တိုက်တိုက်ဆိုင်ဆိုင် ဤနှစ်မှ အမျိုးသားနေ့နှင့် ရန်ကုန်တက္ကသိုလ်မွေးနေ့တို့ တရက်ထဲ ကျနေသည်။ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်၍ ...
တိုက်တိုက်ဆိုင်ဆိုင် ဤနှစ်မှ အမျိုးသားနေ့နှင့် ရန်ကုန်တက္ကသိုလ်မွေးနေ့တို့ တရက်ထဲ ကျနေသည်။ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်၍ ကန့်ကွက်သည့်နေ့နှင့် အက်ဥပဒေအာဏာတည်သည့်နေ့ ဖြစ်တော့သည်။ မဖွင့်ခင်က သပိတ်နှင့် ကြံုရသော တက္ကသိုလ်သစ်သည် မူလက ဒီဇင်ဘာ ရ ၁၉၂၀ တွင် ဖွင့်ရန် ပြင်ထားသည် ဆိုသော်လည်း တကယ်တမ်း ဖွင့်ဖြစ်သလား ဆိုသည်ကိုတော့ သေချာမတွေ့မိသေးပါ။ ရန်ကုန်တက္ကသိုလ် သမိုင်းကို လေ့လာသူတို့အဖို့ သပိတ်မှောက်သည့် ၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ဒီဇင်ဘာ ၅ ) ကသာ ပို အခရာကျပေ၏။
သပိတ်မှောက်ခံရသော တက္ကသိုလ်ကို စတင်လိုလားတောင်းဆိုသူများမှာလည်း တိုင်းရင်းသား မြန်မာပြည်သားများပင် ဖြစ်သည်။ ရန်ကုန်အစိုးရကောလိပ်ကို ရန်ကုန်ဟိုက်စကူးကျောင်းဝင်းအတွင်း ၁၈၇၈ က စတင်ဖွင့်လှစ်ကာ နောက် ဆယ်နှစ်ကျော်တွင် အမေရိကန်နှစ်ခြင်းအသင်းတော်က ထောင်သော ယုဒသန်ကောလိပ် အလုံတွင် ပေါ်လာခဲ့သော်လည်း အဆင့်မြင့်ပညာရပ်များကို စုံစုံလင်လင် သင်နိုင်သည့်ဌာနများ မဟုတ်ပါ။ ဆေး၊ အင်ဂျင်နီယာစသည့် လက်တွေ့သိပ္ပံပညာများ၊ ဥပဒေနှင့် ဝိဇ္ဇာပညာရပ်အများစုကို ပေါက်ပေါက်ရောက်ရောက် သင်လိုသူများ ကာလကတ္တားနှင့် ဘိလပ် အမေရိကတို့သို့ သွားမှဖြစ်သည်။ ရန်ကုန်ကောလိပ်တွင် ပို့ချသည့်ဆရာများ အရည်အချင်းမမြင့်လှဟု သမ္မတဟောင်း ဆာဘဦးက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ရေးဘူးသည်။ ထို့ကြောင့် ရန်ကုန်တွင် ကောလိပ်ထားဖို့ပင် မနည်းအားခဲရသည့် မြန်မာလူလတ်တန်းစား ခေတ်ပေါ်အရာရှိနှင့် ဓနရှင်တို့အဖို့ သူတို့သားများ ဘွဲ့ရပီး မြို့အုပ် အရာရှိဖြစ်ဖို့မှာ အန္တိမပန်းတိုင်ပင် ဖြစ်တော့သည်။ ပဒေသရာဇ်လွန် မျက်နှာဖြူအရင်းရှင်တို့ ကုန်ကြမ်းထုတ်ကိုလိုနီဘဝက တိုးတက်ဖို့ လိုသည့် ပညာရှင်လူတန်းစား အိန္ဒိယကဲ့သို့ များများစားစား ကမ္ဘာ့တန်းမီ ထွက်လာဖို့ ဟို အနှစ်တရာက မြန်မာများ မမှန်းရဲပေ။
