ဘုရားသုံးဆူမြို့၌ ဒီကေဘီအေ လက်နက်ကိုင်ဆောင်ခွင့်မရှိ

ဘုရားသုံးဆူမြို့၌ ဒီကေဘီအေ လက်နက်ကိုင်ဆောင်ခွင့်မရှိ
by -
မင်းသုတ

မင်းသုတ – ယခုလဆန်းပိုင်းတွင် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ခဲ့သော ဒီကေဘီအေတပ်ဖွဲ့ဝင်များ  ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့်အနီး ပတ်ဝန်းကျင်သို့ လက်နက်ကိုင်ဆောင် သွား လာခွင့် မပြုကြောင်း အမည်မဖေါ်လိုသည့်မြန်မာ အရာရှိတဦးက ပြောသည်။

three-pagoda
“အရင်ကလို လက်နက်ကိုင်ပြီးမြို့ပေါ်လာခွင့်မပြုဘူး၊ လာရင်ပစ်ခတ်ဖို့အသင့်ပဲ၊ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲနေပေါ့၊ မြို့ပေါ်လာစရာအကြောင်းမှမရှိတာ” ဟု အထက်ပါအရာရှိက ပြောသည်။

၄င်းက ဘုရားသုံးဆူမြို့ပေါ်၌ ခလရ (၃၂) တပ်ရင်းနှင့် မြို့အနီးအနားပတ်ဝန်းကျင်တွင်အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ခမရ (၅၆၃) တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူဒေသအတွင်း လှုပ်ရှားနေသည့် ဗိုလ်ကြီးအေဝမ်းဦးစီး ဒီကေဘီအေ တပ်ခွဲ (၃) မှ တပ်ဖွဲ့ ၀င်များအား လက်နက်အပ်နှံပြီး မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် နီးစပ်သူများထံမှတောင်းဆို ခဲ့သည်ဟု ဗိုလ်ကြီးအေဝမ်း ပြောကြောင်း KIC ကရင်သတင်းဌာနတွင် ဖေါ်ပြထားသည်။

ထို့အတူ မြဝတီမြို့ပေါ်တွင်လည်း အစိုးရနှင့် ဒီကေဘီအေ အပစ်ရပ်စဲခဲ့သည့် ယခင်နှစ်များကဲ့သို့ လက်နက်ကိုင်ဆောင်သွားလာခွင့်မရှိဟု မြန်မာအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီကေဘီအေဆက်ဆံရေးရုံးလာဖွင့်ထားပြီးပြီ၊ တခုပဲစိုးရိမ်နေရတယ်၊ သူတို့က KPF ယူနီဖေါင်းဝတ်ပြီး လက်နက်နဲ့သွားလာရင်တော့ အာဏာပိုင်တွေ ရုတ်တရက်ခွဲခြားနိုင်မှာမဟုတ်ဘူး၊ ဘယ်အဖွဲ့ကလူတွေ လည်းဆိုတာကို ခွဲခြားဖို့လည်းမလွယ်ဘူးလေ” ဟု ၄င်းကဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပအပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသော ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့သည် မြဝတီမြို့နှင့်ဘုရားသုံးဆူမြို့ တဝိုက်တွင် အစိုးရတပ်များအား စတင်တိုက်ခိုက်ခဲ့ရာမှ ယခင် ၁၉၉၄ ခုနှစ်ကရရှိခဲ့သော အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရသည်။

တဖန် ယခုလ နိုဝင်ဘာ (၃) ရက်နေ့တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့်ဒီကေဘီ အေခေါင်းဆောင်အချို့ ဘားအံမြို့တွင် နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (၅) ချက်ဖြင့်  လက်မှတ်ရေးထိုးခဲ့ကြသည်။

၄င်းသဘောတူညီချက် ၅ ချက်မှာ (၁) ယခုလ (နိုဝင်ဘာ-၆) ရက်နေ့မှစပြီးနှစ်ဖက်အပစ်ရပ်ရန်သဘောတူ သည်။ (၂) အပစ်ရပ်ကာလအတွင်း ဆုံစည်းမြိုင်နှင့်အနီးတဝိုက်တွင် ဒီကေဘီအေတပ်ဖွဲ့များ ယာယီ အခြေပြုရန်သဘောတူညီသည်။ (၃) မြဝတီမြို့ပေါ်တွင် ဒီကေဘီႝအေဆက်ဆံရေးရုံး ထားရှိခွင့်ပြုသည်။ (၄) လက်နက်ဖြင့် နယ်မြေကျော်လွန်သွားလိုပါက နှစ်ဖက် တပ်ဖွဲ့များကြိုတင်ညှိနှိုင်း ဆောင်ရွက်ပြီး သဘောတူမှုရယူရပါမည်။ (၅) ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီနှင့်ဒီကေဘီအေခေါင် းဆောင် ဗိုလ်ချုပ်စောလားဘွယ်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီသောနေရာ၊ နေ့ရက်အချိန်များတွင် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရေးများကို နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုဝင်ဘာ (၄) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ထုတ်ပြန် ထားခဲ့သည်။