ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ
by -
မသပြေ
ကျမတို့ဒေသက ပေါင်းလောင်း။ ပေါင်းလောင်းရဲ့ အလယ်ဗဟိုတည့်တည့်၊ တောင်နဲ့မြောက် စီးဆင်းလာတဲ့ ပေါင်းလောင်းချောင်း ရှိတယ်။ ပေါင်းလောင်းမြေ ပေါင်းလောင်းဒေသ သဘာဝ ပတ်ဝန်းကျင် တခုလုံး စိမ်းလန်းစိုပြေပြီး သဘာဝအလှ တောင်တန်းများ ...

ကျမတို့ဒေသက ပေါင်းလောင်း။ ပေါင်းလောင်းရဲ့ အလယ်ဗဟိုတည့်တည့်၊ တောင်နဲ့မြောက် စီးဆင်းလာတဲ့ ပေါင်းလောင်းချောင်း ရှိတယ်။

ပေါင်းလောင်းမြေ ပေါင်းလောင်းဒေသ သဘာဝ ပတ်ဝန်းကျင် တခုလုံး စိမ်းလန်းစိုပြေပြီး သဘာဝအလှ တောင်တန်းများ အဆင့်ဆင့်တို့့ရဲ့ ရှုခင်းလေးဟာလည်းပဲ ကြည်နူးမဆုံးပါပဲ။ တောကြီးတောင်ကြီးများ ရှိသလို၊ တောရိုင်း တိရစ္ဆာန်တွေလည်း အလွန်ပေါများပါတယ်။ တောဆင်ရိုင်း၊ ကျွဲရိုင်း၊ ပြောင်၊ ဝက်ဝံ၊ ကျား၊ ကျားသစ်နဲ့ တခြား တိရစ္ဆာန်ပေါင်း အမြောက်အမြား ငြိမ်းချမ်းလွတ်လပ် ရှင်သန်ပျော်မြူးစွာ နေထိုင်ကြတာ ဖြစ်ပါတယ်။ စိမ်းလန်းစိုပြေနေတဲ့ သဘာဝအလှအပ တောတောင်ကြီးများနဲ့အတူ သာယာချိုမြတဲ့ ငှက်ကလေးတို့ရဲ့ တေးသီသံစုံကိုလည်း ကြားရသူတိုင်း ပြံုးပျော်ပီတိဖြစ်မိမှာ အမှန်ပါ။ လူနဲ့သတ္တဝါပေါင်း ထောင်သောင်းမက ရှင်သန်နိုင်ရေး သက်မွေးမှီခို အားထားနေထိုင်ကြတဲ့ ပေါင်းလောင်းမှာ၊ တန်ဖိုးရှိ သစ်များလည်း အလွန်ပေါပါတယ်။ ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ သစ်မွှေး၊ သစ်ယာ၊ အင်နဲ့ တခြားသစ်မာများလည်း အလွန်ပေါများပါတယ်။ ဒီလိုသစ်တောကောင်းတော့ ပျားရည်စစ်စစ်၊ အင်တွဲ၊ သစ်စေး၊ သစ်ခွပန်းတွေလည်း ပေါများပါတယ်။

အထက် ပေါင်းလောင်း ရေကာတာကြောင့် နစ်မြုပ်နိုင်သည့် ဧရိယာ
(ဒီတောထွက်ပစ္စည်းများကို သာမန်အရပ်သားတွေ ထုတ်ယူရောင်းချရင်တော့ သစ်တောဦးစီးဌာနက ဖမ်းတယ်တဲ့။ သစ်တောပြုတ်အောင်ဖြုတ်တဲ့ အစိုးရသစ်ထုတ်လုပ်ရေးက ပြည်သူများ လိုလားတောင့်တနေတဲ့ လမ်းပန်းဆက်သွယ်ရေးကို အကြောင်းပြပြီး ပေါင်းလောင်းက တန်ဖိုးရှိတဲ့ သစ်တွေ ထုတ်ယူဖြုန်းတီးပစ်တာကျတော့ သစ်တောဦးစီးဌာနတွေ ဘယ်ပျောက်ကုန်လဲ မသိတော့ပါဘူး။ လမ်းပန်းကို အကြောင်းပြု စက်ယန္တယားများနဲ့ လမ်းဖောက်ပြီးရင် သစ်ထုတ်လုပ်ရေးအဖွဲ့က သစ်ထုတ်၊ နိုင်ငံခြားကို ခိုးပို့၊ ဒါ စစ်အစိုးရရဲ့ စီမံကိန်းတဲ့လေ။)