သို့ကြောင့် တော်စိန်ခိုစသည့် ရန်ကုန်ကောလိပ်ထွက် ပညာရှင် အရာရှိကြီးများဦးဆောင်ပီး တက္ကသိုလ်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုလာကြသည်။ နောက် ဝိုင်အမ်ဘီအေကဲ့သို့ ဘာသာရေး လူမှုရေးအသင်းများ၏ သြဇာကြီးလာသည့်အခါ ထိုကိစ္စက ရှေ့တန်းရောက်လာသည်။ ၁၉၁၀ ကျော်တွင် ပေါ်ထွက်လာသည့် မြန်မာစာနယ်ဇင်းများကလည်း သိပ္ပံ ဝိဇ္ဇာပညာရပ်သစ်များကို အထူးတလည်ဦးစားပေး ဖော်ပြလာကြသည်။
ရန်ကုန်တက္ကသိုလ် နှစ် ၉၀ |
သုံးဆယ်လို မြို့ငယ်မှပင် သိပ္ပံဘန်တိုက်ကြီးဟု မဂ္ဂဇင်းတစောင်ကို အမျိုးသမီးအယ်ဒီတာက ကြီးမှူးပီး ထုတ်ဝေနေလေပြီ။ ပထမကမ္ဘာစစ်တွင်း ကိုလိုနီများ၏ ထောက်ခံမှုအထူးလိုသည့် ဗြိတိသျှတို့အနေနှင့်လည်း အုပ်ချုပ်ရေး ပညာရေးစသည်တို့ကို မြှင့်တင်ပေးရန် စေ့စပ်လိုက်လျောခြင်းဖြင့် ချွေးသိပ်ချင်နေသည်။ ဓာတ်ခိုက်နှင့် နတ်ကြိုက်ကြံုကာ တက္ကသိုလ်အဆင့် (ထိုခေတ်အခေါ် ယူနီဗာစီတီသိပ္ပံ) တိုးမြှင့်ခံရသော်လည်း မြန်မာတို့ လိုလားသကဲ့သို့ လူများများ လက်ခံသင်ကြားပေးမည့် လူထုတက္ကသိုလ်မျိုး ဖြစ်မလာပဲ အောက်စဖို့ဒ်ကဲ့သို့ လူ့မလိုင်ခဲပညာထိပ်သီးများ “လှောင်မွေး”ဖို့သာ ရည်ရွယ်မှန်းထင်ရှားလာ၍ ကျောင်းသားများ၏ ဘွိုင်းကော့လုပ်မှုကို ခံရပေတော့သည်။
ရွေးကောက်ခံ ပူးတွဲအုပ်ချုပ်ရေးပင် မပေါ်သေးဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းသည်သာ အမြင့်ဆုံး နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သေးသော၊ အထက်မြန်မာပြည်တွင် အနှစ် ၂၀ ကျော် ၃၀ အတွင်းက တိုင်းရင်းသားများကို လက်နက်ဖြင့် ရက်ရက်စက်စက်ချေမှုန်းခဲ့သည့် နေမဝင်လက်နက်နိုင်ငံဝင် ဗျူရိုကရက်ကြီးစိုးသည့် မြန်မာပြည်၌ ထိုသို့ အာဏာပိုင်အစိုးရကို ဆန့်ကျင်ဆန္ဒပြဝံ့သည်မှာ
လူထုတက္ကသိုလ်မျိုး ဖြစ်မလာပဲ အောက်စဖို့ဒ်ကဲ့သို့ လူ့မလိုင်ခဲပညာထိပ်သီးများ “လှောင်မွေး”ဖို့သာ ရည်ရွယ်မှန်းထင်ရှားလာ၍ ကျောင်းသားများ၏ ဘွိုင်းကော့လုပ်မှုကို ခံရပေတော့သည်။ |
အလွန့်လူစွမ်းကောင်းဟု ဆိုသင့်ပေသည်။ ပထမဆုံး နိုင်ငံနှင့်ချီသည့် လက်နက်မပါသော အုံကြွမှုလည်း ဖြစ်သည်။ ဘေပုရှိန် အင်္ဂလန်သွား အရေးဆိုမှုနောက် နိုင်ငံရေး သန္ဓေရင့်မာကာ ဖွားခါစ ဂျီစီဘီအေအသင်းချုပ်ကြီးနှင့် မြန်မာငွေရှင်လူရည်တတ်များကလည်း ပညာရေးတိုးတက်မှုကို ထောက်မအားပေးလိုရကား သပိတ်နောက်ဆက်တွဲ အမျိုးသားပညာရေးကောင်စီနှင့် ကျောင်းများ၊ အမျိုးသားကောလိပ်တို့ပင် ပွင့်ဖူးလာတော့သည်။
