နေပြည်တော်သို့ ခြေလျင်ချီတက် ဆန္ဒပြ ရွှေလုပ်သားများ တားဆီးခံရ

နေပြည်တော်သို့ ခြေလျင်ချီတက် ဆန္ဒပြ ရွှေလုပ်သားများ တားဆီးခံရ
by -
မွန်အေဂျင်စီ

တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးအတွက် ဆန္ဒပြသည့်အနေဖြင့် နေပြည်တော် သို့ ခြေလျင်ချီတက်နေကြသည့် ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမား ၃,၀၀၀ ကျော်ခန့် ရွှေမြင်တောင် ဘုရားသို့ အရောက်တွင် လုံထိန်းနှင့် ရဲအင်အား ၆၀၀ ခန့်က ဝိုင်းရံလမ်းပိတ်ထားကြောင်း သပိတ်ခေါင်းဆောင် တဦးဖြစ်သူ ကိုသက်လွယ် က ပြောသည်။

“ကျနော်တို့ ရှေ့တည့်တည့်မှာပဲ လမ်းပိတ်ပြီး ရပ်နေကြတာပါ။ လက်နက် အပြည့်အစုံနဲ့ ဒိုင်းတွေ၊ ဝါးရင်းတုတ်တွေ ကိုင်ပြီး လမ်းပိတ် နေပါတယ်။ တာဝန် ရှိသူတွေက ကျနော်တို့နဲ့ လာရောက် ညှိနှိုင်းတာ မရှိသေးပါဘူး။ ကျနော်တို့ ဘက်ကလည်း စောင့်ကြည့်နေပါတယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါ အလုပ်သမားများသည် မိုးထိမိုးမိ ရွှေလုပ်ကွက်မှ မိုင် ၁၀၀ ခန့် ကွာဝေးသည့် နေပြည်တော်သို့ ချီတက်ကြမည် ဖြစ်ကာ ရမည်းသင်းမှ မိုင်လေးဆယ်ခန့် အကွာ ရွှေမြင် တောင်ခြေသို့ (ခရီး သုံးပုံ တပုံ) အရောက်၌ အာဏာပိုင်များမှ ယခုကဲ့သို့ တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြ အလုပ်သမားများသည် မိုးထိမိုးမိ တောင်မှ တနင်္လာနေ့ နံနက်က စတင် ထွက်ခွာခဲ့ကြပြီး ရွှေမြင်တောင်သို့ ထိုနေ့ည ၈ နာရီခန့်တွင် ရောက်ရှိခြင်းဖြစ်သည်။

ဇွန်လ ၁ ရက်နေ့မှ စတင်၍ မိုးထိမိုးမိ တောင်ပေါ်ရှိ ရွှေလုပ်သား တသိန်းခန့် ဆန္ဒပြခဲ့ပြီး ထိုအထဲမှ အလုပ်သမား ၃,၀၀၀ ခန့်တို့က နေပြည်တော်သို့ ခြေလျင် ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်။

“သူတို့ခွင့်ပြုတဲ့ အက်ဒစ်တွင်း ဆိုတာက ကျနော်တို့ တနိုင်တပိုင် လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင် ပါဘူး။ သိန်းပေါင်း ရာချီ ရင်းရတာ။ ကျနော်တို့က ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ရဲ့ လုပ်အား၊ ကျနော်တို့ရဲ့ ရှိမဲ့စုမဲ့ အရင်းအနှီးနဲ့ စိုက်ထုတ် ထားတာတွေကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိဖို့ အခုလို နေပြည်တော်ကို ခြေလျင် ချီတက်ပြီး ဆန္ဒပြ ဖော်ထုတ်ရခြင်း ဖြစ်တယ်။ အရင်က သဘောတူထားကြသလိုပဲ ပြန်ပြီး လုပ်ပိုင်ခွင့် ပေးစေချင်တယ်” ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ရွှေလုပ်သား တဦးက ပြောသည်။

လုပ်သားများအနေနှင့် သမ္မတနှင့် အစိုးရရှိရာ နေပြည်တော်အရောက် ချီတက်၍ ၎င်းတို့ လိုလားချက်များကို ထုတ်ဖော်ဆန္ဒပြကြမည်ဟု သိရသည်။

၂၀၁၂ ခုနှစ်၊ မေလတွင် ဒေသခံ ရွှေအလုပ်သမားများ၏ တနိုင်တပိုင် လုပ်ကွက်များ ဖြစ်သည့် ၄ ပေ ပတ်လည် ကျင်းများအား လုပ်ပိုင်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အက်ဒစ်ဟုခေါ်သည့် အလျား ရ ပေ၊ အနံ ရ ပေ ရှိ အဆင့်မီ ရွှေတွင်း လုပ်ကွက်များကိုသာ ဆက်လက် ခွင့်ပြုမည်ဟု အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ပြောဆိုခဲ့သည်။

ထိုကုမ္ပဏီ စီမံကိန်း မန်နေဂျာ ဦးထွန်းအောင်မိုးက ၄ ပေ တွင်းများ အလွယ်တကူ ခွင့်ပြုပေးပါက သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေမည့်အပြင် လုံခြံုရေးအရ ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်များသည့်အတွက်
ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ကန္တာရစိမ်း၊ အာရှအမြုတေ၊ ရွှေပြည်အေး၊ ကြယ်ငါးပွင့်၊ ရွှေတောင်ကျော၊ ဝေလင်းထိုက်၊ မြမျိုးသက်ဦး၊ ရွှေညီအကို၊ ရေတော်သား၊ ရွှေပလောင်၊ ဓနစမ်းရေ၊ နေခြည်ပွင့်၊ ရဲညီနောင်၊ မိုးရွှေဝါ၊ မြင့်မိုရ်ရွှေတောင် ကုမ္ပဏီ စသည့် ကုမ္ပဏီပေါင်း ၂၉ ခု စုပေါင်းထားသည့် အုပ်စုကုမ္ပဏီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်္ဘာလ ၉ ရက်နေ့တွင် ရမည်းသင်း ရွှေတော ကွက်ရပ် မိုးထိမိုးမိဒေသ၌ ရွှေသတ္တု တူးဖော်ခွင့်အား တရားဝင် လုပ်ကိုင်ခွင့် ရခဲ့သည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၌ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ထိုလုပ်ငန်းခွင်တွင်းရှိ အင်းပိုင် (ခ) စက်ပိုင်နှင့် အင်းသားများ စုစုပေါင်း ၅ သိန်းခန့်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ၅ နှစ် တရားဝင် လုပ်ကိုင်ခွင့်ပေးမည်ဟု နှုတ်ကတိဖြင့် ပြောကြားခဲ့သည်။

မိုးထိ - မိုးမိ ဒေသသည် အကျယ်အဝန်းအားဖြင့် ၆,၁၀၅ ဧက ရှိကာ ပင်လယ် ရေပြင်အထက် အမြင့်ပေ ၄,၆၀၀ ကျော် တွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ရွှေ့ပြောင်း ရွှေရှာသူများ ရောက်ရှိလုပ်ကိုင် အခြေချခဲ့ကြသည်။