အခု နိုင်ငံတော်စစ်အစိုးရ နဝတ - နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ် ရောက်တော့ မြို့တော်သစ် နေပြည်တော် အချိန်ပြည့် မီးလင်းနေစေရေးအတွက်ဆိုပြီး ပေါင်းလောင်းမြစ်ချောင်းကို အသုံးချ၊ ရေကာတာကို ဆောက်လုပ်မယ်ဆိုတော့ သစ်ပြုန်းတောပြုန်း တိရစ္ဆာန်များ မျိုးတုံးရုံမက သဘာဝမြေသြဇာနဲ့ အောင်မြင်ဖြစ််ထွန်းနေတဲ့ ဥယျာဉ်လယ်ယာခြံမြေတွေ ကျေးရွာပေါင်း ၂ဝ ကျော်နဲ့ ပေါင်းလောင်းမြေကိို ဝါးမြိုပါတော့မယ်။ မကြာခင် ရေအောက် ရောက်ပါတော့မယ်။ ကယ်ကူရာမဲ့ ပေါင်းလောင်းပြည်သူတွေ ရင့်နင့်အောင် ခံစားနေရပြီ။ သွေးအေးသတ္တဝါ ဗိုလ်ချုပ်မှူးကြီး ညွှန်ပြထားတဲ့ အစားထိုးနေရာက ကုန်းပြင်မြင့်ဖြစ်ပြီး အရင်လို သဘာဝမြေသြဇာကြွယ်ဝပြီး အောင်မြင်ဖြစ်ထွန်းနေတဲ့ မြေက အစားထိုးမြေ မဖြစ်နိုင်ပါ။ အစားထိုးလို့ မရနိုင်ပါ။ ဒီလိုနဲ့ ကျမတို့ ပေါင်းလောင်းဗမာ၊ ကယန်း၊ တိယန်-လထ တိုင်းရင်းသားများရဲ့ နိဗ္ဗာန်ဘုံလေးဟာ ရေအောက်ကို ငုပ်လျှိုးနစ်မြုပ်သွားပါတော့မယ်။

ဟို အရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်၊ ၃ဝ လောက်တုန်းကလည်း ကျမတို့ ပေါင်းလောင်းဒေသက ပြည်သူလူထုများ ဖြတ်လေးဖြတ်ကြောင့် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပြီးပါပြီ။ ရှမ်း-ကယန်း နယ်စပ်တောင်ပေါ်ရွာတွေဟာ ပေါင်းလောင်းဒေသထဲကို ရက်တိုတ်ိုနဲ့ အမြန်ဆုံး ပြောင်းရွှေ့ပေးခဲ့ရပြီး၊ နှစ်ရှည်သီးစား ဥယျာဉ်ခြံမြေ၊ အိုးအိမ်ပစ္စည်း ဥစ္စာမြောက်မြားစွာ ဆုံးရှုံးခဲ့ရပါတယ်။

ကိုယ်ရဲ့ ကျင်လည်ကျက်စားရာ ဒေသကို စွန့်ခွာခဲ့ရလို့ ဒုက္ခပင်လယ်ဝေနေချိန်၊ ဖြတ်လေးဒဏ်တွေကြောင့် ရွှေ့ပြောင်းရတဲ့ အလုပ်တွေက များ၊ နေ့မအား ညမနားဘဲ တချိန်လုံး သယ်ပိုးနေရတာ တချို့အိမ်တွေများဆိုရင် စားစရာဆန် အိမ်မှာမရှိ၊ ညမနက် ရှာစားရသူက ခပ်များများ။

