ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် RBG အမျိုးအစား ဗုံးပေါက်ကွဲ၍ ဘုရားသုံးဆူမြို့ ခလရ တပ်ရင်း အမှတ် ၃၂ မှ တပ်ရင်းမှူး၊ ဗိုလ်ကြီး တစ်ဦးနှင့် မိုင်းရှာဖွေသည့် အင်ဂျင်နီယာ တပ်မှ တပ်သားတစ်ဦး ဒဏ်ရာ ရရှိ....
လွတ်လပ်သော မွန်သတင်း အေဂျင်စီ - ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် RBG အမျိုးအစား ဗုံးပေါက်ကွဲ၍ ဘုရားသုံးဆူမြို့ ခလရ တပ်ရင်း အမှတ် ၃၂ မှ တပ်ရင်းမှူး၊ ဗိုလ်ကြီး တစ်ဦးနှင့် မိုင်းရှာဖွေသည့် အင်ဂျင်နီယာ တပ်မှ တပ်သားတစ်ဦး ဒဏ်ရာ ရရှိသည်။
တပ်ရင်းမှူး ကျော်ဝင်းခိုင်မှာ လက်နှင့် ဗိုလ်ကြီး နိုင်လင်းဦးမှာ နား၌ ဒဏ်ရာ အနည်းငယ် ရရှိကာ တပ်သား စိုးဝင်း (အသက် ၃၀ နှစ်ခန့်) မှာ ဘယ်ဘက် ခြေထောက်တွင် ပြင်းထန်းစွာ ဒဏ်ရာ ရရှိပြီး ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ရှိ ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း ဒေသခံအာဏာပိုင်နှင့် နီးစပ်သူတို့က ပြောသည်။
“တပ်သား စိုးဝင်းက ခြေထောက် ပြတ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဗုံးကို ကျင်းမှာ မြုပ်ပြီး ဖောက်ခွဲဖို့က မမြုပ်ခင်မှာ ပေါက်သွားတယ်” ဟု မျက်မြင်တို့က ပြောသည်။
၎င်းဗုံးကို အမှတ် (၄) ရပ်ကွက် ဆေးရုံးဝင် အနားရှိ ဥဒေါင်းကန်သို့ သွားသည့် လမ်းသွယ်တွင် မှိုရှာသူတို့က တွေ့ရှိခဲ့ပြီး ရပ်ကွက် ဥက္ကဌ ဦးငွေတင်အား အကြောင်းကြားခဲ့သည်။
ရပ်ကွက် ဥက္ကဌမှတဆင့် ဌာနဆိုင်ရာများ၊ စစ်တပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး မူလတွေ့ရှိ ခဲ့သည့် နေရာမှ မပေါက်ကွဲသေးသော ဗုံးကို မယူခဲ့ပြီး ၎င်းဗုံးကို ပြန်လည်ဖောက်ခွဲရန်အတွက် ကျင်းသို့ ပြန်ထည့်စဉ် ပေါက်ခွဲသွားသည်။
မှိုရှာသူတို့က ထိုအာဘီဂျီဗုံးကို ၎င်းမှိုရှာစဉ် မွန်လွှဲ ၂ နာရီခန့်လောက်တွင် မတွေ့ရှိသေးသည့်အတွက် ထိုဗုံးကို မပေါက်ကွဲမီ ၂ နာရီကျော်ခန့်တွင် လာရောက်ထားသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအာဏာပိုင်တို့က သုံးသပ်သည်။
သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ပြင်ရှိ တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) စစ်ဆေးရေး ဂိတ်တွင် အမည်မသိ လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့သည်။
မြေတိုင်းစာရင်း ဦးစီးဌာနတွင် မပေါက်ကွဲသေးသည့် ဗုံးအပြင် သြဂုတ်လ ၃ ရက်နေ့တွင် ဒီကေဘီအေ ဂိတ် အနီးတွင် ဝိုင်းယားကြိုးပါသည့် ဗုံးနှင့် သြဂုတ်လ ၁၂ ရက်နေ့တွင် သုံးဆူ လျှပ်စစ်ဓာတ်အားပေးဓာတ်တိုင် ထရန်စဖော်မာအောက်တွင်လည်း လက်လုပ်ဗုံး တွေ့ရှိခဲ့သည်။
ယခုတလောတွင် ဘုရားသုံးဆူမြို့ပေါ်၌ ဗုံးပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တို့က မည်သူ့လက်ချက် ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ပေ။