ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ စာရင်းကောက်ခံရန် ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ စာရင်းကောက်ခံရန် ပြင်ဆင်
by -
မွန်အေဂျင်စီ

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူဦးရေစာရင်း အတိအကျရရှိနိုင်ရန် လာမည့် သြဂုတ်လ ဒုတိယအပတ်မှစ၍ မွန်လူဦးရေစာရင်းမှန် ရရှိရေးကော်မတီမှ စတင်ကောက်ခံရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

ယင်းကော်မတီကို အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးဖြင့်ဖွဲ့စည်းထားကာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မွန်လူမျိုးမိသားစုဝင်များကို စာရင်းကောက်ခံမည်ဖြစ်ကြောင်း မွန်လူဦးရေစာရင်းမှန် ရရှိရေးကော်မတီ၏ စံမံကိန်းဒါရိုက်တာ မင်းစိုးအောင် ကပြောသည်။

မင်းစိုးအောင်က ” ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီးရင် သက်ဆိုင်တဲ့လဝကရုံးတွေမှာ မွန်လူမျိုးစာရင်းတွေကိုပြစုမယ်၊ စာရင်းတွေရယူပြီးရင်ကျနော်တို့ ဝန်းထမ်းတွေကို သင်တန်းပေးပြီးတော့မှ အရင်ဆုံးမြို့နယ်တစ်မြို့နယ်ကိုစမ်းသပ် ကောက်ခံမယ်” ဟု ပြောသည်။

အဆိုပါစာရင်းကောက်ခံမှုကော်မတီက ရန်ကုန်တိ်ုင်းဒေသကြီးရှိ မွန်ရပ်မိရပ်ဖများ၊ NGOအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် မွန်အသင်းအဖွဲ့များအား ဖိတ်ကြား၍ အကြံဉာဏ်များနှင့် အကူအညီ်များတောင်းခံရန် စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုး၏ လူဦးရေစုစုပေါင်းမှာ ၁ သိန်းခွဲနှင့် ၂ သိန်း အကြားတွင်ရှိသည်ဟု ခန့်မှန်းရပြီး ၂ လခွဲနှင့် ၃ လ အတွင်း အပြီးသတ် စာရင်းကောက်ခံသွားမည် ဟုလည်း သိရသည်။

မွန်လူဦးရေစာရင်းမှန်ရရှိရေးကော်မတီဝင် မိခင်လေးမြင့်က “ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်းမှာ မွန်လူမျိုး ၆ သောင်းမပြည့်လို့ မွန်တိုင်းရင်းသားအမတ်နေရာ မရခဲ့ဘူးလေ၊ အကြောင်းအရင်းကိုရှာကြည့်တော့ ရန်ကုန်တိုင်းမှာရှိတဲ့မွန်အများစုဟာ မိဘတွေကမွန်ဖြစ်ရဲ့သားနဲ့ မှတ်ပုံတင်တွေမှာ ဗမာလူမျိုးဖြစ်နေတယ် ” ဟုပြောသည်။

လာမယ့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလွှတ်တော်အမတ် တစ်ဦးရရှိရေးအတွက် လွဲမှားနေသော အိမ်ထောင်စုစာရင်းပါ အချက်အလက်များပြန်လည်စိစစ်ပြီး မွန်လူဦးရေစာရင်းတရားဝင်ပြုစုနိုင်ရန်ရည်ရွယ်သည်ဟု သိရသည်။

ယင်းမွန်လူဦးရေစာရင်းမှန်ရရှိရေးကော်မတီ၏ လုပ်ငန်းစဉ်များသည် သြဂုတ်လ ဒုတိယအပတ်မှစတင်ကောက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာနောက်ဆုံးအပတ်တွင် အဆုံးသတ်မည်ဟု သိရသည်။

အလားတူ မွန်တိုင်းရင်းသားတို့နေထိုင်ရာ ပဲခူးတိုင်းဒေသကြီးတွင်လည်း မွန်လူဦးရေစာရင်းကောက်ခံနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။