ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ အမေရိကန်၊ EU တို့ ထင်မြင်ယူဆ မျှော်လင့်နေကြသလို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတာ မဟုတ်သေးပါဘူး။ ပြည်တွင်းက အာဏာရအဝန်းအဝိုင်းနဲ့ ခရိုနီစီးပွားရေး အသိုင်းအဝိုင်းတွေက ၀ိုင်းဝန်း လက်ခုပ်သြဘာ ပေးနေကြသလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေတ်ကြီးတစ်ခေတ်ထဲကို ၀င်ရောက်နေတာလည်း မဟုတ်ပါဘူး။ ဒါထက်ပိုပြီး တိတိကျကျပြောရရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး Democratic Transition ဖြစ်စဉ်ကိုတောင် မတက်လှမ်းနိ်ုင်သေးဘဲ မူဝါဒတချို့ လျှော့ဖြေ Liberalibation ပေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။
ဒီလိုမူဝါဒတချို့ လျှော့ဖြေပေးလိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် လာခဲ့ကြတယ်။ တစ်စုံတစ်ရာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆန္ဒအချို့ဖော်ထုတ်ခွင့်တွေ ရလာခဲ့ကြတာတော့ အမှန် ပါပဲ။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ အသက်ရှူပေါက်လေးရခဲ့ပေမယ့် သူတို့ရဲ့ စားဝတ်နေရေးဆိုင်ရာ အခြေခံ ပြဿနာတွေကတော့ ဘာမှ ဖြေရှင်းနိုင်ခွင့် မရကြသေးပါဘူး။ ဒီအပြောင်းအလဲတွေအတွင်းမှာ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေးအရ အကျိုးအမြတ် ကြီးကြီးမားမား ရသွားတာက အာဏာရ အသိုင်းအဝိုင်းပါပဲ။
ဒီကာလလေးအတွင်းမှာပဲ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌ ဖြစ်ခဲ့ရပြီ။ သမ္မတ ဦးသိန်းစိန်ကိုလည်း ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးအဖြစ် နိုဘယ် Nobel ဆု ရွေးချယ်ခံထိုက်သူများ စာရင်းမှာ သွတ် သွင်းခံခဲ့ရတယ်။ အာဆီယံနယ်ပယ်ထဲမှာ မြန်မာမော်ဒယ်လ် Myanmar Model ဆိုတဲ့ စကားလုံးတောင် အတော် ရေပန်းစားခဲ့ပါသေးတယ်။ ကမ္ဘာ့ဘဏ်၊ IMF အာရှဖွံ့ဖြိုးရေးဘဏ်ကြီးတွေကနေ မြန်မာနိုင်ငံရဲ့ ကြွေးဟောင်း၊ ဖျက်သိမ်းပြီး ကြွေးသစ်ထုတ်ချေးရေး အစီအစဉ်တွေ ထွက်ပေါ်လာခဲ့တယ်။ ဂျပန်၊ ဂျာမနီ၊ အာဆီယံနိုင်ငံတွေကနေ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း အတော်များများ စီးဝင်လာခဲ့တယ်။သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့အတွက်ကတော့ ရွှေခေတ်ရောက်ပြီလို့ ထင်စရာပဲပေါ့။
ဒါပေမဲ့ ရွှေအတုတို့ရဲ့ သဘာဝအတိုင်း သုံးနှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာတင် အရောင်တွေ ထင်ရှား သိသာစွာ မှေးမှိန်ကျဆင်းလာခဲ့ပါပြီ။ မြန်မာ့ဒီမိုကရေစီ အရေးဟာ မူဝါဒဖြေလျှော့ရေးကနေ ၂၀၀၈ဖွဲ့စည်း ပုံ အကန့်အသတ်တွေရဲ့ တားဆီးပိတ်ဆို့ထားမှုကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အဆင့်ဆီကို မတက်လှမ်းနိုင်တော့ပါဘူး။
ဒီအဆင့်ကိုတက်လှမ်းဖို့ ၂၀၀၈ဖွဲ့စည်းပုံမှာပါ၀င်နေတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ အကြောင်းအချက် တွေကို မလွဲမသွေ ပြုပြင်ပေးရပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်သမျှ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်စရာ အကြောင်းမရှိပါဘူး။
ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ်
ဒီနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ၂၀၀၈ ဖွဲ့ စည်းပုံကိုရေးဆွဲခဲ့တဲ့ အဝန်းအဝိုင်းတချို့ကလွဲရင် ဒီဖွဲ့စည်းပုံကို မပြင်ချင်တဲ့ အင်အားစုဆိုတာ မရှိသလောက် ရှားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်သင့်တာတွေတော့ ပြင်ရမှာပေါ့လို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။
တပ်မတော်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ သဘောထားစုစည်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ဖူးပါ တယ်။ အလားတူ ၂၀၁၅ ခု၊ ၆ လပိုင်းမတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ သဘောထားတစ်ရပ်ချမှတ် နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ဖြစ်ပါ တယ်။ NLDပါတီနဲ့ တခြားနိုင်ငံရေး အင်အားစုတွေကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားတောင်းခံ မှုများ တစ်နိုင်ငံလုံးမှာ ကျင်းပခဲ့ကြပြီး ဖြစ်ပါတယ်။ ဆိုရရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို နိုင်ငံရေးအင်အားစု အားလုံးနီးပါးက လိုလားခဲ့ကြပါတယ်။ ပြဿနာက ဘယ်ဥပဒေကို ဘယ်လို ပြင်မှာလဲဆိုတဲ့အပိုင်းမှာ ကွဲလွဲ နေကြတာ၊ နိုင်ငံရေးပြဿနာတွေမှာ သဘောထားကွဲလွဲတာ မဆန်းပါဘူး။ ထူးဆန်းတာက ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲဖို့ သဘောတူထားသူတချို့က အခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ မှာပါ၀င်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခွင့်ကိုပြင်ဆင်ဖို့ သဘောမတူ ငြင်းဆန်နေကြခြင်းပါပဲ။ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်အမတ်များရဲ့ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ဥပဒေတစ်ရပ်ကို ပြင်ဆင် ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီတော့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ၀င်နေတဲ့ လွှတ်တော်ထဲမှာ တပ်မတော်က ထောက်ခံမှသာ ဥပဒေ တစ်ရပ်ကို ပြင်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ တပ်မတော်က မထောက်ခံရင် ဘယ် ဥပဒေမှ ပြင်ဆင်ခွင့်မရဘူးဆိုတဲ့ သဘောအဓိပ္ပာယ်ပါပဲ။ ဒီတပ်မတော် ကိုယ်စားလှယ်ဆိုတာတွေက လည်း တပ်တွင်းဒီမိုကရေစီအရ တပ်ဖွဲ့အသီးသီးက ရွေးကောက် တင်မြှောက်လိုက်သူတွေ မဟုတ်ကြပါ ဘူး။ ဦးစီးချုပ်က ခေါင်းခေါက်ရွေးချယ်ထားတာဆိုတော့ ဦးစီးချုပ် ကိုယ်စားလှယ်တွေလို့ ပြောရမှာပါပဲ။
ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်က မထောက်ခံသမျှ ဘယ်ဥပဒေရဲ့ ဘယ်ပုဒ်မမှ ပြင်ဆင်လို့ မရဘူးဆို တာ ရှင်းနေပါတယ်။ ဒီတော့ ဖွဲ့စည်းပုံ ပြင်ဆင်ခွင့်ပြု ပုဒ်မ ၄၃၆ ကိုမပြင်နိုင်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ လေသံတွေလွှင့်နေလည်း အတွင်းသဘောကတော့ မပြင်ဆင်ရေးဘဲ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့်လည်း နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေလမ်းကြောင်း အတိုင်း ချီတက်ရေးလို့ လေသံပြောင်းလာချိန်မှာ ကာ/ချုပ်ကလည်း ၂၀၀၈ အခြေခံဥပဒေ ကာကွယ်ရေး ဆိုတဲ့ ကြွေးကြော်သံကို အတိုင်အဖောက်ညီညီ ဟစ်ကြွေးလာတာ ဖြစ်ပါလိမ့်မယ်။
