မွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ

မွန်ပြည်နယ်တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် မော်လမြိုင်မြို့ ဆေးရုံကြီးနှင့် ဆေးခန်းများတွင် ယခုလအတွင်း ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အလွန်များပြားနေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ လသားခလေးငယ်များမှစ၍ အသက် (၁၂)နှစ်အရွယ်နှင့် လူကြီးပိုင်း အထိ ရောဂါအဖြစ်များနေပြီး ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေသည့် အရေးအတွက်များ ပြားနေသည်ဟု မော်လမြိုင်မြို့ တွင် ဆေးခန်းဖွင့်ထား သည့် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

၎င်းက “ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်တာ စောတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းနှစ်ဆို မိုး ကျချိန် ဇွန်လလောက်မှ စဖြစ်ကြတယ်၊ အခုကျွန်တော့ ဆေးခန်းမှာလာပြနေတဲ့ လူနာတွေ တနေ့ကို ၁၅ ယောက်လောက်ရှိတယ်၊ လသားခလေးငယ်တွေရော လူကြီးရော လူမရွေးပဲဖြစ်ကြ တယ်၊ အထူး သဖြင့်တော့ ဗိုက်အောင့် ဗိုက်နာကျတာများတယ် သေဆုံးမှုတော့ မရှိသေးဘူး၊ ဆေးရုံကြီးမှာဆို လည်းကုတင်မအား လောက်အောင် ကိုဖြစ်နေတယ်” ဟု ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တဝိုက်ရှိကျေးရွာများတွင် ကလေးငယ်များ သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရမှု နည်းပါးနေသေး သော်လည်း မော်လမြိုင်မြို့ပေါ်တွင် ကူးစက်ခံရမှုနှုန်း မြင့်မားနေသည်ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လအဝင်မှ သြဂုတ်လအတွင်း နှစ်စဉ် ကလေးများတွင် အဖြစ်များလေ့ရှိသည်။

“မနေ့က ကျမသူလေးသွားကြည့်တာ ရတနာမွန်ဆေးခန်းမှာ နယ်ကရော မြို့ပေါ်ကရော ရောဂါကု သတဲ့ကလေး လူနာတွေ တော်တော် များများတွေ့ရတယ်” ဟု မော်လမြိုင်မြို့ခံ တဦးက ပြောသည်။

ယခုလက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ရပ်ကွက်အာဏာ ပိုင်များနှင့် ပူးပေါင်း၍ ကျေးရွာများတွင် ရပ်ကွက်အလိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဟောပြောပွဲများ ခြင်းပေါက်ဖွားမှုကာကွယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြသည်။

နေ့ခင်းဘက်မှာ ကိုက်တတ်သည့် Aedes aegypti နှင့် Albopictus ခေါ် ခြင်းအမျိုးအစားများကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ် ပွားရခြင်းဖြစ်သည်။

ရောဂါကူးစက်ခံရပါက လက္ခဏာများမှာ ခြင်အကိုက်ခံရပြီး ၃ ရက်မှ ၁၀ ရက်အတွင်း အအေးမိဖျားနာခြင်း ကဲ့သို့ ချက်ချင်း အဖျား တက်ခြင်း၊ ခေါင်းကိုက် ပျို့အန်ခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သားများနာကျင် ကိုက်ခဲ့တတ်ခြင်း၊ မူးဝေခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အနီစက် အပြောက်လေးများ ထွက် ခြင်းတို့ဖြစ်သည်။

သွေးလွန် တုပ်ကွေးရောဂါကြောင့် လွန်ခဲ့သည့် ၂၀ဝ၁ နှင့် ၂၀ဝ၄ ခုနှစ်များတွင် မွန်ပြည်နယ်၌ ဆေးရုံ ဆေးခန်းများတွင် ကလေးအသေပျောက်မှု များ ရှိခဲ့သည်။