KIA နှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများကြောင့် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်သည့် လွယ်ဂျယ် - ဗန်းမော် လမ်းကြောင်းအတွင်း ယာဉ်များသွားလာခြင်း မပြုလုပ်ကြရန် KIA အဖွဲ့မှ ညွန်ကြားလိုက်ကြောင်း သိရသည် ။
ယမန်နေ့ညပိုင်းက လွယ်ဂျယ် - ဗန်းမော် မော်တော်ယာဉ်လိုင်း ဦးစီးအဖွဲ့သို့ KIA အဖွဲ့မှ ယာဉ်သွားလာ ခွင့်ပိတ်ပင်သည့် စာတစ်စောင် ပေးပို့ထားကြောင်း ဗန်းမော်မြို့ မော်တော်ယာဉ်လိုင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြော သည်။
“စာက မနေ့ညပိုင်းကမှ မော်တော်ယာဉ်လိုင်း ဦးစီးအဖွဲ့ကို လိပ်မူပြီးပို့လာတာ။ လွယ်ဂျယ်နဲ့ဗန်းမော်လမ်းမှာ ယာဉ်တွေ အ သွား အလာ မလုပ်ဖို့ပေါ့နော်။ စစ်ဖြစ်နေတဲ့အတွက် အန္တရာယ်တွေဖြစ်လာရင် တာဝန်မယူတဲ့အကြောင်းပေါ့နော်” ဟု သူက ဆိုသည်။
KIA အဖွဲ့၏ အဆိုပါစာပေးပို့အပြီး ယနေ့နံနက်ပိုင်းမှစ၍ ဗန်းမော် - လွယ်ဂျယ်လမ်း ယာဉ်များပြေးဆွဲခြင်း ရပ်နားထား ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါလမ်းကြောင်းမှ တဆင့် အစိုးရစစ်တပ်များ အဆက်မပြတ် ပို့ဆောင်နေရာ KIA နှင့် အစိုးရ တပ်များ အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း နောက်ထပ် ဗန်းမော်မြို့ခံကုန်သည် တစ်ဦးက ပြောသည်။
“ဗမာဘက်က စစ်ကြောင်းတွေ အဆက်မပြတ် တက်နေတာ ၃ ၊ ၄ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ လွယ်ဂျယ်နဲ့ နမ့်ခမ်း ဘက်ကို ပို့နေတာ။ မနေ့ညပိုင်းကလည်း လွယ်ဂျယ်ဘက် ထပ်တက်သွားတယ်။ မနေ့ညနေ ၄ နာရီလောက်က မိုးမောက်မြို့ ကျောက်စခန်းနားမှာ တပ်မ ၉၉နဲ့ တိုက်ပွဲဖြစ်တယ် ” ဟု ဆိုသည်။
ယခုလ ၁၉ ရက်နေ့ကလည်း လွယ်ဂျယ် - ဗန်းမော်ကားလမ်း ၂၇ မိုင်အနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ခရီးသည် ၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။