အမျိုးသားပညာရေးကို ဦးစီးသည့် ဘူဇွာလူရည်တတ်များ ကျောင်းသားကြီးများမှာ ပထမသပိတ်ကို အောင်မြင်စွာ ကမကထပြုခဲ့သော်ငြား နိုင်ငံရေးအားဖြင့် ရဲရဲတောက်များ မဟုတ်လှ။ အမျိုးသားပညာရေးကောင်စီ ဥက္ကဋ္ဌ အမ်အေဦးမောင်ကြီးမှာ မကြာမီပင် အုပ်ချုပ်ရေးသစ်အောက်တွင် ပညာရေး ကျန်းမာရေး ဆောက်လုပ်ရေးဌာနများကိုင်ရသည့် ၂၁ ဦးပါတီမှ ဝန်ကြီးချုပ်ရာထူးတနေရာ ယူသွားသည်။ သို့သော်လည်း တက္ကသိုလ်ဥပဒေပြင်ဆင်လျှော့ပေါ့လာအောင် အမျိုးသားကျောင်းများ အထောက်အပံ့ရအောင် ကူမခဲ့ပေသည်။ မြန်မာလူငယ်များ စစ်ပညာအခြေခံလေ့ကျင့်ရေးအတွက် အစောဆုံးစဖွဲ့ခဲ့သည့် ရဲတပ် ဗိုလ်ချုပ်၊ ဦးအောင်ဇေယျရှိသေးရင် ဓမြလောက်ဖြစ်မှာပဲ ပြောမိ၍ ဆရာမှိုင်း အငေါက်ခံရဘူးသည့် ထိုအမ်အေဦးမောင်ကြီးမှာ အထက်လွှတ်တော်ဥက္ကဋ္ဌမှသည် ဆာဘွဲ့ခံ ပထမဆုံး မြန်မာထဲက ဘုရင်ခံ၏ ကာကွယ်ရေး အပိုအတိုင်ပင်ခံရာထူးထိပင် တိုးမြင့်ကြီးပွားသွားသေးသည်။ သို့သော် စစ်ပီး ဗိုလ်ချုပ်အောင်ဆန်းအစိုးရဝန်ကြီး၊ ပထမဆုံး ဗြိတိန်သံအမတ်ကြီးစသည့် ရာထူးတာဝန်များဖြင့် နိုင်ငံရေးဘဝ အနားသတ်သွားခဲ့သည်။ ရန်ကုန်မြို့မကျောင်းအုပ်ကြီး ဦးဘလွင်မှာကား အင်မတန်သြဇာကြီး လူဝင်ဆန့်သည့် ပညာရေးပုဂ္ဂိုလ်ကြီးဖြစ်၍ ၁၉၃၇ အုပ်ချုပ်ရေးသစ်တွင် အထက်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဘုရင်ခံက ရွေးချယ်ခန့်ထားခံရသည်။ သို့သော် ၁၉၃၈ ဒီဇင်ဘာ ဗိုလ်အောင်ကျော် ကျဆုံးချိန်တွင် ဆရာကြီး ထိုရာထူးမှ နုတ်ထွက်ရုံမက အင်္ဂလိပ်အစိုးရပေးသည့် ဘွဲ့ထူးများကိုပါ ပြန်အပ်ခဲ့လေသည်။
မိတ္ထီလာအမျိုးသားကျောင်းအုပ်ကြီး ဦးဘရင်ကဲ့သို့ ဂဠုန်ဦးစောအစိုးရ သာသနာရေးဝန်ကြီးဖြစ်ခဲ့သူ ရှိသလို တောင်ငူကျောင်းအုပ်ကြီး ဗိုလ်မှူးဖိုးကွန်းကဲ့သို့ ဝန်ကြီးဘဝ လွတ်လပ်ရေးမှ ရဲဘော်ဖြူတောခိုရာ လိုက်သွားသည့် ခေါင်းဆောင်မျိုး၊ တော်လှန်ရေးကောင်စီခေတ် ဆိုဗီယက်သံအမတ်ကြီးဖြစ်လာသူလည်း ရှိသည်။မန္တလေးကျောင်းအုပ်ကြီး မန္တလေးတက္ကသိုလ်ကျေးဇူးရှင် အာဇာနည် ဝန်ကြီးမစ္စတာရာဇတ်၊ ဖဆပလ လွှတ်တော်ဥက္ကဋ္ဌဘဝနှင့် ဆုံးသည့် ပျော်ဘွယ်ကျောင်းအုပ်ကြီးဦးမြ၊ ဦးနု အတွင်းဝန်ဘဝမှ ကုလအတွင်းဝန်ချုပ်ဖြစ်သွားသည့် ပန်းတနော်ကျောင်းအုပ်ကြီး ဦးသန့်၊ ပဲခူးကျောင်းအုပ်ကြီးဘဝမှ ပမညတလူကြီး နောက် မဆလနိုင်ငံတော်ကောင်စီဝင်ဖြစ်သွားသည့် ဆရာကြီးဦးသာဒင် စသဖြင့်
