မွန်ဘုရင်ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ရေးသားပြောဆိုနေမှုများတွင် မွန်တိုင်းရင်း သားတို့၏ သမိုင်းအမွေအနှစ်အစစ်ဖြစ်သည်ကို ထင်ထင်ရှားရှားသတ်မှတ်ထည့်သွင်း ဖေါ်ပြစေလိုကြောင်း မွန်သမိုင်းသုတေသနအဖွဲ့ဝင် နိုင်ရဲဇော်က သတင်းစာရှင်းလင်းပွဲတရပ်၌ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ၌ မွန်သုတေသနအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်ပြောကြားခြင်း ဖြစ်သည်။
မွန်ရှေးဟောင်း သုတေသန အဖွဲ့ဝင် ဦးနိုင်ရဲဇော် က“ကျနော်တို့ မွန်တွေရဲ့ ပစ္စည်းဥစ္စာ၊ အမွေနှစ်၊ အမှန်တကယ်ဖြစ်တာကို အတည်ပြုပေးစေချင်တယ်၊ မွန်သမိုင်းအမွေအနှစ်ဖြစ်တာကို အချို့က တမင်တကာပဲချန်ရစ်ခဲ့တာလား၊ ဗမာ့ရှေးဟောင်းလက်ရာလိုလို ရောထွေးအောင် ပြောဆိုနေကြတယ်” ဟုပြောသည်။
မွန်ဘုရင် ဓမ္မစေတီ၏ခေါင်းလောင်းနှင့်ပတ်သက်၍ ဗမာရှေ့ဟောင်း အနုပညာလက်ရာ၊ မြန်မာ့သမိုင်း အမွေအနှစ်ဟုဆိုကာ ရောထွေးစွာမပြောဆိုသင့်၊ မွန်တို့၏အမျိုးသားရေး၊ ယဉ်ကျေးမှု၊ အမျိုးသား ရေးစရိုက်လက္ခဏာယုတ်လျှော့သွားမည်ကို စိုးရိမ်သောကြောင့် တောင်းဆိုခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။
နိုင်ရဲဇော်က “ခေတ်ကိုတွက်ဆပြီး ဒီခေတ်တောင်မှမလွယ်ရင် အရင်ခေတ်တွေကလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးအခေါ် တကယ်တော့မှားနေတယ်၊ ဒီခေတ်လိုမလွယ်တဲ့ ပိရမစ်တွေလို ဂရိတ်ဝေါတံတိုင်းကြီးတွေလို ဒါတွေကိုလူသားတွေက အရင်ခေတ်ကတည်းက လုပ်နိုင်ခဲ့တယ်၊ မင်းတစ်ပါးက လုပ်ဒါန်းတဲ့အလှူပေါ်မှာ ပြည်သူအားလုံးကပါဝင်လုပ်တာဖြစ်တဲ့အတွက် ဒီခေါင်းလောင်းကြီးဟာလည်း တစ်တိုင်းပြည်လုံးလှူတဲ့ သဘောပါဘဲ” ဟုပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ UMFCCI ၌ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သော ဦးဝင်းမောင် (တမ္ပဝတီ) ၊ ဦးမြင့်သူ (တမ္ပဝတီ) တို့၏ ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်ပွဲတရပ်တွင် ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ မွန်တိုင်းရင်း သားများ၏သဘောထားကို ပြည့်ပြည့်စုံစုံ ဖော်ပြခွင့်မရရှိခဲ့သည့်အတွက် ယင်းကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရသည်ဟု သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မွန်သမိုင်းပညာရှင် နိုင်မောင်တိုး၊ အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဒေါက်တာဗညားအောင်မိုး၊ မွန် ရှေးဟောင်း သုတေသနအဖွဲ့ဝင် ဦးနိုင်ရဲဇော်၊ မွန်စာပေရေးသားသူ နိုင်ပန်းအောင်၊ ဓမ္မစေတီခေါင်းလောင်းရှာဖွေခဲ့ရာတွင်ပါဝင်သူ ဒေါ်ခင်အေးသိန်းတို့ ဦးဆောင်ရှင်း လင်းတင်ပြခဲ့ကြခြင်း ဖြစ်သည်။
