မွန်ကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်း မုဒုံမြို့တွင် ဖွင့်လှစ်

မွန်ကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်း မုဒုံမြို့တွင် ဖွင့်လှစ်
by -
မွန်အေဂျင်စီ

 ကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့ ၊ကွာန်လှာကျေးရွာ အလယ်ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၁၅ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

Mon Society Development Network -MSDN က သင်တန်း ရ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး MSDN ဒါရိုက်တာနိုင်စိန်တီ၊ ကျေးရွာအုပ်ချုပ်ရေးမှုးဦးမျိုး ၊ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ တလအိုင်းတို့ အခမ်းအနား အဖွင့်မှာစကားပြောကြားခဲ့သည်ဟု သိရသည်။

နိုင်စိန်တီက “ပထမဆုံးအကြိမ်ဆိုတော့ ဖြစ်ပေါ်ရရှိလာမယ့်ရလဒ်အဖြေထုတ်လို့မရသေးပါဘူး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေနဲ့ ဆင်းရဲနွမ်းပါးလျှော့ချရေးအတွက် တဖက်တလမ်းက အထောက်အကူပြု ပါလိမ့်မယ်” ဟုပြောသည်။

ယင်းဖွံဖြိုးရေးသင်တန်းတွင် သင်ကြားပို့ချမည့်ကဏ္ဍများတွင် မွန်အမျိုးသားလှုပ်ရှားမှုသမိုင်း၊ စိုက်ပျိုးရေး ကဏ္ဍ ၊ နိုင်ငံသားအခွင့်ရေးနှင့်တာဝန် ၊ခေါင်းဆောင်မှု၊ ပူပေါင်းပါဝင်ဆောင်ရွက်မှု ၊ ဒီမိုကရေစီရေး အခြေခံအုတ်မြစ်များအပြင် လူမှုအဖွဲ့အစည်းတွင် လက်ရှိနိုင်ငံရေးအဟြေင်းအလဲကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။

သင်တန်းဆရာတစ်ဦးအဖြစ်ပါဝင်သော ဦးမင်းလတ်က “ဒီဘက်ခေတ် ဖြစ်ပျက်နေတာကို ကျေးလက်နေပြည်သူတွေက သိပ်နားမလည်နိုင်ဘူး၊ ဒီသင်တန်းပြီးရင်တော့လက်ရှိအခြေအနေတွေကို အထိုက်အလျှောက်ပိုသိလာမယ်၊ နားမျက်စိတွေပွင့်လာမယ်”ဟုပြောသည်။

မွန်လူမှုအသိုင်းအဝိုင်းများကြားတွင် အရောင်အသွေးကင်းသည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းသင်တန်းများ အချိန်နှင့်တပြေးညီ လုပ်ဆောင်သင့်သည်ဟုလည်း သူကဆက်ပြောသည်။

ယင်းသင်တန်းကို မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (MSDN) ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ ကွာန်လှာကျေးရွာဖွံ့ဖြိုးရေးအဖွဲ့ နှင့် ကျေးရွာအထောက်အကူပြုအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသား ၅၃ ဦးတက်ရောက်လျှက်ရှိကြသည်။

သင်တန်းဆရာများအဖြစ် ဦးမင်းလတ်၊ ဦးကြည်ဇော်လွင်၊ မင်းအောင်မြင့်စိန်၊ ဒေါက်တာအောင်ရဲထွဋ်၊ မိဟံသာ၊ မိအိန်ပကောင်း တို့ပါဝင်မည်ဟုသိရသည်။