လာအုံးမည့် လူမှုစီးပွားနှင့် နိုင်ငံရေး အလှည့်အပြောင်းများတွင် ပညာရေးအတွက် ဘယ်အထိ ပြင်ဆင်ထားရမည်ကို ၈၈ အလွန် မြန်မာ့နိုင်ငံရေးလောကက ဆုံးဖြတ်ရပါတော့မည်။ |
နိုင်ငံရေးအသွေးစုံ ဘဝစုံလှသည်။ မူလသပိတ်မှောက် ၁၁ ဦးကော်မတီဝင်မှ နိုင်ငံတော်ကောင်စီဝင်ဖြစ်သည့် ဦးအောင်ဒင်၊ နောက်တိုးကော်မတီထဲက အာဇာနည်သခင်မြ၊ ဖဆပလမှ ဦးနုကို ဆန့်ကျင်ထွက်လာရဲသည့် ၁၉၆၂ အာဏာသိမ်းချိန်တွင် ဒီမိုကရေစီကျဆုံးရသည့်သဘောကို စာတအုပ်ထုတ်ခဲ့သည့် တော်လှန်ရေးခေတ် ရာထူးဝန် သတင်းစာဆရာ ဝန်ကြီးဦးထွန်းဖေ၊ ကျောင်းသားများ နိုင်ငံရေးမလုပ်သင့်ကြောင်း အသံလွှင့်ဟောပြောသည့် အမျိုးသားပညာဝန် ဦးဖိုးကျား၊ ဦးဖိုးကျား၏ မြို့အုပ်မင်းဝတ္ထုဇာတ်ဆောင် အတွင်းဝန် မြန်မာစာပညာရှိ ဦးဖိုးလတ်၊ စစ်ပီးစ အင်္ဂလိပ်အစိုးရ ပြန်ကြားရေးအရာရှိအဖြစ် ရွှေမန်းအောင်စည်သတင်းစာထုတ်ခဲ့သည့် မြန်မာစာကထိက ကျောက်စာဝန် ဦးလူဖေဝင်း စသည်ဖြင့် ဘဝအစုံစုံကို တွေ့ရသည်။ အမျိုးသားကောလိပ်ပရိုဖက်ဆာ ဆရာလွန်းနှင့် ဒီးဒုတ်ဦးဘချိုတို့ နိုင်ငံရေးကဏ္ဍကိုတော့ ထပ်ညွှန်းရန် မလိုပီ။
ကိုလိုနီအစိုးရ အထောက်အပံ့ခံတက္ကသိုလ်တွင် ထမ်းဆောင်နေသော ဒေါက်တာထင်အောင်၊ ဦးအေးမောင်ကဲ့သို့ မြန်မာဆရာများ၊ ဝတ်လုံဦးပု၊ ဦးကျော်မြင့်စသည့် ဒိုင်အာခီလွှတ်တော်တွင်းက မင်းတိုင်ပင်အမတ်များ၊ ဆာဘိုးသာ၊ ဆာဦးသွင်တို့ကဲ့သို့ သူဌေးများ၊ ရန်ကုန်တက္ကသိုလ် ပညာရေးဌာနအောက်မရောက်မီ နောက်ဆုံးအဓိပတိဖြစ်သည့် ငွေစာရင်းမင်းကြီး ဦးစံလွင်ကဲ့သို့ အစိုးရပဋိညာဉ်ခံ အရာရှိကြီးများမှာ အမျိုးသားပညာရေးနှင့် တစိမ်းပြင်ပြင်နေကြသူများ မဟုတ်ပါ။ မြို့မကျောင်းရန်ပုံငွေကပွဲများကို ဒေါက်တာကျော်သက်အဖေ ဥပဒေပြုကောင်စီစက္ကရီတေရီ ဦးဘဒွန်းတို့မောင်နှံ ဦးဆောင်ကာ အလှူငွေသောင်းချီရအောင် ကျင်းပအားပေးကြမြဲဖြစ်သည်။ ထိုပွဲမျိုးတွင် တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့် ပညာတတ်အထက်တန်းလွှာကလည်း တတ်သည့်ပညာဆိုသလို ဝါဂီနစ် သုခုမတို့ဖြင့် ဖျော်ဖြေအသုံးတော်ခံကြမြဲပင်။ ဥပမာ နောင်တွင် ကျေးလက်ပြုပြင်ရေးပညာ ဘိလပ်တွင် ပညာတော်သင်သွားကာ မန္တလေး နော်မန်ဆရာဖြစ်သင်ကျောင်းအုပ်ကြီး ဖြစ်လာသည့် သုစရိတယုဝ အရက်သေစာရှောင်ကြဉ်ရေးအသင်းလူကြီး စာရေးဆရာဦးတင့်ဆွေက ထိုပွဲမျိုးတွင် ရတုရကန်အဲအိုင်တို့နှင့် လက်ဝဲသုန္ဒရအနွယ်ပီပီ ကျဲတတ်သည်။ ၁၉၃၆ တွင် တက္ကသိုလ်ကျောင်းသားတို့ နစ်နာမှုများကို နောက်တကြိမ်ထပ်မံသပိတ်မှောက်အပီး မြန်မာဘာသာဖြင့် စက်မှုလက်မှုသက်မွေးပညာများ သင်ကြားမည့် အမျိုးသားတက္ကသိုလ်ကို ဆာဦးသွင် ဥက္ကဋ္ဌမူပီး မြို့မမြို့ဖများ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစသည့် သပိတ်မှောက်ခေါင်းဆောင်များ ဝိုင်းဝန်းတည်ထောင်ခဲ့ကြသည်။ ရန်ပုံငွေအခက်အခဲကြောင့်သာ ချုပ်ငြိမ်းခဲ့ရသည်။ ဗြိတိသျှအလိုတော်ရိအခေါ်ခံ ဒိုင်အာခီဘူဇွာပညာတတ်များက သူတို့ကို ပြန်ဆဲမည့် မျိုးဆက်သစ်ကို ရှိစုရှိမဲ့ဖြင့် ပျိုးထောင်ပေးသွားခဲ့သည်။
မြန်မာဘာသာဖြင့် စက်မှုလက်မှုသက်မွေးပညာများ သင်ကြားမည့် အမျိုးသားတက္ကသိုလ်ကို ဆာဦးသွင် ဥက္ကဋ္ဌမူပီး မြို့မမြို့ဖများ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစသည့် သပိတ်မှောက်ခေါင်းဆောင်များ ဝိုင်းဝန်းတည်ထောင်ခဲ့ကြသည်။ |
သံအမတ်ကြီးဦးသက်ထွန်းရေးဘူးသကဲ့သို့ ၁၉၂၀-၄၀ အတွင်း ပညာသင်တတ်မြောက်သည့် မြန်မာလူငယ်မျိုးဆက်မှာ တိုင်းပြည်၏ လွတ်လပ်ရေးကို အရဆောင်ကြဉ်းသူများလည်း ဖြစ်သည်။ ၁၈၈၀၊ ၁၉၀၀ ကျော်များက အစောပိုင်း ပညာတတ်များနှင့် အရေအတွက်ကော အရည်အသွေးနှင့် နိုင်ငံရေး လူမှုစီးပွားရေးဘဝများပါ ကွာခြားကြသည်။ ဝတ်လုံ၊ စစ်ကဲဝန်ထောက်၊ စက်ရှင်မင်းကြီးစသူတို့ အားကြီးသည့် နိုင်ငံရေးခေတ်မထခင်က မြန်မာပညာတတ်လူတန်းစားမှာ အုပ်စိုးသူနိုင်ငံခြားသားနှင့် အလွမ်းသင့်အောင်နေကာ အခွင့်ထူးခံ သြဇာထူထောင်သည့်နိုင်ငံရေး၌ လိမ္မာသည်။ ပြုပြင်ရေး ခေတ်မီပြောင်းလဲရေး တောင်းဆိုနေပီဖြစ်သော်ငြား ဝိုင်အမ်ဘီအေကွန်ဖရင့်များတွင်ပင် ဗြိတိသျှဘုရင်နှင့် ဘုရင်မအတွက် ဆုတောင်းပတ္တနာပြုကာ အစည်းအဝေးဖွင့်ရတုန်းဖြစ်သည်။ မြန်မာစာ မြန်မာမှုထက် အနောက်တိုင်းအလေ့၌ ပိုကျွမ်းကျင်ကြသည်။ ဦးရွှေဇံအောင်မှအပ အခြားအင်္ဂလိပ်ပညာတတ် တိုင်းရင်းသားများ မြန်မာစာပေရေးသားမှုဟု မရှိခဲ့လှ။ အင်္ဂလိပ်စာဖြင့် ကျမ်းပြုပညာရှင်ဟုလည်း ဦးမေအောင်၊ ဦးဖေမောင်တင်၊ ဒေါက်တာဘဟန်စသူတို့လောက်သာ ပေါ်ထွန်းသေးသည်။