အကျိုးဆက်ကတော့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖြစ်စဉ်ဟာရှေ့တိုး ထမ်းပိုးနောက်ဆုတ် လှည်းတုတ်ဆိုသလို တန့်အီနေခြင်း ဖြစ်ပါတယ်။
နှစ်ပွင့်တစ်ခိုင်
ဒီလို မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တန့်အီနေတဲ့ ရေသေရပ်ဝန်းကို ပြန်လည်ရှင်သန် အားကောင်းဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်ထက်သန်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်း အဆိုပြုခဲ့ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းကျဖို့ ကမ်းလှမ်းလိုက်တာ ပါပဲ။ ဒီကမ်းလှမ်းချက်ကို ပြည်တွင်းကရော၊ ပြည်ပကပါ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြပေမယ့် သမ္မတဦးသိန်းစိန် ကတော့ မရေရာတဲ့ အကြောင်းပြချက်တွေနဲ့ ပုတ်ခါချပစ် လိုက်ပါတယ်။ ဒီလို ပုတ်ခါချလိုက်ခြင်းရဲ့ အကျိုး ဆက်ကတော့ မြန်မာနိုင်ငံရဲ့ ရင်ကြားစေ့ရေး လမ်းကြောင်းက မလွှဲမရှောင်သာစွာ အမျိုးသား ထိပ်တိုက် တွေ့ရေး လမ်းကြောင်းဆီကို ဦးတည်သွားစေခဲ့ပါတယ်။
ဒီနှစ်ပိုင်းအတွင်းမှာ ပြည်ထောင်စု အစိုးရလွှတ်တော်အကြား သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အကြား၊ လူ ပုဂ်္ဂိုလ်အရ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့အကြား အာဏာအင်အားပြိုင်ဆိုင်မှု ပေါ်လစီတိုက်ပွဲ၊ နိုင်ငံတိုက် ပွဲသံတွေ သဲသဲညံနေအောင် ကြားသိနေရပါတယ်။သမ္မတမြှောက်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် စွတ်စွဲအပြစ်တင်မှုတွေကနေ၊ နောက်ဆုံး မျိုးစောင့်ဥပဒေ ပြဿနာတွေအထိ ပဋိပက္ခတွေက ပတ်တုတ်လို့မရ အောင် ပွဲကြမ်း လာခဲ့ကြပါပြီ။
မကြာခင်က အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့်ဥပဒေ အတည်ပြုနိုင်ဖို့လှုပ် ရှား ကြိုးပမ်းလာခြင်းဟာ သူရဦးရွှေမန်းကို ဖြုတ်ချနိုင်ရေးအတွက် ဦးတည်ရည်ရွယ်တာ ဖြစ်တယ်ဆိုတဲ့ သတင်းသဲ့သဲ့တွေလည်း ကြားခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ နေမြင့်လေ အရူးရင့်လေ ဖြစ်နေပုံပါပဲ။
၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြီးရှေ့မှာ ယှဉ် တွဲရပ်နေတဲ့ပုံကြီး ထွက်ပေါ်လာချိန်မှာ နိုင်ငံတကာရော ပြည်တွင်းမှာပါ၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးရာ လက္ခဏာအဖြစ် လှိုက်လဲဝမ်းသာစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သင့်မြတ်ရေးမူဘောင်က သိပ် ကြာရှည် မခံလိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီး မကြာခင် “ဖောင်း” ကနဲ ကွဲ ထွက် သွားတော့တာပါပဲ။
အစိုးရအဖွဲ့ လွှတ်တော်အကြား နိုင်ငံရေးတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဘက်က ရပ် တည်ပြလိုက်တာကိုး။ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီးက ၂၀၁၅ ခု၊ ၆ လပိုင်းမတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ရေး လုပ်ငန်းစဉ် ပြီးပြတ်အောင်ဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပြီးလမ်းညွှန်ချက် ပေး လိုက်ချိန်မှာတော့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကိုယ့်တစ်စိတ် ဖြစ်သွားကြပုံပါပဲ။ ဒီလို နှစ်ပွင့်တစ်ခိုင်ဇာတ်လမ်းမှာ အရေးကြီးတာ နိုင်ငံရေးအရ ဒေါ်စု အသုံးချမခံရဖို့ပါပဲ။
