မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူး၏ ငွေအလွဲသုံးစားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့တင်ပြခဲ့သည့် ကိစ္စ အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မြို့ပေါ်တက်၍ ဆန္ဒပြ မည်ဟု ဒေသခံရွာသားများက ပြောသည်။
လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးမွန်ချမ်းက ကျေးရွာအတွင်း နှစ်နှင့်ချီ၍ လောင်းကစားဝိုင်များ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းအပါအဝင် ကျေးရွာသားများထံမှ မတရားငွေကောက်ခံမှုများ ပြုလုပ်ခဲ့သည်။
ယင်းကိစ္စ မခံမရပ်နိုင်သည့် ကျေးရွာသား ၂၅ ဦးနှင့် ထောက်ခံသူ ၅၅ ဦးတို့ လက်မှတ်ရေးထိုး ထားသည့် တိုင်ကြားစာ တစောင်အား လွန်ခဲ့သည့် ဇူလိုင်လက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူ ပေးပို့ခဲ့သလို အောက်တိုဘာလ ကလည်း မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးထံ လိပ်မူ၍ ပေးပို့ခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။
စာရေး တိုင်ကြားရသည့် အကြောင်းနှင့် ပတ်သက်၍ “၂၀ဝ၇ ကစပြီး ဦးမွန်ချမ်း ရွာဥက္ကဌတာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ ရွာသားတွေဆီက ငွေအကြိမ်ကြိမ်ကောက်ခံခဲ့တာ သိန်း ၁၈၀ နီးပါးလောက် ရှိခဲ့တယ်၊ နောက်ပြီးရံပုံငွေအကြောင်းပြချက်နဲ့ လောင်းကစားဝိုင်းတွေဖွင့်ပြီး ငွေကောက်ခဲ့တယ်၊ ဒီငွေတွေကို ရွာအကျိုး အတွက် ဘာတစ်ခုမှ အသုံးပြုတာ မတွေ့ခဲ့ရဘူး၊ ဒါတွေကိုတာဝန်ယူဖြေရှင်းပေးဖို့ တိုင်ကြားထား တာဖြစ်တယ်” ဟု ပြောသည်။
ဦးဆောင်တိုင်ကြားသူများမှာ ဦးထွန်းငွေ၊ ဦးဝင်းထွေး၊ ဦးဇော်နိုင်လင်းဟု သိရပြီး တိုင်ကြားခံရသူအုပ်စုတွင် ဦးမွန်ချမ်းနှင့်အတူ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးသန်းစိုး၊ ဦးရင်၊ ဦးခိုင်ဝင်းတို့ ပါ၀င်သည်ဟု တိုင်ကြားစာတွင် ရေးသားထားဖေါ်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ဦးသန်းစိုးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဦးဆောင်တိုင်ကြားသူများအနက် ယခင်ဥက္ကဌဟောင်း ဦးဝင်းထွေး ဆိုသူမှာ ဘိန်းစာရွက်ရောင်းချမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က မော်လမြိုင်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရကြောင်း သိရသည်။
ဦးမွန်ချမ်းသည် ၂၀ဝ၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ကျေးရွာဥက္ကဌတာဝန် ယူခဲ့ပြီး လက်ရှိကျေးရွာအုပ်ချုပ် ရေး မှူး တာဝန် ထမ်းဆောင်နေသူဖြစ်သည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းအချို့ဦးစီး၍ ကျုံကရုတ်ကျေးရွာ၌ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အစမ်းလေ့ကျင့်ခဲ့ပြီး ဖြစ်သည်။
“ကျေးရွာအုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ဖို့ ပဏာမအစမ်းလုပ်ခဲ့ပြီးပြီ၊ ဘယ်နေ့မှာ တကယ်ရွေးမလဲဆိုတာကို တော့ မသိရသေးဘူး” ဟု ကျုံကရုတ်ရွာသားတစ်ဦးက ပြောသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်သက်တမ်း ၂ နှစ်နီးပါးခန့် အတွင်း သံဖြူဇရပ်မြို့နယ် ရပ်/ကျေး ၄၁ အုပ်စု၌ အုပ်ချုပ်ရေးမှူးအနည်းငယ်သာ ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာဥက္ကဌ အဟောင်းနှင့်အသစ် အာဏာလုပွဲများ မကြာခဏဖြစ်ပွား လေ့ရှိပြီး တဘက်နှင့်တဘက် စွပ်စွဲပြောဆို၍ အာဏာပိုင်အဆင့်ဆင့်ထံ တိုင်တန်းမှုများ မကြာခန ဖြစ်ပွားလေ့ ရှိကြောင်း မြို့နယ်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် တဦးက ပြောသည်။
ထို့အပြင် “ဒီမြို့နယ်မှာ ရွာဥက္ကဌ အုပ်စုဆိုပြီး ရှိကြတယ်၊ ဥက္ကဌတွေအချင်းချင်း ကူညီယိုင်းပင်းကြတယ်၊ အထက်အာဏာပိုင်တွေတောင်းဆိုသမျှပေးနိုင်ကြလို့ သူတို့အာဏာမြဲနေကြပြီး ရာသက်ပန် ဥက္ကဌလို့တောင် ခေါ်နေကြတယ်၊ အသစ်တက်မယ့်သူတွေဆိုလည်း သူတို့တပည့်တွေဖြစ်မှာပဲ” ဟု သုံးသပ် ပြောဆိုသည်။