စျေး မဟုတ်ဘဲ တရားဝင်ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ခြောက်ကျပ်နှုန်းဖြင့်သာ စာရင်းသွင်းခဲ့သောကြောင့် ဒေါ်လာသန်းပေါင်းများစွာ နိုင်ငံဘတ်ဂျက်တွင် စာရင်းသွင်းခဲ့ခြင်း မရှိကြောင်းကို Arakan Oil Watch က ဖော်ပြခဲ့ဖူးသည်။

ယခုနှစ်တွင် ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်တင်ပို့ခဲ့သည် ကန်ဒေါ်လာ သုံးဘီလီယံကျော်ထက် တင်ပို့မှု ၀င်ငွေ ပိုမိုမြင့်တက်ရရှိလာဖွယ် ရှိနေသည်။

သို့သော် မြန်မာနိုင်ငံ၏ အခွန်ရငွေများတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိနေသော်လည်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သယံဇာတတူးဖော် ထုတ်ယူသည့် လုပ်ငန်းကုမ္ပဏီများထံမှ အခွန် မည်မျှရရှိသည်ကို ရှင်းလင်းစွာ သိရှိရခြင်းမရှိဟု အာရှဖောင်းဒေးရှင်းနှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ သုတေသနပြုစုသူများက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအားလုံးသည် နိုင်ငံပိုင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဖြင့် ဖက်စပ်လုပ်ကိုင်ကြပြီး အများစုမှ ထုတ်လုပ်မှုအပေါ် ခွဲဝေမှုစာချုပ်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပါ၀င်မှုအတွက် ၁၅ -၂၀ ရာခိုင်နှုန်းအကြား အကျိုးအမြတ် ရရှိနေသည်။

ဖုံးကွယ်ထားသည့် အရာများ

မြန်မာနိုင်ငံ၏ ကုမ္ပဏီအများစုသည် ပွင့်လင်းမြင်သာမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာများကို ပျက်ကွက်နေဆဲဖြစ်သည်ဟု စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အရင်းအမြစ်ဗဟိုဌာန (Business & Human Rights Resource Centre) က မီးမောင်းထိုးပြခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲမှုများအတွက် အကြိမ်အများဆုံး ဖြေရှင်းရန် တောင်းဆိုခံရသည့် ကဏ္ဍများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးသည် ၄၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

ထို့အတူ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များ နောက်ဆုံးရောင်းချမှုတွင် အမှန်တကယ် အကျိုးအမြတ်ရရှိသူများကို လုပ်ကွက်လုပ်ကိုင်ခွင့်ရရှိသူများက ဖုံးကွယ်ထားသည်ဟု ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် သဘာဝရင်းမြစ်များ ကာကွယ်ရန် ဖွဲ့စည်းထားသည့် Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ မြန်မာဘက်မှ ကုမ္ပဏီပိုင်ရှင်များကို စစ်တမ်းကောင်းယူရာတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ လျှို့ဝှက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ကို တွေ့ရှိရခဲ့ရပြန်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်နေရာ၌ ရှိနေသော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင်များနှင့် ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လျှို့ဝှက်ဖုံးကွယ်ထားခြင်းကြောင့် တိုင်းပြည်၏ သဘာဝရင်းမြစ် ကဏ္ဍမှရရှိသည့် ၀င်ငွေများသည် သက်ဆိုးရှည်နေခဲ့သော အကျင့်ပျက်ခြစားမှုများအဖြစ် ဆုံးရှုံးသွားမည့် အန္တရာယ်ဘက်သို့သာ ပိုမိုများပြားလာသည့် သဘော ဖြစ်သည်။

နိုင်ငံတကာနှင့် ဖက်စပ်လုပ်ကိုင်သည့် မြန်မာကုမ္ပဏီ ၁၆ ခုအနက် နှစ်ခုသာလျှင် ကုမ္ပဏီပိုင်ရှင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပြောဆိုခဲ့ပြီး ကျန်ကုမ္ပဏီများက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

Global Witness မှ အကဲဖြတ်သူက “ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရပ်တည်နေတယ်ဆိုတာကို တိုင်းသူပြည်သားတွေ သိရှိနိုင်မှပဲ ရရှိတဲ့ နှစ်စဉ်ဝင်ငွေတွေဟာ နိုင်ငံတော် ဘဏ္ဍာတိုက်ထဲကို ရောက်ဖို့ အခွင့်အရေး ပိုရှိမှာလည်းဖြစ်တယ်” ဟု ဆိုခဲ့သည်။

တိုင်းပြည်ဝင်ငွေ၏ ကန်ဒေါ်လာ သုံးဘီလီယံကျော်ကို ရှာဖွေပေးနေပြီး ကုဗပေ ၂၀ ထရီလီယံခန့် ရှိနေနိုင်သေးသည့် မြန်မာနိုင်ငံမှ များပြားလှသည့် သဘာဝဓာတ်ငွေ့ ချမ်းသာကြွယ်ဝမှုသည် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အကျိုးအမြတ်ရသူများကို လျှို့ဝှက်ဖုံးကွယ်မှုများ ရှိနေဆဲဖြစ်သလို သဘာဝဓာတ်ငွေ့က တိုင်းသူပြည်သားများနှင့်လည်း မသက်ဆိုင်သည့် လျှို့ဝှက်ထားသည့် အရာတစ်ခုလို ဖြစ်နေသည်။