မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား

မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား
by -
ဘရိုင်ယန် မက်ကာတန်
မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန် ...

ဘန်ကောက် (မဇ္ဈိမ)။     ။ မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန်သည်။

ထို့အပြင် အမေရိကန်က တရုတ်၏ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား တိုးပွားလာနေသော ပူးပေါင်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလာခြင်းကြောင့် တရုတ်နိုင်ငံ အနေနှင့်လည်း ပို၍ပင် စိတ်မသက်သာစရာများ ဖြစ်ပေါ်လာရသည်။

ဤသို့ ထုတ်ဖော် ဖွင့်ချလိုက်မှုများသည် စနေနေ့ထုတ် ဆစ်ဒနီမောနင်း ဟယ်ရယ် (Sydney Morning Herald) သတင်းစာကြီးတွင် ပါရှိခဲ့သည်။ သြစတြေးလျားတက္ကသိုလ် မြန်မာ့အရေးစောင့်ကြည့်သူနှင့် မဟာဗျူဟာလေ့လာရေး ကျွမ်းကျင်သူ ဒက်စမွန်ဘောလ်  (Desmond Ball) နှင့် အလွတ်သတင်းထောက် ဖီလ်သောန်တန် (Phil Thornton) တို့ နှစ်ဦး ၂ နှစ်ကြာ သုတေသနပြု၍ အဆိုပါဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။

ထိုဆောင်းပါးပါ အချက်အလက်များကို မြန်မာ့အနုမြူအစီအစဉ်နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသော မြန်မာနိုင်ငံမှ ကူးပြောင်းလာသူများ၏ ထွက်ဆိုချက်များနှင့် ရေဒီယိုဆက်သွယ်မှု ကြားဖြတ်ဖမ်းယူမှုများကို အခြေခံရေးသားထားခြင်း ဖြစ်သည်။

အတိုက်အခံမီဒီယာများနှင့် မြန်မာ့အရေး လှုပ်ရှားသူများအကြားတွင် မြန်မာ့အနုမြူ စီမံကိန်းအကြောင်း ပြောဆိုနေကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း သူတို့၏ သုတေသနက မြန်မာစစ်အစိုးရသည် အနုမြူဓာတ်ပေါင်းဖို ၂ လုံးကို အကောင်အထည် ဖော်နေကြောင်းနှင့် အနုမြူလက်နက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သေချာပေါက် ညွှန်ပြပြောဆိုနေသည်ဟု ဒက်စမွန်ဘောလ်နှင့် ဖီလ်သောန်တန်တို့က ပြောသည်။

သူတို့၏ သုတေသနအရ ရုရှအကူအညီဖြင့် မကွေးတိုင်း မြိုင်မြို့နယ်တွင် ၁ဝ မီဂါဝပ် အင်အားရှိ အနုမြူဓာတ်ပေါင်းဖိုတလုံးကို တည်ဆောက်နေပြီး နောက်ထပ် `လျှို့ဝှက်´ ၁၀ မီဂါဝပ် အင်အားရှိ ဓာတ်ပေါင်းဖိုတလုံးကို မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မန္တလေးတိုင်း နောင်လိုင်တွင် တည်ဆောက်နေသည်ဟု ဆိုသည်။

ထို့အပြင် ယူရေနီယံ သန့်စင်ရေးနှင့် အဆင့်မြှင့်တင်ရေး စက်ရုံတရုံကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် သပိတ်ကျင်းမြို့တွင် တည်ဆောက်နေသည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုလုံးမှာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း လုံခြံုရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ထောက်ပြသည်မှာ မြောက်ကိုရီးယားသည်လည်း ယုံဗြွန်းရှိ အလားတူ ဓာတ်ပေါင်းဖိုမျိုးဖြင့်ပင် သူတို့၏ နျူကလီးယား အစီအစဉ်ကို ပြုလုပ်သွားကြခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ပို၍အန္တရာယ်ရှိသော အနေအထားတရပ်မှာ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များအရ အလားအလာ ကောင်းသော အနုမြူလက်နက် ထုတ်လုပ်ရေး အစီအစဉ်တရပ်ကို မြန်မာနိုင်ငံက စတင် ဆောင်ရွက်နေပြီဖြစ်ပြီး၊ အကယ်၍ အဆိုပါ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များ မှန်ကန်ပါက အဆိုပါ `လျှို့ဝှက်´ ဓာတ်ပေါင်းဖိုသည် ၂၀၁၄ ခုနှစ်မှစ၍ တနှစ်လျှင် အနုမြူဗုံး တလုံးကျ ထုတ်လုပ်သွားနိုင်တော့မည်ဟု ဆိုသည်။

အနုမြူဗုံး ထုတ်လုပ်ရေး အစီအစဉ်အတွက် ယခုထက်ပိုပြီး ပြင်ပအကူအညီများ လိုအပ်သေးသည်မှာ မှန်သော်လည်း တကိုယ်တော် အထီးကျန်နေ၍ အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ အာဏာရှင်အစိုးရများကို အနုမြူနည်းပညာနှင့် အတတ်ပညာ တင်ပို့ပေးရန် လိုလားကြောင်း ပြံုယမ်းက ပြသခဲ့သည်။

မြန်မာနိုင်ငံအတွက်ဆိုလျှင် မြောက်ကိုရီးယားအနေဖြင့်လည်း ဤသို့ အနုမြူနည်းပညာများ ပေးအပ်ခြင်းဖြင့် သူတို့နိုင်ငံ အနုမြူဗုံး ထုတ်လုပ်ရေး စီမံကိန်းအတွက် လိုအပ်နေသော နျူကလီးယား ဓာတ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားနေခဲ့သည်ဟု ယုံကြည်ရသော မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ် (၁) (Kang Nam 1) ကြောင့် ပြံုယမ်းနှင့် နေပြည်တော်တို့အကြား ဒုံးကျည်ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီလားဟူသော သံသယများကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

အတိုက်အခံ သတင်းရပ်ကွက်များကမူ စစ်အစိုးရသည် စကဒ် (Scud) ပုံစံ ဒုံးကျည်များကို ရရှိထားပြီဖြစ်ပြီး၊ သူတို့ကိုယ်တိုင် ပုံစံထုတ်တည်ဆောက်ထားသော စကဒ် ဒုံးကျည်များကို ယခုအခါ စမ်းသပ်ပစ်လွှတ်နေပြီဟု ပြောသည်။

ယင်းတို့ကို မြောက်ကိုရီးယား အကြံပေးများ၏ အကူအညီဖြင့် တည်ဆောက်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤသို့သော ပြောဆိုချက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့သော် နအဖ အဖွဲ့တွင် နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်၍ စကဒ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟူသော သတင်းက အဆိုပါပြောဆိုချက်ကို တစိတ်တပိုင်း အတည်ပြုပေးနေသည်။

ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ရောင်းချရန်ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဂျပန်အမှုဆောင်အရာရှိ ၃ ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟူသော သတင်းများလည်း ဇူလိုင်လ အစောပိုင်းက ပေါ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံက အနုမြူလက်နက်များ ရရှိထားပြီး ထိုလက်နက်များကို ပစ်လွှတ်ရန် ဒုံးကျည်စနစ်တခု တည်ဆောက်နေသည်ဟူသော သတင်းကြောင့် ဒေသတွင်း လုံခြံုရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်လာပြိး အရှေ့တောင်အာရှတွင် လက်နက်ပြိုင်ဆိုင်မှုတရပ်ကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။

စနေနေ့က အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် ထိုင်းအမျိုးသား လုံခြံုရေးကောင်စီ အကြီးအကဲThawil Pliensri က အဆိုပါ သတင်းကို လေ့လာစုံစမ်းရန် သူ့အရာရှိများကို အမိန့်ပေးညွှန်ကြားခဲ့သည်။

ဤသို့သော အခြေအနေမျိုးကို မြန်မာနိုင်ငံအတွက် နိုင်ငံတကာစင်မြင့်တွင် အဓိက အကာအကွယ်ပေးနေသူကလည်း လိုလားနှစ်သက်မည် မဟုတ်သည်မှာ သေချာသည်။ သူ့နိုင်ငံ၏ ကြီးထွားတိုးတက်လာနေသော စက်မှုလုပ်ငန်းများအတွက် သဘာဝသယံဇာတများ စျေးချောင်ချောင်ဖြင့် ရရာနေရာအဖြစ်၎င်း၊ ဝေးလံ၍ ကုန်းတွင်းပိတ် ဖြစ်နေသော အနောက်တောင်ဒေသအတွက် ကုန်သွယ်ရေး ထွက်ပေါက်အဖြစ်၎င်း၊ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းရာတွင် မဟာဗျူဟာကျသော လမ်းကြောင်းအဖြစ်၎င်း အသုံးချနိုင်ရန် တရုတ်နိုင်ငံက အတော်အတန် ကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို နောက်လတွင် စတင်ရန် စီစဉ်ထားသည်။ အဆိုပါ ပိုက်လိုင်းမှ တနှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၂၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၂ ဘီလျံမျှကို မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်ပြည် အနောက်တောင်ပိုင်း ကူမင်းမြို့တော်သို့ သယ်ပို့ပေးနိုင်မည်ဖြစ်သည်။

