ထိုင်းနိုင်ငံ၊ ဘန်ကောက် (မဇ္စျိမ)။ ။ အန္တရာယ်များလှသော ပေါ်လစီအတွက်် အန္တရာယ် အလွန်များလှသည့် ကစားပွဲတခုကို မြန်မာနိုင်ငံမြောက်ဘက်ရှိ တရုတ်ဘက်မျက်နှာစာတွင် ကစားနေကြသည်။
ထိုနေရာတွင် လွန်ခဲ့သည့် နှစ် ၂ဝ မှစ၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရယူထားသော တိုင်းရင်းသား တော်လှန်ရေး အုပ်စုများသည် သူတို့၏ တပ်များကို မြန်မာစစ်တပ် လက်အောက်ခံ နယ်စပ် လုံခြံုရေးတပ်များအဖြစ် ပြောင်းလဲရန်နှင့် သို့မဟုတ်ပါက စစ်ပွဲအသစ်များနှင့် ရင်ဆိုင်ရမည်ဟု အမိန့်ပေးခံထားရသည်။
စစ်အစိုးရသည် သူ၏ “ဒီမိုကရေစီလမ်းပြမြေပုံ“ ထဲတွင် ပါဝင်သည့် အဓိက အစိတ်အပိုင်း တခုဖြစ်သော အပစ်ရပ် အဖွဲ့များအား လက်နက်ဖြုတ်ခိုင်းခြင်းကို ပြုလုပ်နေကာ မကြာခင် ကျင်းပတော့မည့် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲသည်လည်း ထိုလမ်းပြမြေပုံထဲတွင် ပါဝင်ပါသည်။ ထိုသို့ အသွင်ပြောင်းလဲရန်အတွက် စစ်အစိုးရ၏ အကြောင်းပြချက်မှာ ပြသာနာများကို ဖြေရှင်းပြီးဖြစ်သဖြင့် ဒီမိုကရေစီစနစ်၏ အောက်တွင် တိုင်းရင်းသား အဖွဲ့များအနေနှင့် လက်နက် ဆက်လက်ကိုင်ထားရန် အကြောင်းမရှိပါ။
တိုင်းရင်းသား ခေါင်းဆောင်များက ထောက်ပြကြသော ထိုအကြောင်းပြချက်၏ ဟာကွက်မှာ အပစ်အခတ်ရပ်ဆဲရန် သဘောတူအပြီး နှစ် ၂ဝ လုံးလုံး တိုင်းရင်းသားလူနည်းစုတို့၏ နစ်နာမှုများနှင့် ပတ်သက်၍ ဗဟိုအစိုးရမှ မည်သည့်နိုင်ငံရေး ဆွေးနွေးမှုမှ မပြုလုပ်ခဲ့ပါ။ စစ်အစိုးရမှ ၎င်းတို့ ကိုယ်ပိုင် အခြေခံဥပဒေကို တဖက်သတ် ရေးဆွဲရန် ပြုလုပ်သော အမျိုးသားညီလာခံတွင် တိုင်းရင်းသား လူနည်းစုများကိစ္စကို တင်ပြရန်ကြိုးစားခဲ့သော လုပ်ရပ်ကို လျစ်လျှုရှုခံခဲ့ရသည့်အပြင် တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း ဖမ်းဆီးခြိမ်းခြောက်ခံခဲ့ရသည်။
ဗိုလ်ချုပ်များဘက်မှ အလွန်မောက်မာထောင်လွှားနေသည်ကို သိရှိလာရသည့် ယခုလို အခြေအနေတွင် တိုင်းရင်းသား ခေါင်းဆောင်များသည် သူတို့ကို်ယ်တိုင်ရော၊ သူတို့လူထုများကိုပါ လုံးဝ အကာအကွယ်မဲ့ ပစ်ထား၍ တပ်များအား စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ လွှဲပေးလိမ့်မည်ဟု သူတို့အား မျှော်လင့်၍ ရနိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။ အကယ်၍ လေ့လာသူ တော်တော်များများ ယုံကြည်ထားသကဲ့သို့ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် လွဲချော်မှုများ ရှိနေသည်ဟု သက်သေပြနိုင်ခဲ့ပါက ဗိုလ်ချုပ်များကို ထိပ်တိုက်ရင်ဆိုင်ရန် တိုင်းရင်းသား နိုင်ငံရေးသမားများသည် ထောက်ပံ့ ပံ့ပိုးပေးမည့် လက်နက်ကိုင်တပ်များ မရှိဘဲနှင့်ဆိုလျှင် အင်အားမရှိ ဖြစ်ကြမည်သာ ဖြစ်သည်။
