ဝင်္ကပါထဲက အပြင်ကို ထွက်ကြပါ

ဝင်္ကပါထဲက အပြင်ကို ထွက်ကြပါ
by -
ရဲဘော် ဖိုးသံချောင်း

နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာနဲ့ ရွေးကောက်ပွဲဆိုတာ ပေါ်လာပြီးကတည်းက ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်ပေါ်ပြီ၊ မဖြစ်ပေါ်သေးဘူး၊ နည်းနည်းတော့ ဖြစ်ပေါ်ပြီလား စသဖြင့် ပြည်တွင်းပြည်ပ ပြောဆိုရေးသားကြတာတွေ နေ့စဉ်မပြတ် ဆိုသလို မြင်တွေ့ကြားဖတ်နေရပါတယ်။ တချို့ကများဆိုရင် ဘယ်ဟာကလေးကတော့ဖြင့် ပြောင်းလဲတာ မဟုတ်ဘူးလားဆိုပြီး ချစ်တီးခေါင်း သန်းရှာသလို စစ်စစ်ပေါက်ပေါက် စောကြောနေတာကိုလည်း သတိထားမိပါတယ်။

ဘာဖြစ်လို့ အာဏာကို လိုချင်ရတာလဲလို့ ထပ်မေးလိုက်ပါ။ ငါ့ဝမ်းပူဆာ မနေသာလို့၊ တနည်း ကိုယ်ကျိုးစီးပွားတွေအတွက် မနေသာလို့ အာဏာကို လိုချင်တာ ...

ဒီပြဿနာအကြောင်း ပြောမယ်ဆိုရင် ဦးဆုံး နအဖဗိုလ်ချုပ်တွေ ဘာကြောင့် ဒီခြေလှမ်းတွေကို လှမ်းတယ်၊ သူတို့ ဘာကို ရည်ရွယ်တယ်၊ ဒီလိုလုပ်တဲ့အတွက် သူတို့ရည်ရွယ်ချက်ကို ရောက်သလားဆိုတဲ့ မေးခွန်းတွေကိုပါ စဉ်းစားဖို့ လိုတယ်ထင်ပါတယ်။ ဒီလိုခြေလှမ်းတွေကနေ ဘယ်လိုအဖြေထွက်ခဲ့တယ်ဆိုတာ အားလုံး သိပြီးမို့ ဒီနေရာမှာ အဲဒီ အချက်ကို မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီအချက်ကိုတော့ အသေအချာ မျဉ်းသားထားစေချင်ပါတယ်။

အခြေခံဥပဒေ ဘာလို့ရေးဆွဲတယ်၊ ရွေးကောက်ပွဲ ဘာကြောင့်လုပ်တယ်ဆိုတာကို ရိုးရာ ကလေးကဗျာ တပုဒ်ထဲကလို “ပေါက်ပင် ဘာလို့ကိုင်းရတယ်” ဆိုတဲ့ လောဂျစ်မျိုးနဲ့ အဆင့်ဆင့်မေးကြည့်ပါ။ အနည်းဆုံး အာဏာကို လိုချင်လို့/ထိန်းသိမ်းထားချင်

လို့ဆိုတဲ့ အဖြေကိုတော့ ရမှာပါ။ ဒါဖြင့် ဘာဖြစ်လို့ အာဏာကို လိုချင်ရတာလဲလို့ ထပ်မေးလိုက်ပါ။ ငါ့ဝမ်းပူဆာ မနေသာလို့၊ တနည်း ကိုယ်ကျိုးစီးပွားတွေအတွက် မနေသာလို့ အာဏာကို လိုချင်တာလို့ပဲ အဖြေထပ်ရပါလိမ့်မယ်။

ဒါဖြင့် အရင်က အာဏာကို လက်မလွှတ်ချင်တာ ဘာကြောင့်လဲလို့ မေးခွန်းထုတ်ရင်လည်း ဒီအဖြေကိုပဲ ပြန်ရောက်မှာ သေချာပါတယ်။ ဒီတော့ သာမန်အက္ခရာသချင်္ာ ညီမျှခြင်းမျိုးနဲ့ ကောက်ချက်ဆွဲလိုက်ရင် ဒီရွေးကောက်ပွဲဟာ ဒီ ရည်မှန်းချက် (ကိုယ်ကျိုးစီးပွားတွေ ခိုင်မြဲတိုးပွားရေး) အတွက် ဖြစ်တယ်လို့ပဲ အဖြေထွက်ပြန်ပါတယ်။

