လွတ်လပ်သည့် တရားစီရင်ရေးကို တိုင်းတာသည့် စံနှုန်းများ

လွတ်လပ်သည့် တရားစီရင်ရေးကို တိုင်းတာသည့် စံနှုန်းများ
by -
မင်းလွင်ဦး
ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးမိန့်ကို ဖောက်ဖျက်သည့်အတွက် စွဲဆိုထားသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ တို့အရ စွဲဆို ...

 
ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးမိန့်ကို ဖောက်ဖျက်သည့်အတွက် စွဲဆိုထားသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ တို့အရ စွဲဆိုသည့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ ပြစ်မှုဆိုင်ရာ အမှုကြီး ၄၇/၂ဝဝ၉ အမှုအား (၁၈-ဝ၅-၂ဝဝ၉) နေ့မှ စတင်စစ်ဆေးလာခဲ့ရာ ယနေ့ဆိုလျှင် တလ ကျော်လာပြီဖြစ်သည်။
 
တရားလိုဘက်မှ တင်ပြသည့် သက်သေများကို စစ်ဆေးပြီး (၂၂-ဝ၅-၂ဝဝ၉) ရက်နေ့တွင် တရားလိုပြသက်သေ ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနှင့် John William Yettaw အား စွဲချက်တင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင်များက တရားလိုပြသက်သေ ၁၅ ဦးအနက် ၅ ဦးကို ပြန်ခေါ် သက်သေများအဖြစ် ပြန်လည်ခေါ်ယူပြီး စစ်မေးခဲ့သည်။
 
တရားခံပြ သက်သေများအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့အား တရားခံပြ သက်သေများအဖြစ် စာရင်းတင်သွင်းခဲ့ရာ မူလရုံးမှ ဦးကြည်ဝင်း တဦးတည်းကိုသာ ခွင့်ပြုခဲ့သည့်အတွက် အထက် တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုတင်သွင်းခဲ့ရာ တိုင်းတရားရုံးမှ ဒေါ်ခင်မို့မို့ကို ထပ်မံခွင့်ပြုပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်အား တရားခံပြသက်သေအဖြစ် အစစ်ခံရန် ခွင့်မပြုသည့် အောက်ရုံးအမိန့်ကို အတည်ပြုခဲ့သည်။
 
ထို့ကြောင့်လည်း တိုင်းတရားရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် အမြင့်ဆုံးတရားရုံးဖြစ်သည့် တရားရုံးချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး ၂ ဖက် လျှောက်လဲချက်ပေးရန် ၂၄ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ အမြင့်ဆုံးဖြစ်သည့် တရားရုံးချုပ်သည် နိုင်ငံတကာက လက်ခံထားသည့် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို အကောင်အထည် ဖော်နိုင်ပါမည်လား။ တရားရုံးချုပ်မှ ပြဋ္ဌာန်းထားသည့် တရားစီရင်ရေးဆိုင်ရာ မူကို တရားရုံးချုပ်က လိုက်နာဆုံးဖြတ်မည်လားဆိုတာကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
 
လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရှိ အစိုးရများ လက်ခံကျင့်သုံးနိုင်ရန် ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားပါသည်။
 
မြန်မာနိုင်ငံသည် အဆိုပါ အချက်များကို လိုက်နာကျင့်သုံး အကောင်အထည် ဖော်နိုင်သည့်အဆင့် သို့ရောက်ရှိနေပြီလားဆိုသည်ကို စာဖတ်သူများ လေ့လာသုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။
 
လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့အစည်းများကလည်း တရားရုံး၏ အဆုံးအဖြတ်ကို လေးစားလိုက်နာရမည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထိုအချက်ကို အာမခံချက်ပေးရမည်။
 
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးပါ။ ၂ဝဝ၈ ခုနှစ်တွင် အသစ်ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ တိတိကျကျ အာမခံမထားပါ။
 
တရားရုံးအနေဖြင့် အာဏာပိုင်အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ဝင်ရောက်စွက်ဖက်မှုများမှ ကင်းဝေးစေရမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်၍ ဆုံးဖြတ်နိုင်ရမည်။
 
တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ခံဆောင်ရွက်သည့် ကိစ္စရပ်များတွင် တရားရုံး တရားသူကြီး၏ အဆုံးအဖြတ်ဖြင့်သာ စီမံဆောင်ရွက်ရမည်။ အာဏာပိုင်များ၏ အမိန့်ပေးခြင်းကြောင့် လက်ခံဆောင်ရွက်ခြင်း၊ ငြင်းပယ်ခြင်း မရှိစေရ။
 
တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အယူခံမှုကို လက်ခံခြင်း ပြန်လည်သုံးသပ်ခြင်း၊ စသည်တို့ကို ဥပဒေပြဋ္ဌာန်းချက်များ အတိုင်းသာ တရားရုံးအဆင့်ဆင့်က ဆောင်ရွက်ရမည်ဖြစ်ပြီး အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှု ကင်းစေရမည်။
 
ပြစ်မှုများကို သာမန်တရားရုံး၊ ခုံရုံးများတွင်သာ စစ်ဆေးကြားနာမည့် လွတ်လပ်သည့် တရားရုံးများကို ဖွဲ့စည်းတည်ထောင်ပေးရမည်။
 
မျှတစွာ စစ်ဆေးစီရင်သည်ကို ၂ ဖက်အမှုသည်များက လေးစားအသိအမှတ်ပြုရန် လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပြဋ္ဌာန်းဥပဒေများ၊ ကျင့်ထုံးများ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးစီရင်ရမည်။
 
နိုင်ငံတော်အနေဖြင့် တရားရုံးအဆင့်ဆင့်တွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့် အရင်းအမြစ်များကို ထောက်ပံ့ကူညီပေးရမည်။
 
တရားစီရင်ရေးဆိုင်ရာ တရားရုံးချုပ်အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာပိုင် စသည်တို့နှင့် လုံးဝ လွတ်ကင်းပြီး လွတ်လပ်စွာ သီးခြားတည်ရှိနေရမည် ဖြစ်သည်။ သို့မှသာ တရားစီရင်ရေးကို ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မဆောင်ရွက်နိုင်သေးပါ။ နိုင်ငံရေးမှုခင်းများနှင့် ပတ်သက်၍ အာဏာပိုင်များ အလိုကျ တရားရုံးချုပ်က စီရင်ဆုံးဖြတ်ပေးနေရသည်ကို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊  ရွှေဝါရောင်သံဃလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသူများ၏ အမှုများ၊ နာဂစ်မုန်တိုင်းသင့်များအရေး ပါဝင်ကူညီမှုဖြင့် ဖမ်းဆီးခံရသူများ၏ အမှုများတွင် အကျဉ်းနည်းဖြင့် အင်းစိန်ထောင်အတွင်း သီးသန့်အထူးခုံရုံးများ၌ စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်ခဲ့သည့် သာဓကများက သက်သေခံလျက် ရှိသည်။
 
ပြစ်မှုဆိုင်ရာ အမှုများကို သာမန်အားဖြင့် မှုခင်းဖြစ်ပွားသည့်နေရာများတွင် စစ်ဆေးစီရင်ရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့် ယနေ့ လူအများ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ဗဟန်းမြို့နယ်အတွင်း၌ တည်ရှိနေသဖြင့် အမှုကို စစ်ဆေးစီရင်မည်ဆိုပါက ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ အမှုကို စစ်ဆေးစီရင်သည့်အခါ၌လည်း အများပြည်သူများ တက်ရောက်နားထောင်နိုင်စေရန် အများပြည်သူ၏ ရှေ့မှောက်၌ စစ်ဆေးစီရင်ရမည် ဖြစ်သည်။ သို့သော် အာဏာပိုင်များက ထိုသို့မဆောင်ရွက်ပေ။ တရားသူကြီးချုပ်ကလည်း ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ အပ်နှင်းထားသည့် အာဏာဖြင့် အင်းစိန်ထောင်အတွင်း  အထူးသီးသန့် ခုံရုံးဖြင့် စစ်ဆေးစီရင်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့သည်။
 
နိုင်ငံတော်ရှေ့နေချုပ်ကလည်း စွဲဆိုထားသည့်အမှုသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် မညီသည့် တရားစွဲဆိုမှု ဖြစ်သည်ကို သိလျက်နှင့် တရားစွဲဆိုနိုင်ရန် စီမံဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိဘဲ အာဏာပိုင်များ၏ စိတ်တိုင်းကျ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့က ပူးပေါင်းဆောင်ရွက်ပြီး အမှုကို စစ်ဆေးစီရင်နေကြောင်း ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။
 
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ ထူထောင်ခွင့်သည် လွတ်လပ်သည့် တရားစီရင်ရေးကို ထိန်းကျောင်းတည့်မတ်ရာ၌ အရေးပါသည်။
 
ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားများ၏ မွေးရာပါ အခြေခံအခွင့် အရေးများအနက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ထူထောင်နိုင်ခွင့်နှင့် လွတ်လပ်စွာ စီတန်း လှည့်လည်နိုင်ခွင့်တို့နှင့် ပတ်သက်၍ ကျင့်သုံးဆောင်ရွက်နိုင်ရန် အစိုးရက စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။ အလားတူပင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပါဝင်ဆောင်ရွက်နေသည့် အကျိုးဆောင်ရှေ့နေများအတွက် လွတ်လပ်သည့် အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးရမည် ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ရှစ်လေးလုံး မတိုင်မီက အထိုက်အလျောက် လွတ်လပ်သည့် ရှေ့နေအသင်းအဖွဲ့များ တိုင်းနှင့် ပြည်နယ်တို့တွင် ဖွဲ့စည်းတည်ထောင်ခွင့် ရှိခဲ့သည်။ တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများအတွက် ဘားကောင်စီ ခေါ် ဗဟိုတရားရုံး ရှေ့နေများ ကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းထားနိုင်ခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အာဏာပိုင်များက ယခင်က လွတ်လပ်စွာ တည်ရှိခဲ့သည့် ဘားကောင်စီဥပဒေကို ပြင်ဆင်ပြီး နိုင်ငံတော် ရှေ့နေချုပ်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်၍ ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် လက်ရှိ တရားရုံးချုပ် ရှေ့နေများ ကောင်စီသည် တရားမျှတသည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန် အကူအညီပေးသည့် တရားရုံးချုပ် ရှေ့နေများကို အကာအကွယ် မပေးနိုင်တော့ဘဲ၊ အာဏာပိုင်များ အလိုကျသာ စီမံဆောင်ရွက်နေရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
 
တရားရုံးချုပ် ရှေ့နေကြီးများဖြစ်သော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် အထက်တန်း ရှေ့နေများဖြစ်သည့် ညီညီထွေး၊ ရန်နိုင်အောင် ခေါ် ဖိုးဖြူတို့အား ဖမ်းဆီးအကျဉ်းချနိုင်အောင် ဆောင်ရွက်ခဲ့သည့် သာဓကများ အထင်အရှား တွေ့ရှိရသည်။ တရားရုံးချုပ် ရှေ့နေများ ကောင်စီအနေဖြင့် လိုင်စင်ရုပ်သိမ်းခြင်း ခံရသည့် တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ လာဘ်ပေးလာဘ်ယူမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားသည့်အတွက် ထောင်ဒဏ်ကျခံရသည့် ဥပဒေဝန်ထမ်းများ၊ တရားသူကြီးများအနေဖြင့် ထောင်မှ လွတ်လာသည့်အခါ ရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်နိုင်ခွင့် ရှိသော်လည်း နိုင်ငံရေးအမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေများအနေဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် အဆိုပါ အခွင့်အရေးကို ရရှိခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
 
တရားသူကြီးများ အနေဖြင့် ၎င်းတို့၏ သက်မွေးပညာရပ်များနှင့် ပတ်သက်၍သော်လည်းကောင်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်ကို အာဏာပိုင်များက ခွင့်ပြုပေးရမည်။
 
မြန်မာနိုင်ငံမှ တရားသူကြီးချုပ် အပါအဝင် တရားစီရင်ရေးဌာနမှ တရားသူကြီးများအနေဖြင့် အာရှဒေသဆိုင်ရာ တရားသူကြီးများအသင်း၊ ရှေ့နေများအသင်းနှင့် နိုင်ငံတကာ တရားရုံးချုပ်ရှေ့နေ အဖွဲ့အစည်းများသို့ လွတ်လပ်စွာ အဖွဲ့ဝင်များအဖြစ် လျှောက်ထားနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
 
တရားသူကြီးများ၏ အရည်အချင်း၊ ရွေးချယ်မှုနှင့် သင်တန်းများကလည်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖော်ဆောင်ရာတွင် အရေးပါသည်။
 
