ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ် ဖောက်လုပ်မှု ဒေသရှိ ထိုင်းစစ်တပ် ဘဝင်မကျ

ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ် ဖောက်လုပ်မှု ဒေသရှိ ထိုင်းစစ်တပ် ဘဝင်မကျ
by -
အာကာ

အာကာ - ထားဝယ်ရေနက်ဆိပ်ကမ်း၏ အစိတ် အပိုင်း တခု ဖြစ်သည့် ထားဝယ်ကန်ချနပူရီအဝေး ပြေး ကားလမ်းသစ်ဖောက်လုပ်နေမှုသည် ထိုင်း နိုင်ငံ၏ လုံခြုံရေးကို ထိပါးနိုင်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် စီမံကိန်းနှောင့်နှေး အောင် ဝိုင်းဝန်းစဉ်းစားပေး စေလိုကြောင်းထိုင်း အမျိုးသား လုံခြုံရေးကောင်စီ လက်အောက်ခံ ထောက်လှမ်းရေးအဖွဲ့ကပြော သည်။

ကန်ချနပူရီခရိုင်၌ အခြေစိုက်သည့် ထိုအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှအရာရှိ အချို့နှင့် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ထိုင်းစစ်တပ်က ဒီလမ်းကို သဘောမကျဘူး။ လမ်းဟောင်း ရှိတယ်။ ဒီလမ်းကို အားလုံးပိတ်ပြီး လမ်းသစ်ဖွင့်တယ်။ မြန်မာတွေ နယ်စပ်ရောက်ရင် ထိုင်းတွေအတွက် နစ်နာစရာတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီစီမံကိန်း နှောင့်နှေးအောင် ဝိုင်းစဉ်းစားပေးပါလို့ ထိုင်းစစ်တပ်က ကျနော်တို့ကို ပြောတယ်” ဟု တွေ့ဆုံရာတွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီဝင်တဦးက ပြောသည်။

၎င်းပြင် ထိုင်းထောက်လှမ်းရေးအဖွဲ့က ယခုကိစ္စကို ကေအန်ယူနှင့် ဆွေးနွေးပေးစေလိုကြောင်းလည်း မွန်ပြည်သစ်ပါတီကို ပြောကြားခဲ့သည်။ သို့သော်လည်း မွန်ပြည်သစ်ပါတီအနေနှင့် တစုံတရာပြန်လည် ပြောဆိုခြင်း မရှိကြောင်း မွန်ပြည်သစ် အရာရှိက ဆိုသည်။

ယခုဖောက်လုပ်မည့်လမ်းသည် ယခင်ဖောက်လက်စ ကန်ချနပူရီ-ထားဝယ် ကားလမ်းအတိုင်း ဖြောင့်ဖြောင့် ဖောက်လုပ်ခြင်း မဟုတ်ပဲ နယ်စပ်မျဉ်းတလျောက် ကွေ့ပတ်ကာ ဖောက်လုပ်ခြင်းကြောင့် မြန်မာအစိုးရအနေနှင့် စီးပွားရေး အကျိုးအမြတ် တခုတည်းသာမက နိုင်ငံရေး စစ်ရေး အကျိုးအမြတ်အတွက်လည်း ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ယူဆသည်။

၁၉၉၇ ခုနှစ် ဧပြီလမှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထိ K.T.D Kanchanaburi Tavoy Development နှင့် K.L.N Kyaw Lynn Naing ကုမ္ပဏီတို့က အာရှအဝေးပြေး ကားလမ်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ကန်ချနဘူရီ-ထားဝယ်လမ်းကို ဖောက်လုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအတွင်းပိုင်း ကီလိုမီတာ ၂ဝ ခန့်သာ ဖောက်လုပ်နိုင်ကာ ရပ်တန့်ခဲ့ရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အီတာလျံ-ထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta နှင့် ယခင်စစ်အစိုးရ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဌေးတို့က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က နေပြည်တော်တွင် စာချုပ်လက်မှတ် ထိုးခဲ့ကြသည်ဟု မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

ဒေသခံပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ထိခိုက်နစ်နာသူများအတွက် ပြန်လည်ထူထောင်ပေးခြင်းများကို ကုမ္ပဏီက မလုပ်ဆောင်ပေးသည့်အတွက် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည့် ယခုလမ်းဖောက်လုပ်မှုကို ကရင်အမျိုးသား အစည်းအရုံး KNU က တားမြစ်ထားသည်။

ထားဝယ်၊ ကန်ချနဘူရီသို့ ဆက်သွယ်မည့် ရှစ်လမ်းသွား အဝေးပြေး လမ်းမကြီးတလျှောက်သည် ကေအန်ယူ မြိတ်၊ ထားဝယ်ခရိုင် လက်အောက်ရှိ တပ်မဟာ (၄) တပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားရာဒေသ ဖြစ်သည်။

ယခုဖောက်လုပ်မည့် ထားဝယ်၊ ကန်ချနပူရီလမ်းသည် ၁၆ဝ ကီလိုမီတာ ရှည်လျားပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အလွန်အရေးပါသည့် အစိတ်အပိုင်းတခု ဖြစ်ကာ မြန်မာနိုင်ငံအတွင်းပိုင်းတွင် ၁၃ဝ ကီလိုမီတာခန့် ရှည်လျားသည်။