ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များက မွန်ပြည် နယ် သထုံမြို့၌ ယနေ့ နေ့လယ်ပိုင်းတွင် အပစ်အခတ်ရဲစဲရေးနှင့်ပက်သက်ပြီး လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
PNLO အထွေထွေအတွင်းရေးမှူး ခွန်မြင့်ထွန်းခေါင်းဆောင်သည့် အဖွဲ့ဝင် (၇) ဦးတို့က ပအိုဝ်း လူမှုအဖွဲ့ အစည်းများအပါအဝင် ဒေသခံများကို ရှင်းလင်းပွဲပြုလုပ်ပြီး သဘောစစ်တမ်းထား ကောက်ယူခဲ့သည်ဟု PNLO ဥက္ကဌ ခွန်ဥက္ကာက ပြောသည်။
၎င်းက “ဝန်ကြီးဦးအောင်မင်းကို နိုင်ငံရေးသွားဆွေးနွေးရင်းနဲ့ ကျနော်တို့ဒီအပစ်ခတ်ရပ်စဲရေးနဲ့ မြန်မာပြည်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ခဲ့ရင် ဘယ်လိုသဘောရလဲ၊ လူထုတွေရဲ့ အကြံပြု ချက်အကြံဉာဏ်တွေ ဘယ်လိုရှိလဲ၊ အပြန်အလှန်ပေါ့လေ စည်းရုံးရေးအနေနဲ့ ဆွေးနွေးခဲ့ကြ တယ်” ဟု ပြောသည်။
ယင်းလူထူရှင်းလင်းပွဲကို သထုံမြို့ရှိ ပအိုဝ်းအမျိုးသားပြည်သူလူထုများမှ သံဃာတော်များ၊ ကျောင်း သူ/သားများနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
အလားတူ လူထုရှင်းလင်းပွဲကို ယမန်နေ့၌ ရန်ကုန်မြို့ ရွှေတိဂုံဘုရားရှိ ပအိုဝ်းအမျိုးသား ဓမ္မာရုံနှင့် ယခုလ၂၃ ရက်နေ့၌ ရှမ်းပြည်နယ် တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့သည်။
ယခု လူထုရှင်းလင်းပွဲပြုလုပ်ပြီးနောက် လာမည့်အပတ်တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရန်ကုန်မြို့(သို့မဟုတ်) နေပြည်တော်၌ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ အသေးစိတ်ဆွေးနွေးမည်ဟု ခွန်ဥက္ကာက ပြောသည်။
ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အလွတ်သဘော တွေ့ဆုံချိန် က ပမာဏသဘောတူညီခဲ့သည့် အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်ဖက် စလုံး ပြေလည်မှုရရှိပါက တရားဝင် ပြည်နယ်အဆင့် သဘောတူ လက်မှတ်ရေးထိုးဖွယ် ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ဘက်မှ ဥက္ကဌ ဦးခွန်ဥက္ကာနှင့် အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေး အချက် ၆ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြသည်။
၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် ဦးအောင်မင်းနှင့် PNLO ဥက္ကဌ ခွန်ဥက္ကာတို့ ပထမ အကြိမ်တွေ့ဆုံ ခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ရာ PNLO က အချက်(၁၁)ချက် တင်ပြတောင်းဆိုခဲ့သည်။
၎င်းတောင်းဆိုချက်များတွင် PNLO နှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရး ပဏာမသဘော တူညီရန်၊ တစ်ပြည်လုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးကို ပြည်ထောင်စုအစိုးရက တရားဝင်ကြေညာ ပေးရန်၊ အပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးအင်အားစုများ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်တို့လည်း ပါဝင်သည်။
အဆိုပါတောင်းဆိုချက်များထဲမှ တချို့အချက်ကို ချက်ချင်းသဘောတူရန် အဆုံးအဖြတ် မပေးနိုင်သေး သဖြင့် ယင်းတောင်းဆိုချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြရဦးမည်ဟု ဦးအောင်မင်းက ပြောခဲ့ကြောင်း ဦးခွန်ဥက္ကာက ပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ)မှ ခွဲထွက်တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည် တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။