ရန်ကုန် အိမ်ခြံမြေ စျေးကွက် အလှည့်အပြောင်း ရှိလာနိုင်သလား

ရန်ကုန် အိမ်ခြံမြေ စျေးကွက် အလှည့်အပြောင်း ရှိလာနိုင်သလား
by -
မဇ္စျိမ

ရန်ကုန် အိမ်ခြံမြေ စျေးကွက်အတွင်း ယခင်က မရှိခဲ့ဖူးသည့် စုံစမ်းမေးမြန်းမှုများကြောင့် ပုံမှန်အနေအထား ထက် အလှည့်အပြောင်း ဖြစ်လာနိုင်ချေ အတွေးတောဖွယ်ရာများ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

မေးခွန်းအသစ်တွေ မေးလာကြတယ်

အိမ်ခြံမြေ အကျိုုးဆောင် လုပ်ငန်းနယ်ပယ်တွင် မြေရှင်များဘက်မှ ယခင်က မေးမြန်းမှု မရှိခဲ့သော မေးခွန်းများကို မေးမြန်းလာကြောင်း သိရသည်။

“အခုတလော မူလ မြေပိုင်ရှင်တွေက ကွန်ဒိုဆောက်မယ်ဆိုရင် ဘယ်လိုအကျိုးခံစားခွင့် ခွဲဝေရမလဲလို့ မေးမြန်းမှုတွေ ရှိလာတယ်။ ဒီရက်ပိုင်း သတင်းစာတွေမှာ ကွန်ဒိုဆောက်လုပ်ဖို့ လှုပ်ရှားမှုတွေ ရှိလာတာ တွေ့ရနိုင်ပါတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦိးသန်းဦး က ပြောသည်။

ယခင်က မြေပိုင်ရှင်များမှာ တိုက်ခန်း ဆောက်လုပ်မှုများသာရှိပြီး ဆောက်လုပ်ရေး လုပ်ကိုင်သူနှင့် တခြမ်းပေး တခြမ်းယူ ၅၀ ရာခိုင်နှုန်းစီ သို့မဟုတ် ၆၀-၄၀ ရာခိုင်နှုန်းစီဖြင့် ရှိခဲ့သည်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေးစရိတ်မြင့်မားလာ၍ ဆောက်လုပ်သူများဘက်က ၅-၁၀ ရာခိုင်နှုန်း ပိုယူလာကြသည်။

မြေငှား လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ

ပြည်ပနိုင်ငံများမှ စီိးပွားရေး လုပ်ငန်းရှင်များက ရန်ကုန်မြို့တွင် မြေငှားရမ်း လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း အကျိုးဆောင်များက ဆိုသည်။

“ရန်ကုန်မြို့မှာ မြေငှားရမ်းပြီး ကွန်ဒိုဆောက်လုပ်ဖို့ ထိုင်းနဲ့ ကိုရီးယား လုပ်ငန်းရှင်တွေဘက်က ဆက်သွယ်လာ သူတွေ ရှိလာတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ မြေဝယ်ခွင့် မရှိသေးတဲ့အတွက် ငှားလုပ်မယ် ဆိုတဲ့သဘောမျိုးနဲ့ ကမ်းလှမ်းလာတာပါ” ဟု အလုံမြို့နယ်ရှိ ကြယ်စင်လင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးစိုးဝဏ္ဏ က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအထိ နိုင်ငံခြားသားများ မြေဝယ်ခွင့် မရှိသေးပေ။

“နိုင်ငံခြားသားတွေအနေနဲ့ မြေကို နှစ်ရှည်ငှားပြီး ကွန်ဒိုဆောက်တာတို့၊ ဟိုတယ် ဆောက်တာတို့အတွက် သူတို့လိုချင်တဲ့ မြေနေရာတွေက မြေပိုင်ရှင်တွေကို ဆက်သွယ် မေးမြန်းပေးပါတယ်။ မြန်မာမြေပိုင်ရှင်တွေ အနေနဲ့ နိုင်ငံခြားသားနဲ့ စီးပွားရေးလုပ်ဖို့ သိပ် စိတ်ဝင်စားတာမျိုး မတွေ့ရပါဘူး” ဟု ပုစွန်တောင်မြို့နယ်မှ အိမ်ခြံမြေ အကျိုုးဆောင် ဦးသီဟအောင် က ဆိုသည်။

