ယခုလ ၁၃ ရက်နေ့မှ စ၍ မွန်ပြည်သစ်ပါတီ၏ အရေးပေါ် ဗဟိုကော်မတော်အစည်းအဝေးတွင် မွန်ပြည် သစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် အချို့ ရာထူးနေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဗဟိုတာဝန်ခံ ဒုဗိုလ်မှူးကြီးဉာဏ်ထွန်းက “ အဓိကကတော့ လိုအပ်နေတဲ့ ခေါင်းဆောင်နေရာတွေကို ပြန်ရွေးတယ်၊ ဗဟိုကော်မတီ ၂၇ ယောက်ဖြည့်တယ်” ဟုပြောသည်။
ခေါင်းဆောင်အပြောင်းအလဲများအနေနှင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း နိုင်ဟံသာကို ဒုဥက္ကဌ၊ ယခင်တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဟောင်း နိုင်အောင်မင်းကို အထွေထွေအတွင်းရေးမှူး၊ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်ယဲ့ကို တွဲဖက်အထွေထွေအတွင်းရေးမှူး၊ စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချူပ်လယီကောင်း တို့အား တာဝန်အသီးသီး ပြောင်းလဲခန့်အပ်ခဲ့ကြောင်း ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တစ်ဦးက “စစ်ဦးစီးချုပ်ဟောင်းက အသက် ၆၀ ပြည့်သွားပြီ၊ဒုဥက္ကဌ နိုင်ရော့စ(ကွယ်လွန်) နေရာလည်း လစ်လပ်နေတဲ့အတွက် ဗဟိုညီလာခံအထိ မစောင့်တော့ပဲ ခုအစည်း အဝေးမှာ ရွေးချယ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။
အရန်ဗဟိုကော်မတီဝင် ဗိုလ်မှူး M စိုက်ချမ်းနှင့် ဗိုလ်မှူးကြီးစံတို့အား ဗဟိုကော်မတီဝင်အဖြစ် တိုးမြင့်ခန့် အပ်ပြီး ဗဟိုစစ်ကော်မတီအဖွဲ့ဝင်(၇)ဦးတွင် ဒုဗိုလ်မှူးကြီးဟံသာနှင့် ဒုဗိုလ်မှူးကြီး စံအေးတို့အား ဖြည့်စွက် ခန့်အပ်လိုက်ကြောင်း သိရသည်။
ယခုကျင်းပပြုလုပ်သည့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီအရေးပေါ်အစည်းအဝေးသည် လစ်လပ်သော ခေါင်းဆောင်နေရာခန့်အပ်မှု၊ လက်နက်ကိုင်တိုင်းရင်းသားများညီလာခံမှ ရရှိလာသည့် အချက်အလက်များ၊ မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် တွေ့ဆုံးဆွေးနွေးပွဲမှာ ရရှိလာသည့် အစိုးရ၏တင်ပြချက် ၂၅ ချက်တို့အား ဆွေးနွေးရန်အတွက် အစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဗဟိုစခန်းတည်ရှိရာ ထိုင်းနယ်စပ်အနီး ရေးချောင်းဖျားဒေသတွင် အချိန် ၃ ရက်ခန့်ကြာမည်ဖြစ်ကြောင်း ခန့်မှန်းရသည်။