အမျိုးသား စည်းလုံး ညီညွတ်ရေးလား၊ ခိုင်မာရေးလား

အမျိုးသား စည်းလုံး ညီညွတ်ရေးလား၊ ခိုင်မာရေးလား
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ)။     ။ သမ္မတ ဦးသိန်းစိန် အစိုးရကတော့ တက်လာပြီး ရက်ပိုင်းအကြာ ဧပြီလ ၁၁ ရက်နေ့မှာပဲ နိုင်ငံရေးဦးတည်ချက် ၄ ရပ်ထဲက “အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး” အစား၊ “အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာရေး” လို့ ပြောင်းလဲလိုက်ပါပြီ။

ဒီလိုစကားလုံးမျိုး အစားထိုးလိုက်ပုံထောက်ရင် အစိုးရသစ် မတက်ခင်အထိ အမျိုးသား စည်းလုံးညီညွတ်ရေး လိုအပ်ခဲ့တယ်လို့ လက်ခံခဲ့တဲ့ သဘောပါပဲ။ ဒါပေမဲ့လည်း အစိုးရသစ်တရပ် တက်လာရုံနဲ့ပဲ ရုတ်ချည်းဆိုသလို အမျိုးသား စည်းလုံးညီညွတ်မှု ရှိသွားပြီဆိုတဲ့ အသုံးအနှုန်းမျိုးကိုတော့ မေးခွန်းထုတ်စရာပင်။

ပြည်တွင်းစစ်မီးနဲ့အတူ နှစ် ၆ဝ ခန့်အကြာ လိုအပ်နေတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု တနည်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်မှု အမှန်တကယ် ဖြစ်ထွန်းသွားပါရဲ့လား။ ဒီအယူအဆကို လက်မခံသူတွေ ရှိနေပါတယ်။

“ဒီစကားကို ကြေညာလိုက်ခြင်းဟာ ကမ္ဘာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လုပ်ငန်းတွေ၊ ဒီမိုကရေစီလို၊ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) လို ပြည်တွင်းကနေပြီးတော့ တောင်းဆိုနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဆိုတဲ့ ဟာမျိုးတွေ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုမှုအားလုံးကို စစ်အစိုးရက ငြင်းပယ်လိုက်တဲ့သဘော သက်ရောက်တယ်လို့ အဲဒီလိုပဲ ယူဆပါတယ်” လို့ NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်ကတော့ ရှုမြင်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မဆူးပွင့်က ဆောင်ပုဒ်ပြောင်းပေမယ့် အနှစ်သာရ မပြောင်းလို့ ဆိုပါတယ်။

“အဖက်ဆယ်လို့ ရလိုရငြား၊ နောက်တခုက ဘာပဲပြောပြောပါ..။ ဒီလို ကြော်ငြာတွေ၊ ဆောင်ပုဒ်တွေကို ကိုင်ခြင်းအားဖြင့် နိုင်ငံရေးအရ တကယ်တမ်း သွားသွား၊ မသွားသွား သွားနေသယောင် ဟန်ပြတဲ့အနေနဲ့ ပြင်လိုက်တယ်လို့ ထင်ပါတယ်။ အနှစ်သာရကတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ အဲဒီလို ပြောင်းလဲရုံနဲ့”

လမ်းပြမြေပုံ ရ ချက် ပြီးသွားပြီ၊ တိုင်းပြည်ရဲ့ အရေးအရာတွေကို လွှတ်တော်ထဲမှာပဲ ပြောဆိုဖို့ အစိုးရသစ်က လမ်းကြောင်းပေးနေပေမယ့်၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက ၂၁ ရာစု ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိုဆီ ဦးတည်နေဆဲပါ။

အာဏာရနဲ့ အတိုက်အခံရဲ့ လမ်းကြောင်း ၂ ခု ရပ်တည်ပုံချင်း၊ ရည်ရွယ်ပုံချင်း မတူရင် ဆက်စပ်ပေးမယ့်အရာ မရှိတော့ဘူးလား၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအရေး လုပ်ကိုင်သူတွေ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် “တွေ့ဆုံဆွေးနွေးရေး” အလားအလာကကော ဘယ်လိုရှိပါသလဲ။