ဒေါက်တာဗညားအောင်မိုးက “ဒီလောက်ကြီးမားတဲ့ခေါင်းလောင်းကို အဲဒီခေတ်က မွန်တွေလုပ်တတ် ပါ့မလား၊ ပဲခူးကနေဒီကိုသယ်နိုင်ပါ့မလား၊ ပေါ်တူဂီ ယူသွားတာ၊ ရေထဲမှာမြှုပ်သွားတာအမှန်ပဲလားဆိုတဲ့ သံသယနဲ့ မွန်စာတစ်လုံးလည်းမတတ်၊မွန် အကြောင်း မလေ့လာပဲ၊ ကိုယ်အတ္တဆန္ဒအမြင်နဲ့ ကိုယ်ထင်ရာ ပြောကြတယ်” ဟုပြောသည်။
ယင်းခေါင်းလောင်းအမွေဆိုရာတွင် မွန်များအိမ်ပြန်သယ်သွားရန်မဟုတ် ဤသတ္တုကြီးကိုလည်း ရောင်းစား ရန်လည်းမဟုတ် မွန်တို့၏ရှေ့ဟောင်းလက်ရာဖြစ်ကြောင်း အသိမှတ်ပြုပေးရန်သာ တောင်းဆိုခြင်းဖြစ် သည်ဟု ဒေါက်တာဗညားအောင်မိုးပြောသည်။
မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက “သုတေသနလုပ်တဲ့အခါမှာလည်း မွန်နဲ့ပတ်သက်တဲ့ အကြောင်းအရာ စာပေ အထောက်အထားများကိုလေ့လာဖတ်ထားသင့်တယ်၊ ကိုယ်အနေနဲ့ မွန်စာမဖတ်တတ်ရင်လည်း ဖတ်တတ်တဲ့လူ ပညာရှင်ထံ တိုင်ပင်သင့်တယ်”ဟု ပြောသည်။
မွန်နေပြည်တော် ဟံသာဝတီ(ပဲခူး) ၌ မွန်ဘုရင်ဓမ္မစေတီမင်း စိုးစံစဉ်ကာလ၌ သူ၏အမတ် ၄ ပါး ကို အမြို့မြို့အနယ်နယ်ရှိ အိမ်ထောင်စာရင်းကောက်ရန်စေခိုင်းခဲ့ရာတွင် ထိုအမတ်တို့သည် ကြေးသတ္တုကို လည်းကောက်ခံလာသည်ကိုတွေ့ရှိသဖြင့် တိုင်းသူပြည်သားကိုပြန်ပေးအပ်သော်လည်း လက်မခံသောကြောင့် ရွှေတိဂုံစေတီတော်တွင်ဆွဲလှူရန် ခေါင်းလောင်သွန်းလောင်း အလှူပေးခဲ့သည်ဟု ဆိုသည်။
အဝိန္ဒဆောက် ခေါ် ဓမ္မစေတီခေါင်းလောင်းတော်သည် အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀) အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင် သွန်းလုပ်သည့်နေ့ - ကောဇာသက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့၊ ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - ကောဇာသက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဟု သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။
ထိုစဉ်ကာလ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် သံလျှင်တွင်ကြီးစိုးသည့် ပေါ်တူဂီလူမျိုး ငဇင်ကာဆိုသူက အမြောက်လက်နက်သွန်းလုပ်ရန် ခေါင်းလောင်းကြီးအား သံလျှင်သို့ သယ်ယူစဉ် ဒေါပုံဖြစ်အတွင်းသို့ ပြုတ်ကျနစ်မြုပ်ခဲ့သည်ဟု ဆိုသည်။