မူလမြောက်ပိုင်းခရိုင် အထူးသီးသန့် တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသည့် သက်သေ ၄ ဦးအနက် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းတဦးတည်းကိုသာ ခွင့်ပြုခဲ့သည်။
ထိုသို့ ဆုံးဖြတ်ခဲ့သည့် အထူးသီးသန့် တရားရုံး၏ အမိန့်ကို မကျေနပ်သဖြင့် ရန်ကုန် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းတရားရုံးက ဇွန်လ ၉ ရက်နေ့တွင် အောက်တရားရုံး၏ အမိန့်ကို အတည်ပြုခဲ့ပြီး အောက်ရုံးမှ ပယ်ထားသည့် သက်သေ ၃ ယောက်အနက် ဦးဝင်းတင်၊ ဦးတင်ဦးတို့ကို ခွင့်မပြုဘဲ ရှေ့နေဒေါ်ခင်မို့မို့ တဦးကိုသာ သက်သေအဖြစ် စစ်ဆေးရန် ခွင့်ပြုသည့် အမိန့်ချမှတ်ခဲ့သည်။
မူလရုံးက ချမှတ်ခဲ့သည့်အမိန့်သည် ဥပဒေပြဋ္ဌာန်းချက်နှင့်မညီ၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။ တိုင်းတရားရုံးက မူလ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၏ ဆောင်ရွက််ချက်သည် ဥပဒေပြဋ္ဌာန်းချက်နှင့် မညီသည့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းသည့် ပြင်ဆင်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
တိုင်းတရားရုံးက သက်သေ ၃ ဦးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မူလတရားရုံးက သက်သေများကို ခွင့်မပြုသည့်ကိစ္စကို အမှုတွဲ နေ့စဉ်မှတ်တမ်းတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မရေးသားဘဲ ငြင်းပယ်ခဲ့သည်ဆိုသည့် အချက်မှန်သည်။ မူလမြောက်ပိုင်း ခရိုင် အထူးသီးသန့်တရားရုံး၏ ဆောင်ရွက်ချက်သည် ဥပဒေနှင့်မညီလျှင် ပြင်ဆင်ပေးရန် တဆင့်မြင့် တိုင်းတရားရုံးတွင် တာဝန်ရှိသည်။
သို့သော် တိုင်းတရားရုံးက မူလအနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာတွင် အကြောင်းပြချက် မရေးသော်လည်း ရေးသကဲ့သို့ မှတ်ယူသည်ဟု ကောက်ယူသုံးသပ်သည်၊ စစ်ဆေးပြီးစီးသည့် သက်သေတဦးအပြင် နောက်သက်သေတဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ခွင့်ပြုသည်ဟု အမိန့်ချမှတ်ခဲ့သည်။
တရားခံက သက်သေအဖြစ် ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ တရားစီရင်ရေးကို အနှောင့်အယှက်ပြုရန်၊ သို့မဟုတ် စစ်ဆေးနေသည့်အမှုကို ကြန့်ကြာစေရန်၊ သို့မဟုတ် စစ်ဆေးနေသည့်အမှုတွင် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်းလျှောက်ထားချက်ကို ရာဇဝတ်တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသားမှတ်တမ်းတင်ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇ (၁) တွင် အတိအလင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားလျှင် ဥပဒေပြဋ္ဌာန်းချက်အတိုင်း တရားရုံး တရားသူကြီးများက လိုက်နာဆောင်ရွက် ဆုံးဖြတ်ရန် ဖြစ်သည်။