နိုင်ငံရေး အရှိန်တက်ချိန် စီးပွားရေးကပ်ဆိုက် သူပုန်ထချိန်များတွင် ပညာတတ်လာသည့် သခင်နု၊ သခင်အောင်ဆန်းတို့ခေတ် မျိုးဆက်ကား တက္ကသိုလ်အသစ်မှ ပညာတတ်များများ မွေးထုတ်ပေးနေသည်သာမက အိန္ဒိယမှ လာသည့် ဘင်္ဂါလီ မဒရပ်စီပညာတတ်များနှင့်လည်း အလုပ်နေရာလုနေရပီဖြစ်၍ အထက်တန်းပညာရေးမှာ ရှေးကကဲ့သို့ ဘဝအာမခံချက် မရေရာတော့ပေ။ ထို့ပြင် တိုင်းရင်းသားကျောင်းခေါ် နေရှင်နယ်ကျောင်းများတွင် မြန်မာစာပေ သမိုင်းတို့ကို ဂရုပြုသင်ကြားကာ မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးလိုက်ရကား ယခင်မျိုးဆက်တို့လောက် အင်္ဂလိပ်အစိုးရမင်းအောက် ရိုကျိုးပျပ်ဝံ့မှုက မကြီးတော့ပေ။ တက်လူမျိုးဆက် သခင်မျိုးဆက်ပီပီ နဟီးလစ် ဗိုလရှီဗစ်စသည့် အကြမ်းပတမ်းနိုင်ငံရေးပုံစံများကိုလည်း အိန္ဒိယမှ အနောက်စာပေတို့မှ ပြန့်ပွားလိုက်စားနေကြလေပီ။ ထို့နောက် ၁၉၃၀ နှောင်းတွင် နဂါးနီစာအုပ်အသင်း ပေါ်လာကာ လက်ဝဲလိုလားသော နန်းရင်းဝန်ဒေါက်တာဗမော်ခွင့်ပြုချက်ဖြင့် ကွန်မြူနစ်စာအုပ်များ တရားဝင်တင်သွင်း ပြန်ဆိုခဲ့သည်။ တက္ကသိုလ်တွင် ဦးဖေမောင်တင်၊ ဆရာပွားတို့ချဲ့ထွင်နေသော မြန်မာစာဌာနနှင့် အမျိုးသားပညာရေးအခြေခံတို့ ဓာတ်ပြုကာ ဒဂုန်၊ သူရိယ၊ ကြီးပွားရေး၊ တိုးတက်ရေးစသည့် ခေတ်ပေါ် စာပေမဂ္ဂဇင်းတို့ မြေတောင်မြှောက်ထားသည့် ကာလပေါ် ဝတ္ထုဥယျာဉ်တွင် ခေတ်စမ်းဆိုသည့် ပန်းခင်းအသစ် ပေါ်လာကာ မကြာမီ ၁၉၄၀ ဝန်းကျင်မှ စပီး မြန်မာစာပေတွင် တက္ကသိုလ်နှင့် နဂါးနီထွက် ပညာတတ်စာရေးဆရာပေါက်စတို့ အသံက နေရာယူလာတော့သည်။ လွတ်လပ်ပီးခေတ် မြန်မာ့ပညာရေးကို ဓားမဦးချလယ်တည်ခဲ့ရသည့် ပညာရှင်များလည်း ထိုခေတ်ကပင် အပြိုင်းအရိုင်းထွက်ခဲ့ပါသည်။
အုပ်စိုးသူအသစ်တို့ ပညာရေးလောကသစ် တည်ဆောက်ချိန်တွင် အမျိုးသားကျောင်းများ အိုပယ် ဖြစ်သွားတော့သည်။ |
ဖဆပလခေတ်နှင့် မဆလခေတ်ဦးထိ ရန်ကုန်မြို့မကျောင်းနှင့် မန္တလေးနေရှင်နယ်ကျောင်းထွက် နိုင်ငံရေးသမားများ၊ စစ်ဗိုလ်ကြီးများ၊ စာရေးဆရာပညာရှင်များ တိုင်းပြည်တွင် ကြီးစိုးကာ လက်ဝဲမျိုးချစ်ဝါဒအတွက် ပြည်တွင်းစစ်နှင့် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကိုလည်း ဆင်နွှဲခဲ့သေး၏။ ဦးနု၊ ဗိုလ်လကျ်ာ၊ ဗိုလ်ဇေယျ၊ ဗိုလ်မင်းဂေါင်၊ ဇော်ဂျီ၊ ဗိုလ်ခင်မောင်ကလေးနှင့် ညီ ဗိုလ်မှူးကြီးခင်ညို၊ အမ်အေဒေါ်အုန်း၊ လူထုဒေါ်အမာ စသဖြင့်။ သို့သော် ထိုနေရှယ်နယ်မျိုးဆက်ကောင်းစားချိန်တွင် သူတို့သားသမီးများကို အမျိုးသားကျောင်း မပို့တော့ပါ။ ဦးရာဇတ်ကတော် ဒေါ်ခင်ခင်ကဲ့သို့ သစ္စာသိသူမျိုးက တယ်မများလှပေ။ ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းမှ အစ ခေါင်းဆောင်အများစု သားသမီးများမှာ ခရစ်ယာန်သာသနာပြုကျောင်းများသို့သာ သွားကြသည်။ နေရှင်နယ်ကျောင်းအများစု အစိုးရပညာရေးစနစ်အောက် ဝင်သွားကြသည်က များသလို ရှေးကလို အမျိုးသားရေးလက္ခဏာ ပြယုဂ်ကြီးလည်းမဟုတ်တော့။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ တော်လှန်ရေးနေ့ စသည့် နေ့ထူးအသစ်တွေ ပေါ်လာသောခေတ်တွင် အမျိုးသားအောင်ပွဲနေ့ မှိန်သွားသလို လူထုပညာရေး၊ စာပေဗိမာန်၊ ပြည်တော်သာကျောင်းများ၊ တက္ကသိုလ်ကောလိပ်သစ်များနှင့် စနစ်သစ်ပညာရေး စသည့် အုပ်စိုးသူအသစ်တို့ ပညာရေးလောကသစ်တည်ဆောက်ချိန်တွင် အမျိုးသားကျောင်းများ အိုပယ် ဖြစ်သွားတော့သည်။ ဖဆပလခေတ်တလျှောက် လိုတောင်းကော်မတီများ၊ ပညာရေးနှီးနှောဖလှယ်ပွဲနှင့် ကျောင်းသားလှုပ်ရှားမှု ကွဲပြဲမှုများဖြင့် တက်ကြွနေခဲ့သော ပညာရေးပြုပြင်ရေးလှိုင်းမှာလည်း ဆဲဗင်းဂျူလိုင်အရေးအခင်းမှစကာ ပညာရေးနိုင်ငံရေးဖိနှိပ်သတ်ဖြတ်မှုခုခံရေး ခံစစ်အနေအထားပြောင်းသွားခဲ့သည်။
“တက္ကသိုလ်မှာ သင်တဲ့ပညာတွေဟာ လောကအမြင်နည်းတယ်၊ အင်ပီရီယယ်လစ် ဝါဒကို ထောက်ပံ့တဲ့ ရာဇဝင် အလွမ်းအဆွေး စာပေတွေ များနေတယ်၊ ထွက်လာတဲ့ အီကောနောမစ်တွေကလဲ တိုင်းပြည်မှာ လူမျိုးခြားတွေ စီးပွားရေး သွေးစုပ်နေတာကို ထောက်ပြတာ မတွေ့ဘူး၊ သင်တဲ့ဆရာတွေက ဒင်္ဂါးအအတွေလား၊ ပညာတွေကပဲ နတ်အိုးကွဲမို့လား၊ ပညာကို မလျှိုပဲ သင်မှတတ်တယ်၊ ခုတော့ အနောက်က ဆရာတွေ ရီဆာ့ချ် လာလုပ်စရာနေရာပဲ ဖြစ်နေတယ် ”စသဖြင့် ၁၉၃၈ က သပိတ်မှောက် ကျောင်းသား ဝတ္ထုတွင် ဦးသိန်းဖေမြင့် ဝေဖန်ခဲ့ပါသည်။ သို့သော် လိုရာမရ၍ ကြံဆ ဖောက်ထွက်ခဲ့ရသည့် အမျိုးသားပညာရေး လှုပ်ရှားမှုနှင့် နောက်ဆက်တွဲ တက္ကသိုလ်နိုင်ငံရေး မျိုးဆက်များကြောင့် လွတ်လပ်ရေးထိ စခန်းပန်းတိုင် အရောက် လှမ်းနိုင်ခဲ့ခြင်းက သက်သေသာဓကကြီး မဟုတ်ပါလော။ ထိုမျိုးဆက်များပင် လွတ်လပ်ပီးခေတ်အဆက်ဆက်တွင် တိုင်းရင်းဘာသာနှင့် သက်မွေးဝမ်းကျောင်း စက်မှုလက်မှုပညာများ ဦးစားပေးသင်နိုင်ရန် ကြံစည်ခဲ့ကြသည်မဟုတ်ပါလော။ ပညာရေးတွင် နိုင်ငံရေးအသုံးချမှုက အမြဲစွက်နေသဖြင့် ဆုတ်ယုတ်ခဲ့သည်ကိုလည်း လက်ရှိအခြေအနေက ပြနေဆဲ။
