ကရင်နီ(ကယား)ပြည်နယ် အနောက်မြောက်၊ ဖရှူဆိုမြို့နယ်အတွင်း တည်ဆောက်နေသည့် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းသစ်ကို ရပ်ဆိုင်းပေးရန် ကရင်နီအခြေပြု လူမှုအဖွဲ့ အစည်းကွန်ယက် KCSN မှ နိုဝင်ဘာ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။
“စစ်သင်တန်းကျောင်း ဆောက်လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့ မြေယာသိမ်းထားတာ မနည်းဘူး၊ လူထုတွေအနေနဲ့ ဒီစစ်သင်တန်းကျောင်းအစား အများနှင့်ဆိုင်တဲ့ ဘာသင်တန်းကျောင်းပဲဖြစ်ဖြစ် ဆောက်ရင် သူတို့သဘောတူတယ်၊ အခု စစ်သင်တန်းကျောင်းကို ဆောက်နေတာ ရ၀ ရာခိုင်းနှုန်းလောက်ရှိနေပြီး အဲဒါကြာင့် ဒီဆောက်လုပ်ရေးကိုရပ်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူထုအကျိုးပြုအရေး ပါဝင်ဆောင်ရွက်နေသူ ကိုသက်တင်က ပြောသည်။
ယင်းအမှတ်(၁၄) စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး လယ်ယာမြေ ဧက ၃,၅၂၅ သိမ်းဆည်းခံထားရသလို အိမ်ခြေ ၅၀ဝ ခန့်အပါအဝင် လူဦးရေ ၃,၀ဝဝ ကျော် ပြောင်းရွေ့ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ်အတွင်း လူထုအခြေပြုကိုယ်စားလှယ် (၄၀) ကျော် ပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ်တိုးချဲ့ချထားခြင်း၊ မြေယာ သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာသော လုပ်ကိုင်စားသောက်မှုပြဿနာများနှင့် ခရီးသွားလာရေး ကန့်သက်ပိတ်ပင်ခြင်းများအပေါ် စိုးရိမ်ကြောင်း ထိုနှီးနှောဖလှယ်ပွဲ၌ တင်ပြဆွေးခဲ့ကြသည်။
ထို့အပြင် ကရင်နီပြည်နယ်တွင် တည်ဆောက်မည့် အကြီးစားရေကာတာ စီမံကိန်းအားလုံးကို ရပ်စဲရန်နှင့် မည်သည့်စီမံကိန်းကိုမဆို ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဆန္ဒဖြင့် ထုတ်ဖော်သည့် သဘောတူညီချက် လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးများအရ သေချာ အသုံးပြုသွားရန် အစိုးရအား တောင်းဆိုလိုက်သည်။
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် အစိုးရနှင့် ကေအဲန်ပီပီတို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် “ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်း တည်ဆောက်နေခြင်း နှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒကို လေ့လာသုံး သပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီး အစီရင်ခံစာကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတော် သမ္မတထံ တင်ပြရန် သဘောတူခဲ့ကြသည်” ဟု ပါရှိသော်လည်း လက်တွေ့တွင် အစိုးရဖက်မှ လေ့လာသုံးသပ်သည့် လုပ်ငန်းကို ချုပ်ကိုင်လွှမ်းမိုး၍ ဒေသခံလူထု၏အသံကို လျစ်လျူရှုထားပြီး စစ်လေ့ကျင့်ရေးကျောင်း ဆက်လက်တည်ဆောက်နိုင်ရန်ကိုသာ အစီရင်ခံ တင်ပြခဲ့ကြ သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။