ရန်ကုန် မွန်တက္ကသိုလ်ကျောင်းသား/သူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မွန်တက္ကသိုလ်ကျောင်းသား/သူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
by -
မွန်အေဂျင်စီ

မွန်စာပေနှင့် ယဉ်ကျေးမှုးကော်မတီ(တက္ကသိုလ်များ -ရန်ကုန်)ကကြီးမှူး၍ မွန်ကျောင်းသူ/သားတို့၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသူ/သားနှုတ်ဆက်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် တနင်္ဂနွေနေ့(သြဂုတ်-၂၆ ရက်) တွင် ကျင်းပခဲ့သည်။

ရန်ကုန်မွန်တက္ကသိုလ်ကျောင်းသား/သူများ၏လူပျိုလှည့်ယိမ်းတင်ဆက်မှု(Facebook)
အခမ်းအနားကို လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးရှိ ရတနာခန်းမတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ပြီး တက္ကသိုလ်အသီးသီးမှ ကျောင်းဆရာ/မများ၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)အဖွဲ့ဝင်များနှင့် တက္ကသိုလ်ကျောင်းသူ/သား ၃၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်မှ မွန်ကျောင်းသူ/သားအဖွဲ့ အထွေထွေအတွင်းရေးမှူး မင်းလဝီမွန်က “ ရန်ကုန် တက္ကသိုလ်မွန်ကျောင်းသားအဖွဲ့ဝင် တစ်ထောင်ကျော်ရှိပါတယ်၊ ဒီနှစ်ပထမနှစ်ကျောင်းသားအဖွဲ့ဝင် သုံးရာကျော် တိုးလာတယ်” ဟု ပြောသည်။

ယင်းအခမ်းအနားတွင် (တက္ကသိုလ်များ-ရန်ကုန်)မွန်ကျောင်းသားအဖွဲ့ ဥက္ကဌ ကထိက မင်းခင်စိန (သတ္တဗေဒ ဌာန-ဒဂုန်တက္ကသိုလ်)၊ မွန်ကျောင်းသားခေါင်းဆောင် မင်းလဝီမွန်၊ လက်ရှိ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) ဥက္ကဌနိုင်ဖေတင်နှင့် စာ/ယဉ် ဥက္ကဌဟောင်း နိုင်မင်းသောင်းသျှင်တို့က မိန့်ခွန်းပြောကြားခဲ့ကြရာတွင် မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးတွင် ပညာတတ် မွန်လူငယ်များ တာဝန်ယူဦး ဆောင်သွားကြရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။

“အချို့မွန်ကျောင်းသူ/သားတွေက မွန်စကားပဲပြောတတ်ကြပြီး မွန်စာမတတ်ကြတာရှိနေပါတယ်၊ အဲဒီအတွက် မွန်စာပေသင်တန်းကို သက်ဆိုင်ရာတက္ကသိုလ်ကျောင်းတွေမှာ နှစ်တိုင်းဖွင့်လှစ်ခဲ့ပါတယ်၊ တက္ကသိုလ်တစ်ခု နဲ့တစ်ခု ကျောင်းဖွင့်ပိတ်ချိန်မတူကြတာရှိတော့ အသင်းအဖွဲ့ လှုပ်ရှားမှုကိစ္စတွေက နည်းနည်းပါးပါး အခက်အ ခဲရှိတတ်ပါတယ်” ဟု မင်းလဝီမွန်က ဆက်ပြောသည်။

အခမ်းအနားဟောပြောမှုအစီအစဉ်နောက်ပိုင်း ဖြေဖျော်ရေးအစီအစဉ်၌ တက္ကသိုလ် ကျောင်း သူ/သားတို့၏ မွန်ယဉ်ကျေးမှုယိမ်းအကများ၊ ခေတ်ပေါ်သီချင်းများဖြင့် ဧည့်ခံသီဆိုကပြခဲ့ကြ သည့်အပြင် စတီရီယိုအဆို တော် လဝီ၊ လိမ္မော်သီး၊ ဘိုဘို(Outsider)တို့လည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

မွန်အဆိုတော်လဝီက “သူငယ်ချင်းများလို့ အမည်ရှိတဲ့ မွန်ခေတ်ပေါ်သီချင်းတစ်ပုဒ် ဆိုခဲ့ပါတယ်၊ လိမ္မော်သီးနဲ့ ဘိုဘိုတို့က ဗမာသီချင်းတွေဆိုကြတယ်၊ ကျနော်ကျောင်းတက်ခဲ့ကတည်းကစပြီး ဒီလိုအခမ်းအနားပွဲတွေကို နှစ်တိုင်းလိုလိုလာဆိုဖြစ်ပါတယ်”ဟု ပြောသည်။

မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ကျောင်းသူ/သားများအဖွဲ့သည် လွန်ခဲ့သည်အနှစ် ၄၀ ကျော်ခန့်တွင် သုတေသနရှာဖွေစုဆောင်းပြီး လက်ရှိမွန်အမျိုးသားရိုးရာဝတ်စုံများကို တီထွင်ဖန်တီးနိုင်ခဲ့ သဖြင့် သမိုင်းမှတ်တမ်းကျန်ရစ်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) မွန်ကျောင်းသူ/သားအဖွဲ့ကို ၁၉၆၆-၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့စဉ် ကွယ်လွန်သူဒေါက်တာမန်းသက်စံ Ph.D ဥက္ကဌဖြစ်ခဲ့ပြီး မိမိတို့ကျောင်းတက်စဉ် ကာလဖြစ်ကြောင်း ထိုစဉ်က ဥပဒေကျောင်းသားဖြစ်ခဲ့သူ နိုင်မောင်တိုးက ပြောသည်။