ဤအဆိုပြုထားသော ရေနံပိုက်လိုင်းဖြင့် တရုတ် ရေနံတူးစင်များအနေဖြင့် ကျဉ်းမြောင်းသော မာလက်ကာရေလက်ကြားကို ရှောင်ကွင်း၍ သယ်ယူနိုင်တော့မည်ဖြစ်သည်။ လောလောဆယ်တွင် စုစုပေါင်း လောင်စာသွင်းကုန် ၈ဝ % ကို အဆိုပါ ရေလက်ကြားကိုဖြတ်၍ တင်သွင်းနေရပြီး အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပွားလာလျှင် အဆိုပါ ရေလက်ကြားကို ပိတ်မိနိုင်သော နေရာအဖြစ် တရုတ်က ရှုမြင်ထားသည်။

လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံက မမြင်လိုဆုံးအချက်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကြောင့် သူတို့၏ ကူးသန်းရောင်းဝယ်ရေး သွေးလွှတ်ကြောအသစ်များ အန္တရာယ်ရှိမည့် အရေးပင် ဖြစ်သည်။ ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံနေမှုများ ရုပ်သိမ်းလိုက်ပြီးကတည်းက တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို အတိုင်းအတာအမျိုးမျိုးဖြင့် ထောက်ပံ့ကူညီပေးနေခဲ့သည်။

ဗိုလ်ချုပ်ကြီးများ သူတို့စစ်တပ်ကို ခန့်မှန်းခြေအင်အား ၅ သိန်းထိ အလျင်အမြန် တိုးချဲ့နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ထိုသို့ အကြီးအကျယ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများကို မြန်မာနိုင်ငံ ရှောင်လွှဲနိုင်ခဲ့သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ သြဇာကြောင့်ပင် ဖြစ်သည်။ တရုတ်ကုမ္ပဏီများအတွက် အကျိုးများလှသော မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာဝသယံဇာတ ပစ္စည်းများ ထုတ်ယူခွင့် ရရှိရေး၊ မြန်မာနိုင်ငံသို့ စီးပွားရေးအရ လမ်းပေါက်ရေးတို့အတွက် တရုတ်နိုင်ငံက ငွေနှင့်ကြိုးပမ်းမှုများ အတော်အတန် သုံးစွဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အန္တရာယ်များလှသောလမ်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိသည့် မြန်မာနိုင်ငံအပေါ် တရုတ်က တနေ့တခြား စိတ်ပျက်လာနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံက အနုမြူလက်နက်အဆင့်ရှိ လက်နက်ပိုင်ဆိုင်လာလျှင်သော်၎င်း၊ ဒုံးကျည် ပိုင်ဆိုင်လာလျှင်သော်၎င်း၊  စိုးရိမ်ပူပန််မှုများ တိုးပွားလာမည်မှာ သံသယဖြစ်စရာ မရှိပါ။ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ သုတေသန စာတမ်းတွင် သြစတြေးလျားလူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ  အင်ဒရူးဆက်သ် (Andrew Seth) က`မြန်မာနိုင်ငံက တရုတ်ပြည်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့်၎င်း၊ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်သောကြောင့်၎င်း၊ မြန်မာစစ်ခေါင်းဆောင်များ၏ အမူအကျင့်မှာ ခန့်မှန်းရခက်သောကြောင့်၎င်း၊ နအဖ ကသာ အနုမြူလက်နက် ပို်င်ဆိုင်လာဖွယ်ရှိသည်ဆိုလျှင် ပီကင်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိဖွယ်မမြင်ပါ´ ဟု ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံက အခြား မနှစ်မြို့စရာ နိုင်ငံတကာအစိုးရများဖြစ်သော ဆီးရီးယားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများကို သမရိုးကျလက်နက်များနှင့် ဒုံးကျည်လက်နက်များ ထောက်ပံ့ပေးနေခြင်းအား တရုတ်နိုင်ငံက ယခုအထိ ခွင့်ပြုထားခဲ့သော်လည်း သူနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလားတူ လက်နက်များ ထောက်ပံ့ပေးပို့ခဲ့လျှင်ကား အဆိုပါ ချစ်ကြည်ရေးစိတ်ဓာတ်မှာ အာဏာကုန်ဆွဲဆန့်မှသာ ထိုသို့လိုက်လျောနိုင်မည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ခေါ်ဆိုလေ့ရှိသော `ပါဝါအပျော့´ ကင်ပိန်းဖြင့် ရယူထားရသော သံတမန်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများ အရှေ့တောင်အာရှဒေသကြီးတွင် ထိခိုက်ပျက်စီးလာမည်ကိုမူ လိုလားမည် မဟုတ်ပါ။

ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရေးမှာ တရုတ်ပြည်အတွက် အဓိကအချက် ဖြစ်သည်။ မြန်မာနိုင်ငံက ဒုံးကျည်သော်၎င်း၊ အနုမြူလက်နက်သော်၎င်း ပိုင်ဆိုင်လာခြင်းဖြင့် အဆိုပါ လက်နက်မျိုး ပိုင်ဆိုင်ခြင်းမရှိသည့် ဒေသတွင်းတွင် လူအမြောက်အမြားကို သေကြေပျက်စီးစေနိုင်သည့် လက်နက်နည်းပညာ ပြန့်ပွားလာမည့် အန္တရာယ်လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက ကာကွယ်ဟန့်တားနိုင်သော ရွေးလမ်းအဖြစ် အကြောင်းပြကာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။

`ဤသို့သော ထိတ်လန့်သံသယ ဖြစ်မှုများအောက်တွင် ဒေသတွင်းလုံခြံုရေး အန္တရာယ်မှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ အခြားနိုင်ငံများအနေနှင့်လည်း သူတို့၏ မဟာဗျူဟာလက်နက်များ တိုးချဲ့ချထား ထုတ်လုပ်ရန် လိုအပ်နေပြီဟူသော အမြင်မျိုးများလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ပိုမိုနီးကပ်လာနေသော မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် အမေရိကန်က တုံ့ပြန်အရေးယူဆောင်ရွက်လာနိုင်ဖွယ် ရှိသည့်အပေါ်လည်း ပီကင်းက စိုးရိမ်ပူပန်လိမ့်မည်ဖြစ်သည်´ဟု အင်ဒရူးဆက်သ်က သူ့စာတမ်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အနုမြူလက်နက်အစီအစဉ်နှင့် ဒုံးကျည်ရရှိရေး ကြိုးပမ်းမှုများအတွက် သက်သေအထောက်အထား အခိုင်အမာ ရရှိပြီဆိုပါက မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမည့် သူ၏ မြန်မာနိုင်ငံ မူဝါဒကို ဝါရှင်တန်က ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဂျေ ခရိုလီ (Philip J. Crowley) က `မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု သဘောသဘာဝနှင့် ပတ်သက်၍´ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။

သူက မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး ဆိုသည်ကို ရှင်းလင်းပြောကြားခြင်း မပြုသော်လည်း မြေအောက် အနုမြူစက်ရုံများ တည်ဆောက်နေမှုနှင့် ပတ်သက်သည့် မေးခွန်းများကိုမူ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အကဲခတ်အများအပြားကမူ မြန်မာနိုင်ငံ၏ အနုမြူလက်နက်ကိစ္စအပေါ် အမေရိကန်က အသစ်တဖန် စိတ်ဝင်စားနေသည်ဟု ယုံကြည်ကြသည်။
လိုးဝီးနိုင်ငံတကာ မူဝါဒ အင်စတီကျု (Lowy Institute for International Policy) ၏ ဘလော့ဖြစ်သော The Interpreterတွင် သြဂုတ်လ ၃ ရက်နေ့က ရေးသားရာ၌ အင်ဒရူးဆက်သ်က `အိုဘားမားအစိုးရသည် သူတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်သည့်လုပ်ငန်း တစိတ်တပိုင်းအနေနှင့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို သေချာစွာ လေ့လာစုံစမ်းနေသည်ဟု ဆိုသည်။

သို့သော် ယခုအထိ အမေရိကန်အစိုးရက ဤကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ရာတွင် အထူးသတိထားနေသည်။ ကြေညာချက် မထုတ်ပြန်မီ မြန်မာ့အနုမြူ အစီအစဉ်နှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေခံချက်များရအောင် စောင့်ဆိုင်းနေဖွယ်ရှိသည်ဟု သူက ပြောသည်။

သတင်းအချက်အလက်များ ဆက်လက်ပေါက်ကြားနေခြင်း၊ ယင်းကြောင့် စစ်ရေးအဆက်အဆံများအပေါ် မီဒီယာက အာရုံစိုက် စိတ်ဝင်စားလာနေခြင်း၊ နေပြည်တော်နှင့် ပြံုယမ်းအကြား ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများတို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေမှုမှာ နဂိုအတိုင်းပင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပို၍ပင် အရှိန်မြင့်လာနိုင်သည်။

အိုဘားမားအစိုးရက အရှေ့တောင်အာရှဒေသကို အသစ်တဖန် စိတ်ဝင်စားလာနေပြန်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံအတွက်လည်း သူ၏ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ၏ ကြီးမားလှသော ရည်မှန်းချက်များကို ထိန်းချုပ်ဇက်သတ်ထားနိုင်သည့် အကောင်းဆုံး အကျိုးစီးပွားကို ရရှိသွားစေခဲ့သည်။

Most read this week