ဥပဒေပြဋ္ဌာန်းချက် တစုံတရာ မရှိမှသာ တရားရုံး တရားသူကြီးများအနေဖြင့် တရားခံအဖြစ် စွပ်စွဲခံရသူ၏ အကျိုးကို မျှော်ကိုး၍ ကောက်ယူသုံးသပ်ခြင်း၊ မှတ်ယူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ မိမိသဘောအတိုင်း ဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်၍ ကောက်ယူခြင်း၊ မှတ်ယူခြင်းတို့ကို တရားသူကြီးတို့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိ၊ ထိုသို့ ဆောင်ရွက်ခွင့်ကိုလည်း ဥပဒေက ခွင့်ပြုမထားပေ။
ထို့ကြောင့် တိုင်းတရားသူကြီး၏ ဆုံးဖြတ်ချက်သည်လည်း အကြောင်းပြချက် တစုံတရာ မပြဘဲ ငြင်းပယ်သည့်အတွက် ဥပဒေနှင့်မညီသည့် ဆုံးဖြတ်ချက်ဖြစ်သည်ကို တွေ့ရသည်။
ရာဇဝတ်မှုများတွင် ပြစ်မှုကျူးလွန်ခြင်း မြောက်ရန်အတွက် လိုအပ်သော အင်္ဂါရပ်များ ပြဋ္ဌာန်းထားလေ့ရှိသည်။ တရားလိုဘက်မှ တရားခံသည် ထိုအင်္ဂါရပ်များနှင့် ပြည့်စုံစွာ ပြစ်မှုကျူးလွန်ကြောင်း တင်ပြရသကဲ့သို့ တရားခံကလည်း ထိုအင်္ဂါရပ်များ မရှိကြောင်းကို တင်ပြရမည်။ သို့ဖြစ်၍ ထိုအင်္ဂါရပ်များသည် ရာဇဝတ်မှုအတွက် အငြင်းထွက်သော အကြောင်းချင်းရာများ ဖြစ်လာသည်။
ယခုအမှုတွင် တရားလိုဘက်မှ သက်သေ ၂၃ ဦး တင်ပြပြီး၊ ၁၅ ဦးကို စစ်ဆေးကာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စွဲဆိုထားသည့် တားမြစ်မိန့်ကို ချိုးဖောက်ကြောင်း တရားရုံးတွင် သက်သေထွက်ဆို အစစ်ခံခဲ့ကြသည်။ တရားလိုဘက်က တင်ပြခဲ့သည့် သက်သေများသည် လွတ်လပ်သည့် သက်သေတဦးမျှ မပါဝင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းသိမ်းဆည်းရာတွင် ပါဝင်ပြီး ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးခဲ့သည့် သက်သေများ (ရယက ဥက္ကဋ္ဌများ) သာ ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စွဲဆိုထားသည့်အတိုင်း မည်ကဲ့သို့ ချိုးဖောက်ကျူးလွန်သည်။ မည်ကဲ့သို့ စီစဉ်သည်ကို ကွင်းဆက်မပြတ် သက်သေပြနိုင်ခဲ့ခြင်း မရှိ။
၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ရ အရ နိုင်ငံသားတဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြံုရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ဝန်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေး တရပ်ရပ်ကို လိုအပ်သလို ကန့်သတ်မိန့်ချနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြံုရေးနှင့် အများပြည်သူတို့၏ အေးချမ်းသာယာရေးကို ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုကို မပြုလုပ်ကြောင်း သက်သေပြရန်နှင့် ထိုသို့ ကန့်သတ်မိန့် ချမှတ်ထားခြင်းသည် ဥပဒေနှင့်မညီကြောင်း သက်သေပြရန် လိုအပ်လာပေသည်။ ထို့ကြောင့်လည်း ခုခံချေပရာတွင် သက်သေထွက်ဆိုမည့်သူ ၄ ဦး၏ အမည်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက အဆိုပါ သက်သေ ၄ ဦးအနက် ဦးတင်ဦးနှင့် ဦးဝင်းတင်ကို ဘာကြောင့် သက်သေအဖြစ် အစစ်ခံခွင့် မပေးဘဲ ငြင်းဆိုနေရသလဲ။
တရားခံအဖြစ် စွပ်စွဲခံရသူများဘက်မှ စစ်ဆေးနေသည့်အမှု ကြန့်ကြာအောင် ဆောင်ရွက်နေသည်ဟု အကြောင်းပြရန် တမင်ဆောင်ရွက်နေသလား။