စစ်အစိုးရ၏ ထောက်လှမ်းရေး အေဂျင်စီဖြစ်သော စစ်ဖက်ဆိုင်ရာ လုံခြံုရေး အကြီးအကဲ ဒုတိယဗိုလ်ချုုပ်ကြီး ရဲမြင့်သည် ဧပြီလနှင့် ဇွန်လတွင် ပြုလုပ်သော အစည်းအဝေး ၂ ကြိမ်တွင် တိုင်းရင်းသား ခေါင်းဆောင်များအား သူတို့သည် အသွင်ပြောင်းလျှင် ပြောင်း၊ မပြောင်းလျှင် စစ်ပွဲနှင့်သာ ကြံုရမည်ဟု ရှင်းလင်းစွာ ပြောဆိုထားပြီး ဖြစ်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ - MNDAA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (ရှမ်းပြည်နယ် အရှေ့ပိုင်း) - NDAA-ESS တို့သည် ကမ်းလှမ်းချက်ကို ပယ်ချထားသော်လည်း ဆွေးနွေးပွဲများမှာမူ ဆက်လက်၍ လုပ်ကိုင်နေဆဲဖြစ်သည်။ စစ်အစိုးရ၏ တိုက်ခိုက်မူကို တောင့်ခံနိုင်ရန် မျှော်လင့်ချက်မရှိသော သေးငယ်သည့် အပစ်ရပ်အုပ်စုများမှာမူ နယ်စပ်လုံခြံုရေးတပ်အဖြစ် အသွင်ပြောင်းလဲရန် သဘောတူထားကြရသည်။
အပစ်ရပ်အဖွဲ့များ၏ ဆက်လက်ငြင်းဆန်နေမှုကို တု့ံပြန်သောအားဖြင့် မြန်မာအစိုးရသည် ကချင်နှင့် ဝတပ်များနှင့် မျက်နှာချင်းဆိုင်တွင် သူ၏ တပ်များကို အားဖြည့်ထားလေသည်။ စစ်အစိုးရ၏ စစ်ကူဖြည့်တင်းမှုတွင် မော်တာနှင့် လက်နက်ကြီးများ အပါအဝင် ခြေလျင််တပ်မတခု သို့မဟုတ် နှစ်ခုခန့်ရှိသည်ဟု တိုင်းရင်းသား တော်လှန်ရေးအုပ်စုများနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောကြားသည်။ တော်လှန်းရေး အုပ်စုများမှလည်း စစ်သားဟောင်းများကို ပြန်လည်ဆင့်ခေါ်ခြင်း၊ လူသစ်များ စုဆောင်းခြင်းနှင့် ရှေ့တန်းနေရာများသို့ တပ်များ ပို့လွှတ်ခြင်း စသည်တို့နှင့် ပြန်လည် တုံ့ပြန်ကြသည်။
အပစ်ရပ်အဖွဲ့များ၊ အထူးသဖြင့် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - USWA သည် လှုပ်ရှားမှု အနည်းငယ်သာ ရှိခဲ့သော်လည်း လွန်ခဲ့သော နှစ် ၂ဝ ကထက် ပိုမို၍ လက်နက်တပ်ဆင်လာနိုင်ခဲ့ကာ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ စစ်ရေးလေ့လာသူများ၏ အဆိုအရ မြန်မာစစ်တပ်အနေနှင့် လွယ်ကူစွာ အောင်မြင်လိမ့်မည် မဟုတ်ဘဲ နောက်ထပ်အနှစ် ၂ဝ သို့မဟုတ် ထို့ထက် ပိုမိုကြာရှည်သွားနိုင်သည်ဟု ခန့်မှန်းကြသည်။
ထို ဆိုင်နေသော နှစ်ဖက်တို့အပေါ်တွင် လွှမ်းမိုးနိုင်သည်မှာ တရုတ် ဖြစ်သည်။ အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ တရုတ်ကိုယ်စားလှယ်များလည်း ဆွေးနွေးပွဲများတွင် ပါဝင်သည်ဟု ဆိုကြသည်။ စစ်အစိုးရ၏ နံပါတ် ၂ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဇွန်လ ၁၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ သွားရောက်ခဲ့သော တရုတ်ပြည် အလည်အပတ် ခရီးစဉ်တွင် နယ်စပ်အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့လိမ့်မည်ဟု ယုံကြည်ရသည်။
ပီကင်း (တရုတ်) သည် အပစ်ရပ်အဖွဲ့များအား နယ်စပ်လုံခြံုရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေး အစီအစဉ်ကို လက်ခံသဘောတူလာစေရန် သူ၏ ထိုအဖွဲ့များအပေါ် လွှမ်းမိုးနိုင်မှုကို အသုံးချ၍ တိုက်တွန်းလာသည်ကို စစ်အစိုးရက မြင်လိုသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသား အဖွဲ့များအား တရုတ်မှ လက်နက်များ ထောက်ပံ့မည်ကို စိုးရိမ်နေကြောင်း အသိပေးပြောကြားလိမ့်မည်ဟု ယုံကြည်ရသည်။