အခြေခံ ပြဿနာ ၄ ရပ်

မြန်မာပြည် နိုင်ငံရေးမှာ အခြေခံကျတဲ့ ပြဿနာ ၄ ရပ် ရှိပါတယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးလို့ သူက ကောက်ချက်ချတာပါ။ ဒီပြဿနာတွေ မဖြေရှင်းသေးရင် အမျိုးသား စည်းလုံးညီညွတ်ရေး မရှိသေးဘူးလို့ အဓိပ္ပာယ်ကောက်ပါတယ်။

ဦးဝင်းတင် တင်ပြချက် ...

ဒီမိုကရေစီ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP ဝင်တွေ၊ တခြား အပစ်ရပ်နဲ့ အပစ်ရပ်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တည်ရှိမှုဟာ မျက်ကွယ်ပြုခံရတုန်းပါ။

ဒီအင်အားစုတွေဟာ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ လူထုရဲ့ ထောက်ခံမှု အကျယ်အပြန့် ရရှိထားသလို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကို တောင်းဆိုနေဆဲပါ။ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တိုက်တွန်းတောင်းဆိုမှု မှန်သမျှကို အစိုးရဘက်က ကန့်သတ်ပိတ်ပင်ဆဲ ဖြစ်ပါတယ်။ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိစေဖို့လည်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီတွေကို မကြာသေးခင် ရက်ပိုင်းအတွင်း အစိုးရသစ်က တားမြစ်ခဲ့ပါသေးတယ်။

အင်တာနက် ပိတ်ပင်မှုအဆိုးဆုံး နိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံးနေရာမှာ ရပ်တည်နေသလို အသုံးပြုသူတွေကိုလည်း ဖမ်းဆီးထောင်ချမှုတွေ ရှိနေတယ်လို့ ဝါရှင်တန်အခြေစိုက် Freedom House က မကြာခင်ကပဲ ထုတ်ပြန်ခဲ့ပါသေးတယ်။

လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် ဒီမိုကရေစီ အခွင့်အရေးတွေအပေါ် ထိန်းချုပ်ဆဲပါ။

“အရှေ့အလယ်ပိုင်းဒေသတွေမှာ နှစ်ပေါင်းများစွာအကြာမှာ လမ်းလျှောက်ခွင့်တွေ ရတယ်။ ရုပ်သိမ်းတဲ့ နိုင်ငံတွေမှာ ပြန်ရုပ်သိမ်းပေးနေကြတယ်။ ဒီလုံခြံုရေးဥပဒေတွေ မြန်မာပြည်မှာ ရှိနေတယ်။ ဟိုတုန်းကတည်းက ကြေညာထားခဲ့တဲ့၊ ၁၉၈၈ ကတည်းက ကြေညာထားခဲ့တဲ့ ဥပဒေက ဒီကနေ့အထိ ရုပ်သိမ်းရခြင်း မရှိသေးဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။

လူ့အခွင့်အရေး ။ ။ အခုထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဦးရေ ၂၂ဝဝ ကျော် ရှိနေပေမယ့် စစ်တပ်နောက်ခံပြု အစိုးရတွေကတော့ မရှိဘူးလို့ပဲ တစိုက်မတ်မတ် ငြင်းခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသား ဒေသတွေမှာ ရွာလုံးကျွတ် မီးရှို့တာ၊ လူသတ်တာ၊ ပြောင်းရွှေ့တာ၊ ပေါ်တာဆွဲတာတွေက ရှိတုန်းပါ။ ကလေးစစ်သား၊ အဓမ္မလုပ်အားပေး ကိစ္စတွေကလည်း သတင်းတွေ ထွက်နေတုန်းပါ။

ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်ကလည်း “တကယ်လို့ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို လိုအပ်တယ်ဆိုလို့ရှိရင် ဘာလို့ မလုပ်တာလဲ။ သူက စပြီးတော့ အခုထက်ထိ သေနတ်သံတွေ မစဲဘူးဗျာ။ အဲဒါတွေက ဘာ့ကြောင့်လဲ။ ဒီဥစ္စာတွေက ဘယ်သူ့တာဝန်လဲ။ အဲဒီ သေနတ်သံတွေ စဲအောင်လုပ်ဖို့ဟာ အစိုးရမှာ တာဝန် မရှိဘူးလား။ ဒါ ဘာလုပ်တာလဲ။ အခု အလုံးအရင်းဗျာ။ ရှမ်းပြည်မှာလည်း တိုက်တယ်၊ ကချင်ပြည်မှာလည်း လုပ်တယ်။ အခု ကယားပြည်နယ်မှာလည်း လုပ်နေတာ အားလုံး မြင်နေတာပဲ၊ တကမ္ဘာလုံး မြင်နေတာပဲဗျ” လို့ မဇ္စျိမကို ပြောပါတယ်။

တိုင်းရင်းသား ။ ။ မြန်မာ့အရှေ့ဘက်၊ အနောက်ဘက်ကို ကြည့်မယ်ဆိုရင် ပစ်ခတ်သံတွေ ဝေစီညံနေတုန်းပါ။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံး ပြည်တွင်းစစ်ပါပဲ။

စစ်အစိုးရအဆက်ဆက် ဖြတ်လေးဖြတ်စစ်ဆင်ရေးနဲ့ တိုင်းရင်းသားဒေသတွေကို တိုက်ခိုက်ခဲ့တာကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာဆိုရင် စစ်ပြေးဒုက္ခသည်တွေက သိန်းနဲ့ချီ ရှိနေတာပါ။

ဦးဝင်းတင်က “တိုင်းရင်းသားတွေ ပြောနေတဲ့အချက်က များများ မဟုတ်ဘူး။ နှစ်ချက်ပဲ ရှိတယ်။ တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်နှစ်ချက်ပဲ တောင်းဆိုနေတာ။ အဲဒီတောင်းဆိုချက် နှစ်ခုကို မရဘဲနဲ့ကတော့ ကျန်တဲ့ ပြဿနာတွေ၊ ရွာတွေ ပြန်ဆောက်ပေးရုံနဲ့လည်း ပြဿနာ မပြီးဘူးဗျ။ ရွာတွေ ရွှေ့ပြောင်းတွေ ဘာတွေကို နေရာပြန်ပြီးတော့ ချထားပေးမယ်ဗျာ။ မပြီးဘူးဗျ။ နိုင်ငံရေးပြဿနာဟာ အဲဒီ နှစ်ချက်ပဲ” လို့ ဆိုပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု ။ ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နောက်ပိုင်း ဖြစ်တည်လာခဲ့တဲ့ ပြဿနာပါ။ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ၁၉၄၇ အခြေခံဥပဒေဟာ ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာ တိုင်းရင်းသားတွေက ဆန္ဒသဘောထားတွေ ထုတ်ဖော်ခဲ့ပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းအသံလွှင့်ရုံမှာလည်း ၁၉၆၂ ခုနှစ်မှာ ပြုလုပ်တဲ့ ညီလာခံမပြီးခင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တပ်မတော်က တိုင်းပြည်အာဏာ သိမ်းခဲ့ပါတယ်။ ပြည်ထောင်စု မပြိုကွဲအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဒီလိုနဲ့ပဲ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့တာ ဒီနှစ် မတ်လကုန်အထိပါပဲ။ ဒီကနေ့ အစိုးရသစ်ဟာလည်း စစ်တပ်နောက်ခံပြု ကြံ့ဖွံ့အစိုးရအဖြစ်ပဲ အတိုက်အခံတွေနဲ့ လေ့လာသူတွေက သတ်မှတ်ထားတာပါ။

