မြဝတီ-မော်လမြိုင်-ရန်ကုန် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအဖြစ် ဆောင်ရွက်မည်

မြဝတီ-မော်လမြိုင်-ရန်ကုန် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအဖြစ် ဆောင်ရွက်မည်
by -
မွန်အေဂျင်စီ

ပို့ကုန်၊ သွင်းကုန်လိုင်စင်ခွင့်ပြုချက်ဖြင့် မြဝတီ-မော်လမြိုင်-ရန်ကုန်အား တရားဝင်ကုန်သွယ်မှု လမ်းကြောင်း ဖြစ်အောင် မကြာမီဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးစခန်း(IMNA)

ကန့်သတ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို ပို့ကုန်၊ သွင်းကုန်လိုင်စင် ရယူခြင်း မရှိဘဲ တင်ပို့၊ တင်သွင်း ခြင်း၊ လိုင်စင်ခွင့်ပြုချက် ရယူပြီးသော်လည်း စည်းကမ်းချက်များ ဖောက်ဖျက်ခြင်း တို့အား လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်စစ်ဆေးအရေးယူသွားမည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရဲမှူးတစ်ဦးက ပြောသည်။

၄င်းက “ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၃၁ အထိကတော့ ပညာပေးကာလပေါ့၊ တားဆီး၊ စစ်ဆေး၊ ပညာပေး သွားမှာ ဖြစ်တယ်၊ ပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေဟာ တင်သွင်းခွင့်ပြုထားတဲ့ စာရွက်စာတမ်း တွေတပါတည်းယူဆောင်လာရမယ်” ဟု ပြောသည်။

ကုန်ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ ယာဉ်အမှတ်ဖော်ပြထားသော ယာဉ်စစ်ဆေးသူ တာဝန်ခံလက်မှတ်၊ ကုန်သွယ်ရေးစခန်းတွင် စစ်ဆေးခဲ့သော ကွင်းစစ်ဆေးချက်မှတ်တမ်း မူရင်းများပါရှိရမည်ဟု သိရသည်။

ထို့အပြင် “ပညာပေးကာလ နောက်ပိုင်းကျရင်တော့ ဥပဒေနဲ့မညီညွတ်တာတွေကို အရေးယူတာ၊ Black List စာရင်းထည့်သွင်းကြေညာတာတို့ လုပ်သွားဖို့ရှိတယ်” ဟု သူက ဆက်ပြောသည်။

ယင်းကိစ္စအပေါ် မြဝတီနယ်စပ်ရှိ ကုန်သည်တဦးက နယ်စပ်ကုန်သွယ်မှုစခန်းအတွက် အဖွဲ့ပေါင်းစုံမှ One Stop Services စနစ်ဖြင့်ဆောင်ရွက်မည့် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းနှင့် “ထိုင်းကတင်သွင်းတဲ့ စားသောက်ကုန်နဲ့ အခြားကုန်ပစ္စည်းတွေမှာ အတုတွေပါဝင် လာတာရှိတယ်၊ အချိုမှုန့်၊ နို့ထွက်ပစ္စည်း အမျိုး မျိုးနဲ့ လယ်ယာသုံးဓါတ်မြေသြဇာတွေမှာ အတုတွေပါလာတတ်တယ်၊ အဲဒါတွေကို နယ်စပ်စခန်းမှာ စစ်ဆေး ပြီးမှ ပြည်တွင်းကို တင်သွင်းခွင့်ရမယ်” ဟု ပြောသည်။

သို့သော် နယ်စပ်ကုန်သည်ကြီးများ၏ တံစိုးလက်ဆောင်ဒဏ်ကို နယ်စပ်ရှိမြန်မာဝန်ထမ်းများ ခံနိုင်မနိုင်ဆို သည့် အချက်ကိုတော့ စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

Most read this week