တရုတ်တို့သည် ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ - BCP အား ၁၉၆ဝ မှ ၁၉၈ဝ အစောပိုင်းကာလများထိ ထောက်ပ့ံမှုများ လုပ်ခဲ့လေသည်။ ၁၉၈၉ ခုနှစ် တပ်တွင်းပုန်ကန်မှု၏ ရလဒ်အဖြစ် BCP ပြိုကွဲပြီးသည့် နောက်ပိုင်းတွင် တရုတ်တို့သည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးတက်လုပ်ဆောင်နေစဉ်မှာပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ ပေါ်ထွက်လာသော အုပ်စုများနှင့်လည်း ခိုင်မာသော ဆက်ဆံသောရေးကို ဆက်လက်ထိန်းထားခဲ့သည်။
ထိုဆက်ဆံရေးများသည် အပြန်အလှန် အကျိုးရှိကြသည်။ တရုတ်တို့သည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ကုန်သွယ်ရေးတို့ဖြင့် ကြီးမားသော စီးပွားရေး အကျိုးကျေးဇူး ထောက်ပံ့ပေးသူ ဖြစ်လာကာ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် သဘာဝအရင်းအမြစ်များ ထုတ်ယူမှု၊ အပစ်ရပ်ဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ငွေကြေးအကူအညီများ ထောက်ပံ့မှုတို့တွင် ဖြစ်သည်။ တရုတ်တို့သည် လက်နက်များလည်း ထောက်ပံ့ပေးကာ UWSA နှင့် နီးစပ်သူတို့၏ အဆိုအရ လက်နက်ကြီးများ၊ သယ်ယူနိုင်သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြန်မာစစ်တပ်တွင် အသုံးပြုနေသည်တို့နှင့် တူညီသော မော်တာများလည်း ပါဝင်သည်ဟု ဆိုသည်။
အပြန်အလှန်အနေနှင့် တိုင်းရင်းသားတပ်များက တရုတ််တို့အား မြန်မာနိုင်ငံ၏ ဖြစ်ပွားလာနိုင်သော နိုင်ငံရေး မတည်ငြိမ်မှုများမှ ကာကွယ်နိုင်ရန် အဆင်ပြေသော ကြားခံဒေသအဖြစ် ပံ့ပိုးပေးသည်။ ဘိန်းစိုက်ပျိုးမှု တားမြစ်မှုများမှတဆင့် မူးယစ်ဆေးဝါး ကုန်ကူးခြင်းနှင့် ထုတ်လုပ်ခြင်းများကို ထိန်းချုပ်ရန်လည်း သူတို့က သဘောတူထားကြသည်။
သို့သော်လည်း တရုတ်၏ စိတ်ဝင်စားမှုသည် နယ်စပ်မှကျော်လွန်၍ အတွင်းပိုင်း အတော်များများအထိ တိုးချဲ့လာကာ နိုင်ငံထဲတွင် အတော်ကြီးမားသော စီးပွားရေးနှင့် နည်းဗျုဟာဆိုင်ရာ အကျိုးစီးပွားများကို တည်ဆောက်လာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်၏ တိုးတက်နေသော စက်မှုအခြေခံအတွက် သဘာဝအရင်းအမြစ်များ၏ ပင်ရင်းအဖြစ်၎င်း၊ ၎င်း၏ ဝေးကွာသော နေရာရှိ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ကုန်သွယ်ရာ အပေါက်တခုအဖြစ်၎င်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ဆောင်ရာ လမ်းကြောင်းအဖြစ်၎င်း ယူဆရလေသည်။ တိုင်းရင်းသား တော်လှန်ရေးဒေသကို ဖြတ်သွားမည့် မြန်မာနိုင်ငံတလျှောက် နှစ်စဉ် ခန့်မှန်းခြေ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယမ်နှင့် ရေနံ တန် သန်း ၂ဝ ခန့် ကူမင်းကို သယ်ယူပေးမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်မှုသည် စက်တင်ဘာလတွင် စတင်မည်ဟု မျှော်လင့်ရသည်။
မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် တရုတ်၏ စီးပွားရေးနှင့် နည်းဗျုဟာ အကျိုးစီးပွားများသည် နယ်စပ်လုံခြံုရေးတပ် ကိစ္စ ဆွေးနွေးပွဲများတွင် တရုတ်ကိုယ်စားလှယ်များ၏ စိတ်ပိုင်းဆိုင်ရာများပေါ်တွင် များစွာ တည်ရှိနေပေလိမ့်မည်။ ပီကင်းသည် နှစ်ဦးဆိုင် နယ်စပ်သို့ နအဖ ၏ ထိန်းချုပ်မှု တိုးချဲ့လာမည်ကို အဆင်သင့် မရှိရုံသာ မဟုတ်ဘဲ ၎င်း၏ ရေနံပိုက် လိုင်းစီမံကိန်းကို ရပ်လိုက်ရကာ ဒုက္ခသည် ထောင်သောင်းများစွာ ရှိလာမည့် ရလဒ်များရှိလာ၍ ကုန်သွယ်ရေးကို ပြင်းထန်စွာ ပျက်ပြားစေမည့် စစ်ကိုလည်း မဖြစ်စေချင်ပေ။
တရုတ်တို့၏ စစ်အစိုးရ ပေါ်လစီအပေါ် စိုးရိမ်မှုသည် သူ၏ အစိုးရအပေါ် ဝေဖန်မှုထဲတွင် ပိုမို၍ တိုးကာ ဖော်ပြလာစေခဲ့သည်။ အခြေအနေအမျိုးမျိုးတွင် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ရှေ့မှောက်သို့ မြန်မာနိုင်ငံ ရောက်ရှိလာစေရေး ကြိုးပမ်းမှုများကို မထောက်ခံဘဲ နေနေစဉ်မှာပင် တရုတ်အရာရှိများသည် မြန်မာအုပ်ချုပ်သူများကို တည်ငြိမ်ရေး၊ အတိုက်အခံများနှင့် ဆွေးနွေးညှိနှိုင်းမှုနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့သို့ လျှောက်လှမ်းရန် တိုက်တွန်းနေကြသည်။ ပီကင်းသည် စစ်အစိုးရ၏ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြသူများအား နှိမ်နင်းမှုများအပေါ် သူ၏ စိုးရိမ်မှုကိုလည်း ပြောကြားခဲ့သည်။ မေလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ပြုလုပ်ခဲ့သော အာဆီယံ အစည်းအဝေးတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုကို ဝေဖန်မှုများအား ပါဝင်လုပ်ဆောင်ခဲ့ကြသည်။
ပီကင်း၏ အကူအညီမပါဘဲဆိုလျှှင် စစ်အစိုးရသည် ရွေးချယ်စရာ ၂ ခုသာ ရှိပေလိမ့်မည်။ သူတို့မှာ အပစ်ရပ် အုပ်စုများနှင့် စစ်ပြန်တိုက်ရန်နှင့် ၂ဝ၁ဝ မတိုင်မီ နယ်စပ်လုံခြံုရေးတပ် အသွင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းမှ ပြန်လည်နောက်ဆုတ်ရန်တို့ပင် ဖြစ်သည်။
ဒုတိယရွေးချယ်မှုမှာ စစ်အစိုးရအနေနှင့် ကောင်းစွာ လုပ်ဆောင်နိုင်သည့် အရာမဟုတ်သည့်အပြင် သူတို့၏ လမ်းပြမြေပုံမှ ကြီးစွားသော နောက်ပြန်သွားခြင်းနှင့် သူတို့၏ ထင်ပေါ်ကျော်ကြားမှုကို ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ပြင်းထန်စွာ ထိခိုက်စော်ကားခြင်း တခုအဖြစ်သာ ရှု့မြင်ကြလိမ့်မည်။ ဗိုလ်ချုပ်များအား ပေါက်ကွဲလုဆဲ အခြေအနေမှ ဂုဏ်သိက္ခာရှိစွာ ပြန်လည်၍ နောက်ဆုတ်သွားစေမည့် နည်းလမ်းကို ရှာဖွေနေစဉ်မှာပင် အပစ်ရပ်အဖွဲ့များနှင့် ပတ်သက်၍ မူလအခြေအနေများကို ထိန်းသိမ်းထားခြင်းအားဖြင့် သူ၏ အကျိုးစီးပွားကို သေချာစေရန် ကြိုးစားနေရသည့် ခက်ခဲသော အခန်းကဏ္ဍသို့ ယခုအခြေအနေက တရုတ်ကို ရောက်ရှိစေသည်။
Published
Monday, July 6, 2009 - 17:58
မြောက်ပိုင်းမှ ရန်စောင်နေမှုတွင် တရုတ်တို့ အဓိက အခန်းကဏ္ဍမှ ပါဝင်လာ
အန္တရာယ်များလှသော ပေါ်လစီအတွက်် အန္တရာယ် အလွန်များလှသည့် ကစားပွဲတခုကို မြန်မာနိုင်ငံမြောက်ဘက်ရှိ တရုတ်ဘက်မျက်နှာစာတွင် ကစားနေကြသည်။ ထိုနေရာတွင် လွန်ခဲ့သည့် နှစ် ၂ဝ မှစ၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ...