အထက်အမိန့် ညွှန်ကြားချက်ဟုဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီက အဓမ္မဝယ်ယူထားသော မွန်ပြည်နယ်ကျိုက္မရောမြို့နယ် မယ်ဂရိုကျေးရွာမှ လယ်သမားများ၏လယ်မြေနှင့်ခြံမြေများအား ယခုအခါ လယ်ပိုင်ရှင်များ ၄င်းတို့လယ်များ အားပြန်ရလိုကြောင်း စုပေါင်းလက်မှတ်ထိုးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်အစိုး ရသို့တင်ပြတောင်းခံ ထားပြီ ဟုသိရသည်။
ဘိလပ်မြေစက်ရုံတည်ဆောက်ရန် အထက်အမိန့်ကျလာသည်ဟု ဆိုကာ ဂျွန်ကုမ္ပဏီမှ ဒေါက်တာနွဲ့နွဲ့ဝင်းဆိုသူက မယ်ဂရိုရွာမှလယ်သမား ရ၀ ယောက်ပိုင် လယ်မြေဧက (၇၀ဝ)ခန့် အား အဓမ္မ ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု မယ်ဂရိုရွာမှ ဆရာထွန်းကြည် က ပြောသည်။
“လယ်မြေ၊ခြံမြေနဲ့ရေနက်လယ်မြေတွေပါတယ်။ ဘိလပ်မြေစက်ရုံအတွက်ဆိုပြီးအထက်ကဝယ်ခိုင်းတယ်ဆိုပဲ၊ လယ်သမားတွေမရောင်းပေးရင်ငွေမရလိုက်ရပဲ လယ်အလကားရှုံးမယ်လို့ ခြိမ်းခြောက် အကျပ်ကိုင်တော့ လယ်သမားတွေက ကြောက်လို့ထိုးရောင်း လိုက်ရတာ ” ဟု ဆရာထွန်းကြည်က ပြောသည်။
ကုမ္ပဏီကမှ ခြိမ်းခြောက်ကာ မတန်မဆ ဈေးနှိမ် ၀ယ်ယူသဖြင့် ယနေ့အထိ စိတ်ထိခိုက်နေရကြောင်းကို မယ်ဂရိုရွာ မှ အသက် ၆၀ ကျော် လယ်ရှင်အမျိုးသ္မီးတဦးကပြောသည်။
ဒါ့အပြင် ကုန်းပိုင်းကျသည့် မယ်ဂရိုရွာနှင့် ကော့ဝမ်းရွာသွားရာ လမ်းဘက်ကလည်း ရာဘာခြံမြေ တွေ၊ ရာသီ ပင်စိုက်နိုင်သည့် မြေတွေလည်းဧက တစ်ရာလောက် ပါသည်ဟု ပြောသည်။
ထိုစဉ်က ရောင်းချပေးခဲ့ရသည့်လယ်မြေများ၏ဈေးနှုန်းမှာ မြေအမျိုးအစား အတန်အစား အလိုက် တစ်ဧကကို အနိမ့်ဈေး ၅၀ဝဝဝ ကျပ် နှင့် အမြင့်ဆုံးဈေးမှာ ၃သိန်းသာရရှိခဲ့သည်ဟု လယ်မြေရောင်းချလိုက်ရသည့် လယ်သမား တဦးမှသိရသည်။
မယ်ဂရို ရွာသားများပိုင် လယ်များအား ဂျွန်ကုမ္ပဏီက ၂၀၁၀ နိုဝင်ဘာလ အတွင်းကလာရောက်ဝယ်ယူခြင်း ဖြစ်သည်။ အဆိုပါလယ်မြေများဝယ်ယူနိုင်အောင် ကုမ္ပဏီက ဒေသအာဏာပိုင်များ သက်ကြီးမိဘများနှင့်ရပ်မိရပ်ဖ များ ဒေသတွင်းသြဇာကြီးမားသော ဆရာတော်များကိုပါ နည်းမျိုးစုံဖြင့်ချဉ်းကပ်ကြသည်ဟုကျိုက္မရောမြို့နယ် က သြဇာကြီးမားသည့် ဆရာတော်တပါးကမိန့်သည်။
နိုင်ငံရေးအခြေအနေအရ ယခုအခါ လွတ်လပ်စွာတင်ပြတောင်း ဆိုခွင့်ရှိလာပြီးဖြစ်သဖြင့် စျေးပေါပေါဖြင့်လယ်ရောင်းလိုက်ရသော လယ်သမားများက စုပေါင်းလက်မှတ်ရေးထိုး ကာပြန်လည် တောင်းဆို ကြခြင်းဖြစ်သည်ဟုဆိုပါသည်။
မေလ (၂၈) ရက်နေ့ က မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် တင်ပြတောင်းခံထားသည့်အပေါ် ကျိုက္မရောမြို့နယ်အုပ်ချုပ်ရေးက အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။ ဇွန်လ (၁၀) ရက်နေ့တွင် အထက်အဆင့်ဆင့်သို့တင်ပြနိုင်ရန် လက်မှတ်ထိုးထားသည့်စာကို မြို့နယ်အုပ်ချုပ်ရေးမှူးအား ပေးပို့ထား ပြီးဖြစ်သည်ဟု ဆရာထွန်းကြည်က ပြောသည်။
လက်ရှိလယ်သမားများထံမှ လယ်ယာမြေများကို ဇေကမ္ဘာကုမ္ပဏီ က ကျိုက္မရောမြို့နယ် နိုတုံရွာမှ နိတုံတောင်ကို လည်းကောင်း ဂျွန်ကုမ္ပဏီ က ကော့ဒွန်းရွာ၊ ကော့ပနောရွာနှင့် မယ်ဂရိုရွာ မှ လယ်မြေ ၊ခြံမြေများကိုလည်းကောင်း စျေးနှိမ်ဝယ်ယူနေကြသည်ဟုရွာသားများကဆိုပါသည်။
ပေါက်တောရွာ၊ ကွမ်ငန်းရွာနှင့် ကဒုံစစ်ရွာမှမြေများကိုမူ ပစိဖိတ်လင့်ကုမ္ပဏီက အဓမ္မဝယ်ယူလိုမှုကြောင့် ကုမ္ပဏီနှင့် ဒေသခံလယ်သမားတို့ကြား မကျေလည်မှုများဆက်တိုက်ဖြစ်ပွားနေ သည်ဟု ဒေသခံလယ်သမားများ က ပြောကြသည်။
ဒါ့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အိန္ဒိယနိုင်ငံသား Mr .Prashansall Bhansall - Ultra Tech cement လီမိတက် (Part of Aditya Birla,Group)တို့ ဇွန်လ (၇) ရက်နေ့က မော်လမြိုင်မြို့ အစိုးရရုံးတွင်တွေ့ဆုံဆွေးနွေးပြီး မွန်ပြည်နယ်အတွင်းရှိ ဖါဖောင်တောင်၊ ပျားတောင် ၊ဖာသိမ်တောင်၊ အတ္ထရန်တောင် များတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးအတွက် မြေနေရာ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။