ဂျပန်လုပ်ငန်းရှင်တွေလည်း

ရန်ကုန် အိမ်ခြံမြေ စျေးကွက်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဂျပန် လုပ်ငန်းရှင်များ လည်း ပါဝင်နေသည်ဟု သိရသည်။

“သူတို့က ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွဲပြီး ကျပ် သိန်းဂဏန်းတန် သွားရေးလာရေး ကောင်းပြီး အကွက်ကျယ် မြေကွက်တွေမှာ လုပ်ကိုင်ဖို့ ဆွေးနွေးသူတွေလည်း ရ်ိှတယ်” ဟု ဦးစိုးဝဏ္ဏ က ပြောပြသည်။

ဂျပန်လုပ်ငန်းရှင်များက နေရာကောင်းကောင်းတွင် နိုင်ငံခြားသားအကြိုက် အဆင့်မြင့် ကွန်ဒိုများ တည်ဆောက် ကာ ပြန်လည်ရောင်းချရန် စီစဉ်ခြင်း ဖြစ်သည်။

“ပုံမှန် ကွန်ဒိုစျေးကွက်မှာ ၁ ပေ ပတ်လည်ဆိုရင် ကျပ် တသိန်းခွဲ လောက်ပဲ ရှိတယ်။ နေရာကောင်းပြိီး သွားရေး လာရေး ကောင်းတဲ့ နေရာမျိုးဆိုရင် ကျပ်နှစ်သိန်း ဝန်းကျင်လောက် ပေါက်စျေး ရှိနေတယ်။ နိုင်ငံခြားသား အကြိုက် ကွန်ဒိုတွေဆိုရင် ၁ ပေ ပတ်လည်ကို ကျပ် နှစ်သိန်းခွဲ သုံးသိန်းလောက်နဲ့ စျေးခေါ်ရောင်းလို့ ရနိုင်တာမျိုးပါ” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ မန်နေဂျာ ဦးကျော်ကျော် က ဆိုသည်။

အဓိက နေရာများတွင်

ထို ပြည်ပ လုပ်ငန်းရှင်များက ရန်ကုန်မြို့၏ အဓိက နေရာများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊
မြို့လယ်နှင့် နီးသည့် အချက်အချာ နေရာများရှိ မြေကွက်ကျယ်များတွင် လုပ်ကိုင်လိုကြခြင်းဖြစ်သည်။

“သူတို့ လိုချင်တဲ့နေရာနဲ့ အကျယ်တွေ ရှိနေတာက သူဌေးတွေ ဖြစ်နေတော့ လောလောဆယ် ပူးပေါင်းလုပ်ကိုင်မယ့် မြေပိုင်ရှင် ရှာမရသေးပါဘူး။ မြေနေရာ ကျယ်ကျယ် တွေ့ပြန်တော့လည်း ရင်းနှီးမြှုပ်နှံသူက မကြိုက်ပြန် ဖြစ်နေတယ်။ မရမ်းကုန်းနဲ့ ရန်ကင်းတို့လို နေရာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်လို့ နောက်ထပ် ဆွေးနွေးလာတဲ့ အတွက် အချက်အလက်တွေ ထပ် စုဆောင်းနေပါတယ်။ သူတို့ လုပ်ချင်တဲ့ ပုံစံထဲမှာ နှစ် ၃၀ ငှါးရမ်းပြီး၊ ငါးနှစ်စီ ဆက်ဆက်ပြီး လုပ်ချင်ကြတယ်။ မြန်မာမြေရှင် တွေဘက်က စိတ်ဝင်စားမှု ရှိပေမယ့် ဒီလိုမျိုး အတွေ့အကြံုတွေ မရှိဘူး ဖြစ်နေတယ်” ဟု ကိုစိုးဝဏ္ဏ က ဆက်ပြောသည်။

နယ် ဝယ်လက်တွေလည်း

ပြည်နယ်များရှိ နယ်ဝယ်လက်များလည်း ရန်ကုန် အိမ်ခြံမြေ စျေးကွက်တွင်း ဝင်ရောက် ဝယ်ယူမှု ရှိနေသည်။

“နေရာကောင်းတွေမှာ ငွေ ထုပ်ပိုက်ပြီး အသံတိတ် လိုက်ဝယ်နေတဲ့ နယ်ဝယ်လက်တွေလည်း ရှိလာတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်က လူတွေ များပါတယ်” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတခုမှ မန်နေဂျာ ဒေါ်စန်းစန်းအောင် က ပြောဆိုသည်။

Most read this week