ဒီနေ့ နအဖ ထိပ်သီးတွေ စုဆောင်း မိလာတဲ့ ငွေရင်းငွေနှီးဟာ ပြည်တွင်း ကနေ ပြည်ပကို တိုးချဲ့ရမယ့် အဆင့်ကို ရောက်နေပါပြီ။ သူတို့ကို နိုင်ငံတကာ အဝန်းအဝိုင်းက အသိအမှတ်ပြုပြီး ဆန်ရှင် sanction ပိတ်ဆို့မှုလို ခြေမန်းကွင်းတွေကို ချွတ်ပေးစေချင်ကြပါတယ်။

ဒီတော့ ပြဿနာဟာ ရည်မှန်းချက်နဲ့ နည်းနာပြဿနာ ဖြစ်နေတယ်ဆိုတာ တွေ့ရပါမယ်။ နည်းနာဆိုတာဟာ ရည်မှန်းချက်တခုကို ရောက်ဖို့အတွက် အထောက်အကူသာဖြစ်ပြီး၊ ရည်မှန်းချက်ကသာ အဓိက အရေးအကြီးဆုံးဆိုတာ လူတိုင်း သိပါတယ်။ ရည်မှန်းချက်ကို ရဖို့အတွက် နည်းနာတွေကို ပြောင်းတန်ရင် ပြောင်းရတယ်ဆိုတာလည်း လူတိုင်း သိပါတယ်။ ဗမာစကားမှာ ခွေးကိုက်လို့ပဲရရ၊ တုတ်ပစ်လို့ပဲရရ ရတာလိုရင်းပဲ ဆိုတာ ရှိပါတယ်။

အလွယ်လေး ပြန်နိဂုံးချုပ်ကြည့်ပါ။ ရွေးကောက်ပွဲဆိုတာ ပြီးသွားလို့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို ပိုင်ဆိုင်မှုဟာ လက်ပြောင်းသွားပါသလား။ ပြောင်းမယ့် အလားအလာကော မြင်တွေ့ရပါသလား။ ရွေးကောက်ပွဲ မတိုင်မီလေးတင်ကပဲ တိုင်းပြည်ရဲ့ ဆိပ်ကမ်းတွေ၊ လုပ်ငန်းပေါင်းစုံတွေကို သူတို့အချင်းချင်းထဲမှာ ခွဲဝေယူခဲ့သေးတယ်ကို မှတ်မိကြမယ် ထင်ပါတယ်။

အရင်းအနှီးရဲ့ သဘောဟာ စုဆောင်းမိလာရင် တိုးချဲ့ရပါတယ်။ ဒီအတိုင်း ဘဏ်ထဲမှာချည်း ထားလို့ မရပါဘူး။ ဒီနေ့ နအဖ ထိပ်သီးတွေ စုဆောင်းမိလာတဲ့ ငွေရင်းငွေနှီးဟာ ပြည်တွင်းကနေ ပြည်ပကို တိုးချဲ့ရမယ့်အဆင့်ကို ရောက်နေပါပြီ။ ဒီတော့ သူတို့ဟာ သူတို့ကို နိုင်ငံတကာ အဝန်းအဝိုင်းက အသိအမှတ်ပြုပြီး ဆန်ရှင် sanction ပိတ်ဆို့မှုလို ခြေမန်းကွင်းတွေကို ချွတ်ပေးစေချင်ကြပါတယ်။ ရွေးကောက်ပွဲကျင်းပ၊ အစိုးရဖွဲ့ပြီးတယ်ဆိုတာနဲ့ တပြိုင်နက်ထဲ လိုလိုမှာ ဆန်ရှင် sanction ကိစ္စကို ငြင်းခုန်ပြောဆိုစရာ တခုအဖြစ် ပေါ်ထွက်လာတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။

မမေ့ကြသင့်တဲ့ အချက်တခုက ဒီနေ့ကာလမှာ စစ်အုပ်စုရဲ့ အာဏာကို ချုပ်ကိုင်နိုင်မှုဟာ အတော်ကို တည်ငြိမ်နေပြီဆိုတဲ့ အချက်ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံတန်ရုံ လှိုင်းအပုတ်ကို ခံနိုင်နေပြီဆိုတာကို မမေ့သင့်ဘူး။ သူတို့တတွေ အာဏာသက်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ အာဏာရှင်ဖြစ်လာပြီး အရင်ကလောက် အကဲမဆတ်တော့တာ၊ သူတို့အပေါ် တိုက်ခိုက်တာတချို့ကို ပေယျာလကံပြုထားနိုင်တာတွေ ရှိလာပါတယ်။ ဒါကိုပဲ ဒီမိုကရေစီ ဖွင့်ပေးတာလို့ ဆိုချင်ကြရင်တော့ (လိမ်ညာတာ မဟုတ်ရင်) ကိုယ်က စစ်အာဏာရှင်တွေလောက်မှ မရင့်ကျက်သေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ 

