မင်းသုတ-ကရင်ပြည်နယ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးဇမိမြစ်ကြောင်းလမ်း အတိုင်း သွားလာနေသည့် ခရီးသည်တင်ပဲ့ချိပ်လှေနှစ် စီး ယမန်နေ့ နေ့ခင်းပိုင်းတွင်ကျောက်ဖျာဒေသ အနီး မျက်နှာချင်းဆိုင် တိုက်မိကြရာဒဏ်ရာ ရရှိကြသည့် အပြင် လူတစ်ဦးသေဆုံးခဲ့ကြောင်း လှေဂိတ်မှူး တစ်ဦးက ပြောသည်။
“တစ်ယောက်သေ၊ တစ်ယောက်ပျောက်၊ တစ်ယောက်ခြေထောက်ကျိုးဒဏ်ရာ၊ နာမည်တွေကို ပြောခွင့် မရှိဘူး၊ အစိုးရအာဏာပိုင်တွေနဲ့ ပတ်သက်လာမှာ စိုးလို့ပါ”ဟု အဆိုပါဂိတ်မှူးက ပြောသည်။
သေဆုံးသူမှာ အမည်မသိ အသက် (၆၀) အရွယ် ကြာအင်းဆိပ်ကြီးမှ လှေစီးလာသူအမျိုးသမီးတစ်ဦး ဟုသိရပြီး ပျောက်ဆုံးနေသူကိုလည်း အတည်ပြု မပေးနိုင်ခဲ့ပေ။
ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံလှေဂိတ်မှ လှေစီးလာသူယောကျ်ားလေးလူငယ်တစ်ဦးလည်းခြေထောက် ဒဏ်ရာ ရရှိသည်ဟု သိရသည်။
ယင်းလှေနစ်မြုပ်လူသေသည့် အခင်းဖြစ်ပွားမှုကို ဒေသခံ KNU တပ်မဟာ ၆ မှ အရေးယူကိုင်တွယ်နိုင်သည် ဟု လှေသမားများအသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။
အဆိုပါလှေနစ်မြုပ်ခဲ့သည့်နေရာမှာ KNU လှေအကောက်စခန်းရှိရာ ကျွန်းချောင်းဂိတ်နှင့် နာရီဝက်ခန့်သာ ခရီးကြာမြင့်သည်ဟု သိရသည်။
ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ဇမိမြစ်ကြောင်းလမ်းကို KNU ကအဓိက ချုပ်ကိုင်ထားပြီးမြစ်ကြောင်း တလျှောက်နေရာအချို့တွင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေနှင့် အစိုးရစစ်တပ်၊ ရေတပ်များစခန်းချကာ ခရီးသွားကုန်သည်များထံမှ ငွေကောက်ခံလျှက်ရှိကြသည်။
ခြောက်သွေ့ရာသီများတွင် ဘုရားသုံးဆူမှ ပြည်တွင်းရှ ိမြို့အသီးသီးဖြစ်ကြသည့် ရေး၊ သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ မော်တော်ကားဖြင့် သွားလာနိုင်သော်လည်း မိုးတွင်းကာလများတွင် ကြာအင်းဆိပ်ကြီးမြို့ လှေလမ်းတစ်ခုတည်းသာ ကုန်စည်များ တင်ပို့နိုင်သည်။
ယခုနှစ်တွင် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လှေလမ်းကြောင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပွားသောရေနစ် မြုပ်လူသေမှု ဖြစ်သည်။