မည်သို့ဆိုစေ မန္တလေး စိုက်ပျိုးရေးနှင့် ဥပစာကောလိပ်များ၊ ရန်ကုန်ဆေးကောလိပ်၊ ဘီအိုစီ အင်ဂျင်နီယာကောလိပ်၊ တီတီစီ ဆရာဖြစ်သင်ကောလိပ်၊ ပါမောက္ခဆာအဂ္ဂါ၏ ဥပဒေပညာဌာန၊ လုစ်၏ အရှေ့ဖျားသမိုင်းဌာန၊ ပါမောက္ခရုဒ်နှင့် ဆရာထင်အောင်တို့၏ အင်္ဂလိပ်စာဌာန၊ အသစ်တိုးချဲ့ထားသည့် သိပ္ပံဌာနများစသည့် ပညာတန်ဆောင်များဖြင့် ကာလကတ္တားမှ ဟောင်ကောင် မနီလာကြားတွင် အကောင်းဆုံးတက္ကသိုလ်တခုကို အနှစ် ၂၀ တွင်း ထူထောင်နိုင်ခဲ့သည်ကတော့ အမှန်ပါပေ။ အများလူထုကြီးကို ထိုပညာရေး၏ အာနိသင်က မည်မျှသက်ရောက်ခဲ့သည်၊ တိုင်းပြည်၏ နိုင်ငံရေးယဉ်ကျေးမှုတွင် ပညာခန်းက ဘယ်အထိစကားပြောသည်ဆိုသည်ကတော့ ဆက်စဉ်းစားစရာဖြစ်ပါသည်။ လာအုံးမည့် လူမှုစီးပွားနှင့် နိုင်ငံရေး အလှည့်အပြောင်းများတွင် ပညာရေးအတွက် ဘယ်အထိ ပြင်ဆင်ထားရမည်ကို ၈၈ အလွန် မြန်မာ့နိုင်ငံရေးလောကက ဆုံးဖြတ်ရပါတော့မည်။ တည်ဆဲအာဏာပိုင်များကတော့ မထောက်မညှာ မီးတိုက်ခဲ့ကြပီ။ တိုင်းပြည်တွင် တောရမ်းပယ်ဘွဲ့ဖြင့် ရွာတွင်ကျယ်လုပ်နေသော ပညာရမ်းကုများ လောကဝိဓူအပ်ပုန်းများဖြင့် ကြက်ဆူတောထလျက်ရှိပီ။ သို့ကြောင့် ပညာစစ်ပညာမှန်များ ပြန်လည်စည်ပင်ထွန်းကားရေးတွင် ပညာတတ်ဆိုသူများ ဓနရှင်များ အမျိုးသားပညာရေးကောင်စီလူကြီးများထားခဲ့သည့် စေတနာထက်မလျော့သော ထောက်ပံ့ခြင်းဖြင့် လောကစရိယကို ပြုနိုင်ကြပါစေ။ မန္တလေး ကျောင်းတိုက်ကြီးများ ဘိုးတော်ဘုရားခေတ်မှ အနှစ် ၂၀၀ တိုင်တိုင် အခြေမပျက်ကြီးပွားအောင် ကြံဆောင်နိုင်သလို လောကီပညာရေးတွင်လည်း ဝိုင်းဝန်းကြပါကုန်။ လူသစ်တည်၍ ပြည်သစ်ဆောက်ကြပါစို့။
( “ မင်း Facebook မှာ တင်ပေးနေတာတွေဟာ လူငယ်တွေသိဖို့ကောင်းတာတွေ အများကြီးပါတယ်”ဟု အားပေးခဲ့သော ဆရာကြီးဦးဘလွင်သား ပါမောက္ခဒေါက်တာရန်နိုင်လွင်၊ အနောက်အီလီနွိုင်းတက္ကသိုလ်သို့။ ဆရာရန်နိုင်လွင်နှင့် ပါမောက္ခဆရာစောထွန်းတို့ ကူညီမှုနှင့် အမေရိကတွင် ဘွဲ့လွန်သင်ကြားခွင့်ရသော မြန်မာလူငယ်များ အတော်များနေပီဖြစ်သည်။)