အာဏာသက် ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ အာဏာရှင်ဖြစ်လာပြီး အရင်ကလောက် အကဲမဆတ်တော့တာ၊ သူတို့အပေါ် တိုက်ခိုက်တာ တချို့ကို ပေယျာလကံ ပြုထားနိုင်တာတွေ ရှိလာပါတယ်။ ဒါကိုပဲ ဒီမိုကရေစီ ဖွင့်ပေးတာလို့ ဆိုချင်ကြရင်တော့ ...

ငှက်တကောင်ကို လှောင်ချိုင့်ထဲမှာ ထည့်ပြီးလှောင်ထားတယ် ဆိုရင် လှောင်တဲ့သူအဖို့ အဲဒီငှက် အသံ တိတ်နေတာက ပိုကြည်နူးစရာ ကောင်းမလား၊ စကားပြောနေတာ ပိုကြည်နူးစရာ ကောင်းမလား။ မဆလခေတ်က လွှတ်တော်နဲ့ ဒီနေ့ကြပ်ပြေးက လွှတ်တော်ရဲ့ ခြားနားချက်က ဒါပါပဲ။

သူတို့ရဲ့ လွှတ်တော်ဆိုတာကြီးထဲမှာ ဘယ်ကျေးရွာလူကြီးကဖြင့် ဘယ်လို မတရား လုပ်နေပါတယ် ဆိုတာမျိုး ပြောတာလောက် ကိုတော့ သူတို့ ခွင့်မပြုစရာ အကြောင်း မရှိပါဘူး။ အဲဒီကျေးရွာလူကြီးထက် အဆပေါင်းကုဋေကုဋာ မတော်မတရား လုပ်နေတဲ့ သူတို့စစ်အုပ်စုထိပ်သီးတွေကို ထောက်ပြတာမှ မဟုတ်ဘဲ။ နောက်ပြီး သူတို့တတွေ ဒီမိုကရေစီ လမ်းကြောင်းပေါက်ကို လျှောက်လှမ်းနေပါပြီလို့ အထင်ရောက်စေမယ်လို့ဆိုရင် နယ်စပ်ဂိတ်မှာ လာဘ်စားနေ၊ ဗိုလ်ကျနေတဲ့ အရာရှိ အနည်းအကျဉ်းကို ဘာဖြစ်လို့ စတေးမပစ်နိုင်ရမှာလဲ။ ထောက်လှမ်းရေးတွေကိုတောင် အုံနဲ့ကျင်းနဲ့ ဖြုတ်ခဲ့သေးတယ် မဟုတ်ပါလား။ ဒါဟာ ထောင်မြင် ရာစွန့်တာထက်တောင် အမြတ်အစွန်း ကြီးပါတယ်။ စစ်အုပ်စုလောကမှာက ငတေမာဖို့ အရေးကြီးဆုံးသာ ဖြစ်ပါတယ်။

အထက်မှာ ရေးခဲ့တာတွေကို ပြန်ချုပ်ရရင် ဗမာပြည်က စစ်အုပ်စုဟာ သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို မရောက်ရောက်အောင် ဒီလမ်းမပေါက် ဟိုလမ်းက သွားတယ်ဆိုတာမျိုးနဲ့ လုပ်နေတယ်ဆိုတာ တွေ့ရပါမယ်။ ဒီလိုအခါမှာ သူတို့ရဲ့ ရည်မှန်းချက်ကို မျက်ခြေပြတ်ပြီး၊ သူတို့ရဲ့ နည်းနာတွေနောက်ကို လိုက်နေလို့ကတော့ နဖားကြိုးတပ်ဆွဲခံရတာထက် ဆိုးနိုင်ပါတယ်။ 

စစ်အုပ်စုဝင်တွေသာ စံစားရတဲ့ ဒီမိုကရေစီချင်းကတော့ အတူတူဖြစ်ပါတယ်။