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေအဖြစ် ထွက်ဆိုစေပါက ၎င်းတို့၏ သက်သေထွက်ချက်များသည် နောင်အခါတွင် အာဏာပိုင်တို့အပေါ် ပြန်လည်တရားစွဲဆိုနိုင်ရန် အထောက်အထားများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်လား။
မတရားအကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဒီပဲယင်းဖြစ်ရပ်မှန်ကို ပြည်သူလူထု သိမှာကို စိုးရိမ်သည့်အတွက် ခွင့်မပြုတာလား။
လားပေါင်းများစွာဖြင့် အများပြည်သူတို့အဖို့ လွန်စွာမှပင် စိတ်ဝင်စားဖွယ်၊ မေးခွန်းထုတ်ချင်စရာ ကောင်းသည့် အချက်များ ဖြစ်လာပါသည်။
ထိုသို့ဆိုလျှင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ သက်သေထွက်ချက်များက မည်သည့် အတိုင်းအတာအထိ အမှုကို ဆုံးဖြတ်ရာတွင် ထိရောက်မှု၊ အရေးပါမှုနှင့် စပ်ဆိုင်မှု မည်မျှရှိပါသလဲ။
သက်သေခံဥပဒေတွင် နှုတ််သက်သေခံချက်၏ အရေးပါမှုကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည် -
နှုတ်သက်သေခံချက်သည် တိုက်ရိုက်သက်သေခံချက် ဖြစ်ရမည်။ ဆိုလိုသည်မှာ …
(၁) မြင်သည့် အကြောင်းအရာဖြစ်လျှင် မြင်သူကိုယ်တိုင် အစစ််ခံခြင်း ဖြစ်ရမည်။
(၂) ကြားသည့် အကြောင်းချင်းရာဖြစ်လျှင် ကြားသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်။
(၃) အခြား အာရုံတခုခုဖြင့် သိနိုင်သော အကြောင်းချင်းရာဖြစ်လျှင် ထိုသို့ သိသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်။
(၄) ထင်မြင်ချက်ဖြစ်လျှင် ထင်မြင်သူကိုယ်တိုင်က အစစ်ခံခြင်းဖြစ်ရမည်ဟု သက်သေခံဥပဒေတွင် နှုတ်သက်သေခံခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည်။ သက်သေအရေအတွက်ထက် သက်သေများ၏ အရည်အချင်းကို အထက်ပါ ပြဋ္ဌာန်းချက်များနှင့် ညှိနှိုင်း၍ အမှုကို စီရင်ဆုံးဖြတ်ရာတွင် တရားသူကြီးများက ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားမြစ်မိန့် ထုတ်ခဲ့သည့် မူလ အကြောင်းရင်းသည် ဒီပဲယင်း အကြမ်းဖက် ရိုက်နှက်မှုအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဦးတင်ဦးသည် ၂ဝဝ၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်တလျှောက်် မြစ်ကြီးနား၊ မန္တလေးနှင့် မုံရွာခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါခဲ့သူ ဖြစ်သည်။ ဒီပဲယင်းအရေးအခင်း ဖြစ်သည့်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ တဦးဖြစ်သည့်အပြင် ယနေ့တိုင် နေအိမ်အကျယ်ချုပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နည်းတူ ကျခံနေရသူတဦး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြံုရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းတစုံတရာ မရှိကြောင်းနှင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား စနစ်တကျ စီမံအကြမ်းဖက် ရိုက်နှက်ခြင်း ဖြစ်ကြောင်းကို အကောင်းဆုံး သက်သေခံချက်ပေးနိုင်မည့် သက်သေတဦး ဖြစ်သည်။ အာဏာပိုင်များက ဦးတင်ဦး၏ သက်သေခံ ထွက်ဆိုချက်များသည် တရားဝင် စာရွက်စာတမ်းအဖြစ် မှတ်တမ်းတင်ထားမည့် တရားရုံး သက်သေခံချက်များ ဖြစ်လာမည်ကို လုံးဝ မလိုလား။ ထို့ကြောင့်လည်း သက်သေခံခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူရပေမည်။