တရားရုံးချုပ် တရားသူကြီးများနှင့် တရားသူကြီးများအား ရွေးချယ်ခန့်အပ်ရာ၌ ဥပဒေဘွဲ့ရရုံနှင့် မလုံလောက်ပါ။ တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား ရွေးချယ်ရာ၌ လူမျိုး၊ အသားအရောင်၊ ကျား-မ၊ ဘာသာရေး ယုံကြည်မှုနှင့် နိုင်ငံရေးယုံကြည်မှုကို အခြေခံ၍ ခွဲခြားခြင်း မရှိဘဲ တရားသူကြီးများ၏ အရည်အချင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အပေါ် မူတည်၍ ရွေးချယ်ခန့်ထားရမည် ဖြစ်သည်။ တရားရုံးချုပ် တရားသူကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ထည့့်သွင်းပြဋ္ဌာန်းထားရမည်။
 
တရားသူကြီးများ၏ လုပ်ငန်းခွင်လုံခြံုမှု အခြေအနေ မရှိပါက လွတ်လပ်သည့် တရားစီရင်ရေး မပေါ်ထွန်းနိုင်။
 
တရားသူကြီးများ လွတ်လပ်စွာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအနေဖြင့် လုပ်ငန်းခွင် လုံခြံုမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ လုံလောက်သော လစာငွေ၊ ရာထူးတိုးမြှင့်သည့်ကိစ္စ၊ ပင်စင််လစာငွေနှင့် အငြိမ်းစားယူရမည့် သက်တမ်းကို ဥပဒေနှင့်အညီ လုံခြံုမှုရှိစေရန် ပြဋ္ဌာန်းဆောင်ရွက်ရမည်။
 
တရားသူကြီးများ၏ လစာငွေ လုံလောက်မှုမရှိပါက လာဘ်စားမှုများ ပေါ်ပေါက်မည် ဖြစ်သည်။ အငြိမ်းစား ယူပြီးသည့်အခါ ရရှိသည့် ပင်စင်လစာငွေသည် စား၊ ဝတ်၊ နေရေးအတွက် လုံလောက်မှုရှိရန် အာမခံချက် ပေးရမည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အဆိုပါ အာမခံချက်မျိုးကို အစိုးရအနေဖြင့် ပေးထားနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
 
တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် လုပ်ငန်းခွင် လုံခြံုမှုကို အာမခံရမည့်အပြင် အငြိမ်းစားယူုသည့် အသက်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက်ပိုင်း လုံခြံုမှုရှိစေရန် ဆောင်ရွက်ပေးရမည်။ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရားသူကြီး၏ အရည်အချင်းနှင့် လုပ်ဆောင်မှုအပေါ် အဓိက အခြေခံရမည် ဖြစ်သည်။ အာဏာပိုင်များ အလိုကျ စစ်ဆေးစီရင်ပေးသည့်အတွက် ရာထူးတိုးမြှင့်ပေးခြင်းမျိုး မဖြစ်စေရပါ။
 
တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် အမိန့်များ လုပ်ဆောင်မှုများအပေါ်တွင် နောင်တချိန်တွင် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။ တရားသူကြီးအဖြစ် စစ်ဆေးဆောင်ရွက်စဉ် ကာလအတွင်း မှုခင်းများနှင့် ပတ်သက်၍ လျှို့ဝှက်၊ ကန့်သတ် သတင်းအချက်အလက်များကို တရားရုံး၌ သက်သေအဖြစ် ထွက်ဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။
 
တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါကလည်း လိုအပ်သည့် နှစ်ကို ကန့်သတ်ပေးထားရမည်။ တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပ၌ ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါက လက်ရှိ တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများအပေါ် ၎င်း၏ သြဇာလွမ်းမိုးမှု ဆက်လက်ရှိနေနိုင်သေးသဖြင့် မျှတသည့် တရားစီရင်ရေး မပေါ်ပေါက်နိုင်ကြောင်း တဖက်မှ အကြောင်းပြ ကန့်ကွက်နိုင်သည့်အတွက် လိုအပ်သည့် နှစ်ကို ကန့်သတ်ထားရန် ဖြစ်သည်။ ဥပမာအားဖြင့် အငြိမ်းစားယူပြီးနောက် ၅ နှစ်ကြာမှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နိုင်သည် စသဖြင့် နှစ် ကန့်သတ်ထားရန် ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ဦးမွန်စံလှိုင်သည် တရားရုံးချုပ် တရားသူကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရာ၌ ထိုသို့ နှစ် ကန့်သတ်ထားခြင်း မရှိသည့်အတွက် တရားခွင်သို့ ဦးမွန်စံလှိုင် ရောက်ရှိလာပါက မြို့နယ်တရားသူကြီးများ၊ တိုင်းတရားသူကြီးများအနေဖြင့် တချိန်က ၎င်းတို့၏ အထက်မှ ဆောင်ရွက်ခဲ့သည့် တရားသူကြီးချုပ် ဖြစ်ခဲ့သည်ကို အလွယ်တကူ မေ့ပျောက်၍ မရသဖြင့် ၎င်း လိုက်ပါဆောင်ရွက်သည့် အမှုတိုင်းလိုလို အနိုင်ရခဲ့သည်ကို တွေ့ရသည်။
 
ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးချထားခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံရသည့် တရားသူကြီးများကိုလည်း ဥပဒေနှင့်အညီ ခုခံချေပခွင့် ပြုရမည် ဖြစ်သည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာ၌လည်း စွဲဆိုခြင်းခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ခုခံချေပခွင့် ပြုရမည်ဖြစ်ပြီး လိုအပ်လျှင် ရှေ့နေဖြင့် ငှားရမ်းထုချေခြင်း စသည်တို့ကို ခွင့်ပြုပေးရမည် ဖြစ်သည်။ အကြောင်းမဲ့ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း၊ ရာထူးချထားခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိအောင် အစိုးရက လိုအပ်သည့် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။ ရာထူးမှထုတ်ပယ်ခြင်း၊ ရပ်ဆိုင်းခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ခွင့်ရှိအောင် ဥပဒေဖြင့် ပြဋ္ဌာန်းအကာအကွယ်ပေးရမည် ဖြစ်သည်။ သို့မှသာ လွတ်လပ်သော တရားစီရင်ရေးနှင့် မျှတသော တရားခွင်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။
 
တရားရုံးချုပ် တရားသူကြီးများ၏ သက်တမ်းနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ၁၉၈၈ ခုနှစ်နောက်ပိုင်း တရားရုံးချုပ် တရားသူကြီးများအဖြစ် တာဝန်ယူခဲ့သည့် တရားသူကြီးများအနက် ကျန်းမာရေးချို့ယွင်း၍ တာဝန်မှ အနားယူသွားသူများမှအပ ယနေ့တိုင် နှစ်ပေါင်း ၂ဝ နီးပါး မပြောင်းလဲသည့် တရားသူကြီးများ၏ သက်တမ်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုသည်။
 
မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယနေ့ စစ်ဆေးစီရင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည်လည်း အမှန်တရားအတိုင်း မပေါ်ပေါက်နိုင်၊ တရားရုံးများ လိုက်နာဆောင်ရွက်ရမည့် တရားစီရင်ရေးဆိုင်ရာ မူများကို တရားရုံးချုပ်နှင့် တရားသူကြီးချုပ်က ပြဋ္ဌာန်းထားသည်ဖြစ်ရာ မိမိကိုယ်တိုင် ပြဋ္ဌာန်းထားသည့် ဥပဒေကို လိုက်နာဆောင်ရွက် ကျင့်သုံးမှု ရှိပါမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်ဖွယ်ပင် ဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တောင်းဆိုထားသည် သက်သေ ဦးတင်ဦးနှင့် ဦးဝင်းတင်အား ခွင့်ပြုခဲ့သည် ဆိုပါကလည်း အပြည့်အဝ ဝမ်းမသာနိုင်သေးပါ။ သက်သေထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်း မရှိသည့်အတွက် အမှုကို ဆုံးဖြတ်ရာ၌ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အာဏာပိုင်တို့ အလိုကျ စီရင်ချက်နှင့် အမိန့်ကို ချမှတ်ပေးနိုင်သေးသည်ကို သတိပြုကြရန် လိုသည်။
 
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းသည့် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား အာမခံဖြင့် အမှုအား ခုခံချေပခွင့် ပေးသင့်သည်။ ယခုကဲ့သို့ အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင် အပြစ်ပေးထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် အမှုကို ဆက်လက်စစ်ဆေးစီရင်မည်ဆိုပါက အချုပ်လွတ် အာမခံနှင့် ခုခံချေပခွင့် ပြုသင့်သည်။ အာမခံ ပေးသင့်ကြောင်း လျှောက်ထားမည်ဆိုပါကလည်း မူလ မြောက်ပိုင်းခရိုင် တရားရုံးက လျှောက်လွှာကို ပယ်ချဦးမည် ဖြစ်သည်ကိုမူ သံသယဖြစ်စရာ မလိုကြောင်း တင်ပြလိုက်ရပေသည်။