“ပြည်ထောင်စု ဖြစ်လို့ရှိရင် ငါတို့ ဗမာကို သူတို့နဲ့ တန်းတူလို့ မရဘူးဆိုတဲ့ အမြင်မျိုးနဲ့ ဒါကို ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခိုင်းလိုက်တာပဲ။ အဲဒီတော့ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် အခုအချိန်မှာ နအဖက နေဝင်းထက်အောင် ဆိုးတယ်လို့။ သန်းရွှေဆိုရင် အဆိုးဆုံးပေါ့ဗျာ။ အဲဒီလိုကို အခုပြောင်းလဲပြီးတော့ သမ္မတကြီး ဦးသိန်းစိန် ဖြစ်လာတယ်။ အဲဒါက ဘယ်လိုဖြစ်မလဲ။ သူ့စကားက အမှန်က ချိုတယ်၊ ကောင်းတယ်၊ လိမ္မာတယ်။ ဒါပေမဲ့ ဒီစကားအတိုင်း ဟုတ်လား မဟုတ်လား၊ တကယ် ဖြစ်လာမလားဆိုတာ လူတွေက စောင့်နေကြတာလေ” လို့ ပူးကျင့်ရှင်းထန်က ပြောပါတယ်။

၂၁ ရာစု ဒုတိယပင်လုံ

ဒီမိုကရေစီလိုလားသူတွေ၊ နိုင်ငံရေးလမ်းကြောင်းထဲကနေ ဖယ်ထုတ်ခံရတဲ့ ပါတီတွေ အပါအဝင် ပြည်တွင်းပြည်ပ တိုင်းရင်းသား အများအပြားက လိုလားနေတဲ့ ဖယ်ဒရစ်စနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တရပ်ပါပဲ။
တပြည်ထောင်စနစ် မဟုတ်ဘဲနဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်တဲ့၊ တန်းတူညီမျှတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပါပဲ။

“တပြည်ထောင် မဟုတ်သောဆိုတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်မှာ ဆိုတဲ့အခါ ဒီပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဟာ ပြည်ထောင်စုကြီးကို၊ စစ်မှန်သော ပြည်ထောင်စုကြီးကို ကိုယ်စားပြုတဲ့ စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ သံဓိဋ္ဌာန်စိတ်ဓာတ်၊ ဒီစစ်မှန်သော ပြည်ထောင်စုကြီးကို ထိန်းသိမ်းမယ်ဆိုတဲ့ စိတ်ဓာတ်ဆိုတဲ့ ပုံသဏ္ဍာန်နဲ့ ဒီပြည်ထောင်စုကို အခြေခံပြီးတော့ ကျနော်တို့က ပြောနေတာ” လို့ ဦးဝင်းတင်က ၂၁ ရာစု ဒုတိယပင်လုံညီလာခံရဲ့ အခြေခံစိတ်ဓာတ်ကို ပြောပြတာပါ။

ဒီကလေးမြို့ကြေညာစာတမ်းကို ပြည်တွင်းပြည်ပရောက် တိုင်းရင်းသားတွေက လက်ခံထားပြီး ဖြစ်တယ်လို့ပါ သူက ဆိုပါတယ်။

၂၁ ရာစု ဒုတိယပင်လုံဟာ ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ်လို့ ကလေးမြို့ ကြေညာစာတမ်းမှာ ဖော်ပြထားတာပါ။

“ကလေးမြို့ ကြေညာစာတမ်းဆိုပြီးတော့ ပေါ်ထွက်လာတယ်။ အဲဒီမှာလည်း ဒီဖက်ဒရယ်ပုံစံနဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတဲ့ဟာပေါ့ဗျာ။ ခွဲမထွက်သောတို့၊ တပြည်ထောင်စနစ်မဟုတ်သော ဖက်ဒရယ်စနစ် တည်ဆောက်မယ်ဆိုတဲ့ စကားလုံးတွေနဲ့ ကြေညာချက်တွေ ထုတ်လာတယ်။ နောက်တခါ အခု ပြည်ပမှာ၊ နယ်စပ်ဒေသမှာဆိုလို့ရှိရင် ဖက်ဒရယ်ကောင်စီဆိုတဲ့ ကောင်စီလို တခုပေါ်လာပြီးတော့ တိုင်းရင်းသားတွေ အားလုံးကလည်း ပြည်ထောင်စုကို ဖက်ဒရယ်ပုံစံနဲ့ ပြင်ဆင်ဖွဲ့စည်းရေးဆိုတဲ့ တောင်းဆိုချက်တွေ ရှိတယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။

“အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာရေး ဆိုတာဟာ မှားယွင်းနေတယ်။ တကယ်တော့ စည်းလုံးညီညွတ်မှုဆိုတာက မရှိသေးဘူး။ ဒါကို လုပ်ဖို့အတွက် ဒုတိယပင်လုံညီလာခံက အရေးကြီးတယ်’’ လို့ ပူးကျင့်ရှင်းထန်က သုံးသပ်ပါတယ်။

“ပင်လုံစိတ်ဓာတ်ဆိုတာမျိုး တကယ်မရှိခဲ့လို့၊ တကယ် မတည်ဆောက်နိုင်ခဲ့လို့ တိုင်းပြည်ထဲမှာ ဒီလို ပြဿနာတွေ ဖြစ်နေတာကိုး။ အခုမှ ပြည်တွင်းက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ဒေါ်စုက ကြံ့ကြံ့ခိုင် ရပ်တည်ပြီးတော့ ၂၁ ရာစု ဒုတိယပင်လုံ၊ ၂၁ ပင်လုံဆိုတာမျိုး ပြောလာတဲ့အခါကျမှ အစိုးရကနေ နောက်ကနေလိုက်ပြီးတော့ ဖာရ၊ ထေးရတဲ့ ကိစ္စပေါ့နော်။ သူတို့မှာလည်း ဒီအမြင်တွေ ရှိတယ်၊ ဒီအယူအဆတွေ ရှိတယ်ဆိုတာကို ပြောချင်လို့ …ဟို လိုက်ပြီးတော့ ဖာထေးရတဲ့ အနေအထားလောက်ပဲ ရှိတယ်” လို့ WLB မဆူးပွင့်ကလည်း ပြောပါတယ်။

အစိုးရသစ် လမ်းကြောင်း

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်မယ်၊ ငြိမ်းချမ်းရေး တံခါးကြီး ဖွင့်ထားပြီ စတာတွေ ပါဝင်ပါတယ်။

“ခင်ဗျားတို့တွေ အကုန်လုံး ကျန်တဲ့ ပြင်ပမှာ ရှိနေတဲ့ စိတ်ရင်း စေတနာကောင်းရှိတဲ့ နိုင်ငံရေးအင်အားစုတွေကော၊ အရပ်ဘက် အဖွဲ့အစည်းတွေကော ကျနော်တို့ ပေါင်းလုပ်နိုင်ပါတယ်။ အဲဒီလို ပေါင်းလုပ်ဖို့အတွက်ဆိုရင် ခင်ဗျားတို့က အခြေခံဥပဒေနဲ့အညီ လုပ်ကြရလိမ့်မယ်” ၊ “ရွေးကောက်ပွဲ ဝင်ပါ” ဆိုတဲ့ စကားတွေလည်း ပါပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်နေပြီ၊ ဖြစ်နေတဲ့ ပြဿနာတွေကို လွှတ်တော်ကတဆင့် ဆက်ရှင်းပါတဲ့ လေသံတွေ ဖြစ်ပါတယ်။

လွှတ်တော်

၂ဝ၁၁ လွှတ်တော်တွေကို ကြည့်ရင် တိုင်းရင်းသားတွေ ပါဝင်လာနေတာတော့ ငြင်းမရပါဘူး။ ရှမ်း၊ ရခိုင်၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ ရှမ်းအမျိုးသား ဒေါက်တာစိုင်းမောက်ခမ်းဆို ဒုသမ္မတ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားပြီး ကျန်တဲ့ နေရာအများစုကို စစ်ဝတ်လဲ ကြံ့ဖွံ့အမတ်တွေချည်း ယူထားတာပါ။