ထို့အတူ ဦးဝင်းတင်သည်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်စဉ် ကာလကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်နှင့် အများပြည်သူတို့အပေါ် ထားရှိသည့် သဘောထားကို မကြောက်မရွံ့့ ထွက်ဆိုမည့်သူတဦး ဖြစ်သည်။
ဦးဝင်းတင်ကို သက်သေခံခွင့်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအပေါ် ထားရှိသည့် သဘောထား အမှန်ကို ပြည်သူများသိရှိရန် တရားဝင် ထုတ်ဖော် အသိပေး ခွင့်ပြုရာ ရောက်မည်။ ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း ယခုထက် ပိုမိုရရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားမှုများတွင် ပြည်သူလူထု တခဲနက် ပါဝင်လာမည်ကို အာဏာပိုင်များက စိုးရိမ်ကြောက်လန့်၍ ယခုကဲ့သို့ တရားရုံးတွင် သက်သေထွက်ဆိုခွင့်ကို နောက်ဆုံး တတ်နိုင်သည့် အခြေအနေထိ ငြင်းပယ်နေရခြင်း ဖြစ်သည်ဟုပင် ယူဆရမည် ဖြစ်သည်။
အာဏာပိုင်များအနေဖြင့် သက်သေများ၏ ထွက်ချက်များကို ခိုင်မာစေမည့် သက်သေခံ ဥပဒေပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ မရ၊ ကျော်လွန်ဆုံးဖြတ်၍လည်း မရ၊ ဥပဒေပြဋ္ဌာန်းချက်ကို ထင်သလို ကောက်ယူသုံးသပ် ဆုံးဖြတ်၍လည်း မရသည့်အတွက် ယခုကဲ့သို့ သက်သေခံ ထွက်ဆိုချက် မပေးနိုင်ရန် အာဏာပိုင်များက အကြောက်အကန် ငြင်းဆိုနေရခြင်း ဖြစ်သည်။
ယခု ရင်ဆိုင်နေရသည့် ဥပဒေတိုက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ ကိုယ်စားပြုသည်မဟုတ် နိုင်ငံရေး အကျဉ်းသားများအားလုံး ဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် အထူးခုံရုံးတရားခွင်များနှင့် လွတ်လပ်မျှတသည့် တရားစီရင်ရေးအတွက် ကိုယ်စားပြုသည့် ဥပဒေရေးရာ တိုက်ပွဲလည်း ဖြစ်သည်။
နိုင်ငံတကာက လေးစားသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အထင်ကရ ပုဂ္ဂိုလ်ပင် ယခုလို ဥပဒေပိုင်းဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရသည်ဆိုလျှင် သာမန် ရဟန်း၊ ကျောင်းသား၊ ပြည်သူ၊ ရှေ့နေဖြင့် ခုခံချေပခြင်း မပြုနိုင်သူများအနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားရမည်နည်း။ အာဏာပိုင်တို့၏ စိတ်တိုင်းကျ ပြစ်ဒဏ်ပေးခြင်းကို အံကြိတ်ခံရုံမှတပါး အခြားနည်းလမ်း မရှိပြီကိုလည်း အထင်အရှား တွေ့ရမည်ဖြစ်သည်။
တရားရုံး တရားသူကြီးများကလည်း မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးဆိုတာ မရှိ၊ မျှတသည့် တရားခွင်သည် ယနေ့ အခြေအနေတွင် ရှင်သန်နိုင်ခြင်း မရှိသေး၊ ငွေများ တရားနိုင်၊ သေနတ်ပြောင်းဝက အာဏာဖြင့် တရားစီရင်ရေးကို လွှမ်းမိုးထားပြီး၊ အကြောက်တရားဖြင့် တရားစီရင်နေရကြောင်းကို တတ်နိုင်သည့်ဘက်မှ တတပ်တအား ဖော်ထုတ်ပေးနေသည်ဟုသာ မှတ်ယူရတော့မည်ဖြစ်သည်။