စစ်တပ်ပေါ်တာ တခေါက်ပါသွားရင် ၁ဝ ရက်ထက်မနည်း၊ တိုက်ပွဲဖြစ်ခိုက် ကြံုခဲ့ရင်ဖြင့် ရွာသူရွာသားတွေမှာ မသက်သာ၊ သတင်းမပို့ရကောင်းလားဆိုပြီး၊ တွေ့တဲ့လူကို ဆွဲခေါ်၊ ထုထောင်း၊ တရွာပြီးတရွာ သတင်းလိုက်တောင်းခိုင်း၊ အချိန်နာရီ အကန့်အသတ်နဲ့ ပေးထားပြီး၊ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရောက်ရင်ရောက်၊ နောက်မကျနဲ့၊ နောက်ကျလို့ကတော့ ထုခံ ထိပြီမှတ်။ ရွာမှာ အလှည့်ကျ ကင်းစောင့်ပေးရ၊ ကိုယ့်အလုပ်ကို အသာထား၊ ကိုယ့်ထမင်း ကိုယ်စားပြီး စစ်တပ်က ခိုင်းလာ စေလာမယ့် အလုပ်ကို အချိန်ကုန်ခံပြီး ထိုင်စောင့်နေရ။ အင်အားကြီးမားတဲ့ စစ်ကြောင်းတွေနဲ့ ရွာထဲ ဝင်မွှေနှောက်၊ ဘာရှာမှန်း မသိ။ ရွာသားတွေကို နေ့ရောညပါ ရွာပြင်ပေးမထွက်ဘဲ မထွက်ရအမိန့်ကို ထုတ်ထားတာ၊ တောင်သူလယ်သမားတွေ လုပ်ကိုင်စိုက်ပျိုးလို့ ရထားသမျှ၊ ကောက်ပဲသီးနှံ ဆန်စပါးတွေကို ကိုယ့်အိမ်ကိုယ့်ရွာမှာ ပေးမထားဘူးလေ။ (စစ်တပ်ရဲ့အမိန့်)

ယေဘုယျအားဖြင့် ချောင်းရဲ့ အရှေ့ဘက်ကမ်း ရွာတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေ အရောက်များပြီး အနောက်ဘက်ကမ်း ရွာတွေကို အရောက်နည်းတယ်လို့ ထင်မြင်ယူဆကာ ချောင်းအရှေ့ဘက်ကမ်းက ရွာတိုင်းအိမ်တို်င်း တဖက်ကမ်းရွာတွေမှာ အဓိကအားဖြင့် ဆန်စပါးကို ရွှေ့ပြောင်းထားပေးရတယ်။ စစ်တပ်က မထားမနေရစနစ် ကျင့်သုံးတော့့၊ အရပ်သားများ ဘာမှ မတတ်နိုင်ပါ။ တအိမ်မှာ တရက်ကို တယောက် ဆန် ၂ ဗူးနှုန်း ခွဲတန်းချသတ်မှတ်ပြီး ၃ ရက်စာထက် ပိုမယူရပါ။

မိုးရာသီမှာ ပေါင်းလောင်းမြစ်ဟာ ရေတအားကြီးတော့ ရေကြီးချိန်မို့ ၁ဝ ရက် တကြိမ် ထုတ်စားနိုင်ရန် တောင်းဆိုပြန်လည်း ခွင့်မပြု။ မိုးရာသီမှာ ရေတွေ ရက်ရက်စက်စက် ကြီးနေလည်းပဲ၊ ကျမတို့ ရွာသားတွေ အသက်စွန့်ပြီး ဝါးဖောင်နဲ့ ကူးယူခဲ့ရတယ်။ ကိုယ့်ဆန်စပါး ဖြစ်လျက်နဲ့ ၃ ရက်မှ တခါ ထုတ်ယူစားနေရတာက တဒုက္ခ၊ အကယ်၍ တအိမ်အိမ်မှာ လူဦးရေထက် ဆန်ပိုနေတာတွေ့ရင် (အဲဒီအိမ်ဟာ သူပုန်တွေကို ထောက်ပံံ့ကူညီနေတဲ့အိမ်) လို့ စွပ်စွဲချက်တင် အပြစ်ပုံချ၊ ဒဏ်ရိုက်တာတွေ လုပ်တော့တာပဲ။ နောက်ဆို ဆန်သွားယူစားတိုင်း အသွားတကြိမ်၊ အပြန်တကြိမ် ရွာသူကြီးအိမ်မှာသွားပြီး ၃ ရက်စာ သွားယူတာ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရတယ်။ ဒီလိုနဲ့ ၃ နှစ် ၃ မိုးလုံး ဒုက္ခခံခဲ့ရတယ်။ ကံကောင်းချင်တော့ ၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပါတော့တယ်။ ၈၈ အရေးတော်ပုံကြီး ဖြစ်ပြီးနောက်ပိုင်း၊ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကြီး ခေတ္တပျောက်ကွယ်သွားချိန်မှာ ကျမတို့ပေါင်းလောင်းက တောင်သူလယ်သမားတွေ လွတ်လွတ်လပ်လပ် စီးပွားရေးကို တိုးချဲ့လုပ်ကိုင်နိုင်လာတော့တယ်။ အတော်လေး နာလန်ပြန််ထူလာကြပါတယ်။

အခုလာပြန်ပြီ ပေါင်းလောင်းဆည်။

Most read this week