အစိုးရသစ်က လွှတ်တော်တွင်းမှာ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်တယ်လို့ ကမ်းလင့်နေပေမယ့်လည်း ပကတိအနေအထားမှာ ကိုယ်စားလှယ်တွေအနေနဲ့ ကန့်သတ်ခံရမှုတွေ၊ အဆိုပယ်ချခံရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မျဉ်းပြိုင်

ဒီမိုကရေစီဖော်ဆောင်ရာမှာ ၂ဝဝ၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီး ဒီထဲက စည်းဘောင်အရ လျှောက်လမ်းစေလိုတဲ့ လမ်းကြောင်းကို အစိုးရသစ်က ဦးတည်နေသလို အားလုံး ပါဝင်ဖို့ တိုက်တွန်းနေတာပါ။ ဒီမိုကရေစီ လိုလားသူတွေ အခြေခံဥပဒေကို သစ္စာတည်ပြီး၊ လွှတ်တော်ထဲကနေပဲ ဖြစ်လိုသမျှ တောင်းဆိုစေလိုတဲ့ လမ်းကြောင်းနဲ့ပဲ သွားလိုတာပါ။

လွှတ်တော်ပြင်ပ အတိုက်အခံတွေကတော့ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို အသိအမှတ်ပြုပြီး၊ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးလိုတာပါ။

တွေ့ဆုံဆွေးနွေးရေး

လမ်းကြောင်းနှစ်ခု တထပ်ထဲကျဖို့က မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့၊ အတိမ်းအစောင်းမခံတဲ့ အနေအထားပါ။ ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်တဲ့ နည်းလမ်းတွေ ရှိပါရဲ့လား ?

“ဒီပြဿနာကြီးတွေ ရှိတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လုပ်တာ၊ ဖြေရှင်းတာမဟုတ်ရင် ဖြေရှင်းလို့ မရနိုင်ဘူး။ ဒါကြောင့် ဒီပြဿနာကြီးတွေကို ကိုင်တွယ်ပြီးတော့ ဖြေရှင်းရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ကြမယ်လို့ ကျနော်တို့က ကမ်းလှမ်းတာကိုး။ ကမ္ဘာက ပြောတာလည်း ဒါပဲ။ ဒီပြဿနာကြီးတွေ ရှိတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးကြပါလို့ ကမ္ဘာက တိုက်တွန်းနေတာ” လို့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းတင်က ဆိုပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားနဲ့ ဖက်ဒရယ်ပြည်ထောင်စု စတဲ့ ပြဿနာ ၄ ရပ်ကို ဖြေရှင်းရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ကြောင်းနဲ့ အစိုးရသစ်အနေနဲ့ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာရေးကို ပြောနေပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ မပြေလည်သေးကြောင်း သူက ဆက်ပြောပါတယ်။

ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က “ဒါတွေကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့ဆိုတာမှာ ပထမ ဦးဆုံးလုပ်မယ့် သူတွေက အစိုးရ၊ အာဏာကိုင်ထားတဲ့သူက စရမှာ။ ဒီဥစ္စာကို အခု အပြင်က လူတွေ၊ အာဏာပိုင် မဟုတ်တဲ့ သူတွေက ဦးဆောင်ပြီးတော့၊ အစပျိုးပြီးတော့ လုပ်တဲ့ ဥစ္စာတောင်မှ သူတို့က အားမပေးချင်ဘူးဆိုတော့ ဒီဥစ္စာ ပြောတာတမျိုး၊ လုပ်တာတခြား ဖြစ်နေတယ်။ တကယ့်တကယ် ဒီဥစ္စာကို ခိုင်မာဖို့ပဲဖြစ်ဖြစ်၊ စည်းလုံးညီညွတ်ရေး အခုလုပ်ဖို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဖြစ်ပါစေ၊ ဒါကို တကယ်တမ်း လိုအပ်တယ်ဆိုလို့ရှိရင် အဓိက အာဏာပိုင်တွေက အားပေးရမယ်၊ လုပ်ရမယ်” လို့ ပြောဆိုလိုက်ပါတယ်။

Most read this week