၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မှစ၍ ၁၀ တန်းစာမေးပွဲကို စတင်ဖြေဆိုရမည်ဖြစ်ရာ စာစစ်ဌာန မရှိသည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများသည် ကြာအင်းဆိပ်ကြီ းမြို့သို့ သွားရောက် ဖြေဆိုနေရဆဲဖြစ်သည်ဟု သိရသည်။
စာစစ်ဌာနဖွင့်ခွင့်ရရှိရေးအတွက် ယမန်နှစ်ကတည်းက သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားသော်လည်း ခွင့်ပြုချက် မချပေးသေးသဖြင့် ဘုရားသုံးဆူမြို့မှ မိုင် (၅၀) ခန့် ဝေးသည့် ကြာအင်းဆိပ်ကြီးမြို့သို့ သွားရောက်ဖြေဆို နေရကြောင်း ၁၀ တန်းကျောင်းသား မိဘတဦးကပြောသည်။
ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တဦး၏ ပြောပြချက်အရ ဘုရားသုံးဆူမြို့ မှာ စာစစ်ဌာန ရရှိနိုင်ရန် အဓိက လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့မှုနှင့် နယ်မြေ လုံခြုံရေးက အဓိက ဖြစ်သည်ဟု ပြောသည်။
“ကျောင်းသားကျောင်းသူတွေ စာသွားဖြေဖို့မတ်လ (၅) ရက်နေ့က သွားရတယ်၊ အခက်အခဲ အမျိုးမျိုး တွေ့ရတဲ့ကလေးတွေကို အားပေးပြီး စာသွားဖြေခိုင်းနေရတယ်၊ အထူးသဖြင့် ကလေးတွေကို လိုက်လံ ပြုစုဖို့ မိဘတွေလည်း လိုက်ပါသွားရတယ်” ဟု ဘုရားသုံးဆူမြို့ ကကျောင်းသားမိဘတဦးက ပြောသည်။
ယ္ခုနှစ်အတွက် ဘုရားသုံးဆူ အထက်တန်းကျောင်းမှ ၁၀ တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၉ ဦး ရှိပြီး ကြီးကြပ်ကွပ်ကဲသည့် သူမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးနှင့် ဆရာ၊ ဆရာမများ လိုက်ပါပြီး ကြာအင်းဆိပ်ကြီးမြို့ အလယ်တန်းကျောင်းခွဲတွင် နေထိုင်ကြရသည်ဟု ဘုရားသုံးဆူမြို့မှ ဆရာတဦးကပြောသည်။
“ကျောင်းသားကျောင်းသူတွေက ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတဘက်မှာ မြို့ကြီးတွေ လောက် မပြည့်စုံတော့ဆရာတွေရဲ့သင်ကြားပြသမှု ပိုပြီးဂရုစိုက်ပြီး သင်ပြခဲ့လို့ ကျောင်းသား တွေအားတက်နေကြ တယ်” ဟု ဆရာကပြောသည်။
ယခင်နှစ် ၂၀၁၂ ခုနှစ်က ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသား၊ ကျောင်းသူ ပေါင်း ရ၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၂၃ ဦးအောင်မြင်ခဲ့ပြီး ၃၁ ရာနှုန်း အောင်မြင်မှု ရရှိခဲ့သည်။ ယခုနှစ် ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား ကျောင်းသူပေါင်း ၅၉ ဦး ရှိကြောင်း ဆရာကပြောသည်။
“ကြာအင်းဆိပ်ကြီးကို စာသွားဖြေတဲ့ ကျောင်းသား တဦးရဲ့ စားစရိတ်က စာဖြေရက်ပြီးဆုံးသည်အထိ ကျပ်တစ်သိန်း ထည့်ဝင်ရတယ်၊ ဒါတောင် ခရီး စရိတ်မပါ” ဟု ကျောင်းသားမိဘ တဦးကပြောသည်။
ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးမြို့ သို့သွားရန် ဘုရားသုံးဆူမြို့ပေါ်ရှိ မော်တော်ယာဉ် အသင်းမှ မော်တော်ယာဉ် များကို အသွားအပြန် အခမဲ့ စီစဉ်ဆောင်ရွက် ပေးထားသလို ဓါတ်ဆီ ဒီဇယ် အရောင်း ဆိုင်များမှလည်း ဆီအတွက် ပါဝင်ကူညီပေး သည်ဟုသိရသည်။
ဒါ့အပြင် ကျောင်းသားကျောင်းသူများ လိုအပ်သည့်အထွေထွေ ကုန်ကျစရိတ်များကိုလည်း ဘုရားသုံး ဆူမြို့ ပညာတန်ဆောင်အဖွဲ့နှင့် မိခင်နှင့်ကလေး အသင်းကလည်း တတ်အားသ၍ ကူညီထောက်ပံ့မှုများလုပ်ဆောင် ပေးသည်ဟု ဘုရားသုံးဆူ လူမှုရေးအသင်းမှ မြို့ခံ တဦးကပြောသည်။
ဘုရားသုံးဆူမြို့တွင်ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန် အထက်တန်းကျောင်း တစ်ကျောင်း အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း (၅) ကျောင်းရှိသည်ဟု မြို့ခံပညာရေးဝန်ထမ်းတ ဦးက ပြောသည်။