ဒီလို လေးပွင့်ဆိုင်ဇာတ်လမ်းကနေ နှစ်ပွင့်တစ်ခိုင်ဇာတ်ကွက်ကို ပြောင်းလဲသွားတဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ပဲ ထူးခြားတဲ့ နိုင်ငံရေး သရုပ်ဆောင်မှု ပုံစံသစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အရင်တုန်းက သမ္မတ ဦးသိန်းစိန်ရဲ့ခရီးစဉ်တွေမှာ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ယခုအခါ သမ္မတခရီးစဉ်မှာ မကြာခဏဆိုသလို လိုက်ပါလာတာ ထူးထူးခြားခြား တွေ့လာကြရပါတယ်။ သမ္မတနဲ့ ကာချုပ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ်တွေဟာ နိုင်ငံရေးအရ လက်တွဲဖော်တွေဖြစ်ကြောင်း သရုပ်ဆောင်ပြနေ ပုံ ရပါတယ်။
တစ်ချိန်တည်းမှာ မိန့်ခွန်းတွေကတစ်ဆင့် ဖော်ပြနေတဲ့ နိုင်ငံရေးသဘောထားတွေကလည်း သံတူကြောင်း ကွဲတွေ ချည်းပါပဲ။ ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်းအတိုင်း လျှောက်လှမ်းရေး၊ အခြေခံဥပဒေကာကွယ် ရေး ဆိုတာတွေ ချည်းပါပဲ။
အတွင်းသဘောကတော့ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်ရေးပါပဲ။ဆိုရရင် သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ကလည်း နှစ်ပွင့်တစ်ခိုင် ဖြစ်နေကြပါပြီ။ ဒီတော့လည်း အမျိုးသား ပြန်လည်သင့် မြတ်ရေး လေးပွင့်ဆိုင် မျှော်လင့်ချက်ဟာ အမျိုးသားထိပ်တိုက်ရင်ဆိုင်ရေး နှစ်ပွင့်တစ်ခိုင်အဖြစ် ဇာတ် ကောင်းကွဲသွားပြီလို့ပဲ ဆိုရတော့မှာပေါ့။
မဟာဗျူဟာ အလှည့်အပြောင်း ဒီလို နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲသွားပြီဆိုရင် သဘာဝကျစွာ နိုင်ငံ ရေး မဟာဗျူဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲပစ်ကြရပါလိမ့်မယ်။ နိုင်ငံရေးမှာ အမြဲတမ်း ရန်သူမရှိသလို အမြဲတမ်း မိတ်ဆွေဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါပေမဲ့ အမြဲတမ်းအကျိုးစီးပွားဆိုတာတော့ ရှိတတ်ပါတယ်။ အမြဲတမ်း အကျိုးစီးပွားဆိုတာကလည်း လူတစ်ဦးချင်း ပါတီ တစ်ရပ်ချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးစီးပွား မ ဖြစ်စေရပါဘူး။ တိုင်းပြည် တစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားပဲ ဖြစ်ရမှာပါ။
ဒီနေ့မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားဆိုင်ရာ ဦးတည်ချက်ဟာ ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရေးသား ဖြစ်ပါတယ်။ ဒီတော့လည်း အခြေခံဥပဒေ ပြောင်းလဲလိုတဲ့ အင်အားစုမှန်သမျှကို အကျယ်ပြန့် ဆုံးစုစည်းပြီး အပြောင်းအလဲကို ငြင်းဆန်ခုခံနေတဲ့ အင်အားစုတွေနဲ့ထိပ်တိုက် ရင်ဆိုင်ရမယ့်အနေအထား ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဟာဗျူဟာရဲ့ အရေးပါတဲ့ မူတစ်ရပ်ကတော့ နိုင်ငံရေး ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြောင်းလဲပစ်နိုင်ရေးပါပဲ။တစ်နည်းပြောရရင် ရန်သူရဲ့ ရန်သူတွေ ဟာမိတ်ဆွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ အရေးကြီးတာ မိတ်ဆွေဖွဲ့တယ်ဆိုရာမှာ မူမဲ့တဲ့ ပူးပေါင်းဆောင် ရွက်ရေး မဖြစ်ဖို့ပါပဲ။ ယေဘုယျအားဖြင့် ဒီနေ့ကာလမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပေါ်ထွန်းရေး အခြေခံပေါ်မှာ ၂၀၀၈ ဖွဲ စည်းပုံ ပြုပြင်ပြောင်းလဲရေးမှာ ပါ၀င်လှုပ်ရှားလိုတဲ့ နိုင်ငံရေး အင်အားစု မှန်သမျှနဲ့ ပူးပေါင်း ဆောင်ရွက်ရေးပါပဲ။
အနိမ့်ဆုံးအားဖြင့် တူတာတွဲလုပ် မတူတာခွဲလုပ်မူအရ ပူးပေါင်းဆောင်ရွက်ရေး ခြေလှမ်းတွေကို စတင် လှမ်းနိုင်စရာ အကြောင်းရှိပါတယ်။ တကယ်တော့ နိုင်ငံရေးဗျူဟာဆိုတာ ဘောလုံးပြိုင်ပွဲတစ်ပွဲမှာ ကျင့်သုံး တဲ့ အောင်နိုင်ရေး ဗျူဟာတစ်ရပ်လိုပါပဲ။
တစ်ဖက်အသင်းရဲ့ အနေအထားကို ကြည့်ပြီး မဟာဗျူဟာ ထိုးစစ်ဆင်နွှဲမှာ လား၊ ခံစစ်ရှင်၊ ခံစစ်သေကျင့် သုံးမှာလားဆိုတဲ့ မဟာဗျူဟာချမှတ်ရာမှာ ဒီမဟာဗျူ ဟာ ဦးတည်ချက်အပေါ်မှာ မူတည်ပြီး ရှေ့တန်းတိုက် စစ်ကို ဘယ်လိုစုဖွဲ့မယ်၊ ၀ဲ-ယာတောင်ပံတွေကို ဘယ်လို ရံထားမယ်၊ နောက်ခံ ခံစစ်စည်းကို ဘယ်လို ကာကွယ်မယ်ဆိုတဲ့ အခင်းအကျင်းနဲ့ နည်းပရိယာယ် ကစားကွက်တွေ ချမှတ်ထားရပါလိမ့်မယ်။
တစ်နည်းပြောရရင် မဟာဗျူဟာရည်မှန်းချက် အောင်မြင်ရေးအတွက်၊ အင်အားအခင်းအကျင်းနဲ့ နည်း ပရိယာယ် တိုက်ပွဲသဏ္ဍာန် ပေါင်းစပ် ဆင်နွှဲကြရမှာပါ။တကယ်တော့ ၂၀၁၄ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲဆိုတာ အာဏာရ အဝန်းအဝိုင်းက စီစဉ်ဆုံးဖြတ်လာတဲ့ ၂၀၁၅ ရွေးကောက်ပွဲ အကြိုခြေစမ်းပွဲတစ်ပွဲသာ ဖြစ် ပါတယ်။
ဒီခြေစမ်းရလဒ်ကို သုံးသပ်ပြီးမှ ၂၀၁၅ ရွေးကောက်ပွဲမဟာဗျူဟာကို ချမှတ် ပြင်ဆင်ကြပါလိမ့်မည်။ ဘော လုံးပွဲတွေရဲ့ ထုံးစံအရ ခြေစမ်းပွဲတွေမှာ အားကုန်ထုတ်ပြီး အစွမ်းအစ ပြကြလေ့မရှိကြပါ။ ဒီပွဲမှာ နိုင်လို့ လည်း အာဏာမရနိုင်သလို ရှုံးလို့လည်း သိက္ခာမကျနိုင်ပါဘူး။ ခြေစမ်းပွဲမှာ အရေးကြီးဆုံးက တစ်သင်း လုံး စည်းစည်းလုံးလုံး အပေးအယူမျှမျှနဲ့ ကိုယ်လိုချင်တဲ့ ကစားကွက်ကို ပုံဖော်သွားနိုင်ကြဖို့ပါပဲ။
ကိုယ့်မဟာဗျူဟာ ရည်မှန်းချက်နဲ့ နည်းပရိယာယ်က ကစားကွက်တွေကိုတော့ ၀ှက်ဖဲအဖြစ် ထိန်ချန်ထား ရစ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ ခြေစမ်းပွဲသာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို မပြင်နိုင်သမျှ ဒီမိုကရေစီအင်အားစုတွေအတွက် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဟာလည်း တရားမျှတတဲ့ဗိုလ်လုပွဲ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ် ရေး လေးပွင့်ဆိုင် မဟာဗျူဟာနဲ့လမ်းခွဲပြီး ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး မဟာဗျူဟာလမ်းကြောင်း အတိုင်း အားသွန်ခွန်စိုက် လုံးပန်း တိုက်ခိုက်ကြရတော့မှာ ဖြစ်ပါတယ်။ ဆင်ရိုင်းကြီးမှာ ခွန်အားဗလ ကြီးမားလှပေ မယ့် ဗီလုံးငှက်မမှာလည်း ကူမယ့်ကယ်မယ့် ပြည်သူတွေမဟာ မိတ်ဆွေအနမတက္ကပါ။ တရားရှိရင် ကူသူ လာပြီး၊ တရားမဲ့ရင် ကူသူလမ်းခွဲအတိုင်း ရဲရဲလျှောက်လိုက်စမ်းပါ။