လာမည့်တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖေါ်ဝါရီလ၂၆ ရက်) နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ကော်မတီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်လိုသည်ဟု သိရသည်။
၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) ဥက္ကဌ နိုင်တင်အောင်နှင့် ဦးဆောင်သူအချို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက သူ၏ရုံးခန်း၌ ယမန်နေ့က ဘိတ်ကြား၍ မွန်ပြည်နယ်အစိုးရ၏ သဘောထားဆုံးဖြတ်ချက်များကို ရှင်းပြခဲ့ကြောင်း ပြောသည်။
ဒေါက်တာမင်းနွယ်စိုးက “မွန်ပြည်နယ်နေ့၊ မွန်အမျိုးသားနေ့ကျင်းပတာနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာရှိလို့ အစိုးရအဖွဲ့ကိုညွှန်ကြားခဲ့တာရှိတယ်၊ အဲဒါကြောင့် ကျနော်တို့အစိုးရအဖွဲ့ အစည်းအဝေးလုပ်ပြီး မူချမှတ်ထားတာရှိတယ်၊ အဲဒါကို သူတို့ကိုရှင်းပြခဲ့တာဖြစ်တယ်” ဟု ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် မွန်အမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး မွန်ဒေသတဝှမ်းကျင်းပမည့် အမျိုးသားနေ့ ကိစ္စရပ်များအား ဦးစီးကြီးကြပ်သွားမည်ဟု သိရသည်။
နိုင်တင်အောင်က “ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ လွှတ်တော်ဥက္ကဌ ဦးကျင်ဖေတို့ကို နာယက၊ ဒေါက်တာမင်းနွယ်စိုးနဲ့ ဝန်ကြီး ဦးခင်မောင်သွင်တို့ကို ဥက္ကဌနဲ့ ဒုဥက္ကဌ အဖြစ်ဆောင်ရွက်ခွင့်ပေးဖို့ပြောလာတာ ပါ၊ ဒါပေမယ့် ကျနော်တို့မှာက ကော်မတီဖွဲ့ထားပြီးလို့ နာယက၊ ဥက္ကဌတွေကိုပါ မြို့နယ်ကိုယ်စားလှယ်အများ ဆန္ဒနဲ့ ရွေးချယ်ထားပြီးပြီ၊ တကယ်လို့ အစိုးရအဖွဲ့တွေအနေနဲ့ ပါဝင်ချင်တယ်ဆိုရင်ကျနော်တို့ကော်မတီ ကို တရားဝင်စာတစ်စောင်ရေးသားပေးပို့ပါလို့ ဒေါက်တာမင်းနွယ်စိုးကို တင်ပြခဲ့တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီဝင် ရွေးချယ်သည့်အခမ်းအနားတွင် မွန်နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ကျင်းပရေးကော်မတီဝင်များ၊ မွန်လူငယ် အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ရန်ကုန်၊ ပဲခူးမြို့မှ မွန်အသင်းအဖွဲ့ ကိုယ်စားလှယ်များ စုစုပေါင်း (၁ဝဝ) ကျော်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် ဒေါက်တာမင်းနွယ်စိုးက “ကျနော်ရှင်းပြစရာရှိတာ သူတို့ကိုရှင်းပြခဲ့ပြီးပြီ၊ သူတို့တင်ပြတာကို အစိုးရအဖွဲ့ကို ပြန်လည်တင်ပြခဲ့တယ်၊ အစိုးရအနေနဲ့ သူတို့ကော်မတီဆီကို စာရေးမယ် မရေးဘူးဆိုတာ ကျနော်အဆုံးအဖြတ်ပေးလို့မရပါဘူး” ဟု ပြောသည်။
၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) စင်မြင့်အခမ်းအနားအား ပေါင်မြို့တွင် ကျင်းပရန်သတ်မှတ်ပြီး ပြပွဲ၊ ပြိုင်ပွဲ၊ ဖျော်ဖြေမှုအစီအစဉ်များ အပါအဝင် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားသည်။
အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာအသီးသီးနှင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မွန်ကျေးရွာများတွင် မွန်အမျိုးသားနေ့ပွဲတော်များ အပြိုင်အဆိုင်ကျင်းပရန် စီစဉ်နေကြသည်။
“ကာလအဆက်ဆက်က မွန်မျိုးချစ်တွေဟာ အနှစ် ၆၀ ကျော် မွန်အမျိုးသားနေ့ကို နှစ်စဉ်မပျက်မကွက် ကျင်းပနိုင်ဖို့ အခက်အခဲအမျိုးမျိုးက ရုန်းကန်ခဲ့ကြရတယ်၊ မွန်အမျိုးသားနေ့ကျင်းပတဲ့အတွက် ထောင်ကျခံရသူ တောခိုခဲ့ရသူတွေ ဒုနဲ့ဒေးနဲ့ရှိခဲ့တယ်၊ သမ္မတဦးသိန်းစိန်တက်လာပြီးတဲ့နောက်ပိုင်းတွေမှာ အဲဒီလို အကြပ်အတည်းတွေ သိပ်မတွေ့ရတော့ဘူး” ဟု နိုင်တင်အောင်က ပြောသည်။
ထို့အပြင် မွန်အမျိုးသားနေ့အား ပြည်နယ်၏ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ပါက မွန်ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များအား ပိုမိုထောက်ခံမှုရရှိမည်ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်အကုန်တွင် ဥက္ကဌ မွန်ဖိုးချို၊ ဒု-ဥက္ကဌ နိုင်အောင်ထွန်း ခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးက (ယခင်-ကျိုက္ခမီမြို့နယ်) သံဖြူဇရပ်မြို့နယ်၊ ပငရွာတွင်ကျင်းပခဲ့သော မွန်အမျိုးသားညီလာခံတွင် ဟံသာဝတီ(ပဲခူး)မြို့ကို စတင်တည်ထောင်သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။