စိတ်ကြွဆေးပြား ကီလိုဂရမ် ၂ဝ နှင့် မြန်မာနိုင်ငံသားဖမ်းမိ

စိတ်ကြွဆေးပြား ကီလိုဂရမ် ၂ဝ နှင့် မြန်မာနိုင်ငံသားဖမ်းမိ
by -
ပယ်ရီ ဆန်တနာချုပ်

ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာမှ လောက်တာယန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ ဒွိုင်အန်ခန်းနှင့် ၂ ကီလိုမီတာ ဝေးသော နေရာတွင် သူ၏ သူငယ်ချင်း ၃ ဦးနှင့်အတူ မီသာအင်ဖက်တမင်း ဆေးပြား ကီလိုဂရမ် ၂ဝ သယ်လာစဉ် ထိုင်းရဲက ဖမ်းဆီး....

ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာမှ လောက်တာယန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ ဒွိုင်အန်ခန်းနှင့် ၂ ကီလိုမီတာ ဝေးသော နေရာတွင် သူ၏ သူငယ်ချင်း ၃ ဦးနှင့်အတူ မီသာအင်ဖက်တမင်း ဆေးပြား ကီလိုဂရမ် ၂ဝ သယ်လာစဉ် ထိုင်းရဲက ဖမ်းဆီးလိုက်သည်။    

၎င်းတို့ ၄ ဦးသည် လွန်ခဲ့သော ၄ လကတည်းက မူးယစ်ကုန်သည်အဖြစ် ဟန်ဆောင်ထားသော ရဲ ထောက်လှမ်းရေးများနှင့် မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ရန် အန်ခန်းစျေးထဲတွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်ကို ချိန်းဆိုခဲ့ပြီးနောက် ထိုနေရာသို့ သွားရောက်စဉ် ဖမ်းဆီးခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ ရဲဗိုလ်မှူးကြီး အစ်တီပွန် ဂျန်ရှရီပုတြာ (Ittiporn Junsributara) က ပြောသည်။    

စိတ်ကြွဆေးဝါးများကို စျေးတဖက်ခြမ်းတွင် ပေးအပ်ခဲ့ပြီး  အိတ်ထဲတွင် လက်ပစ်ဗုံး ၂ လုံးထည့်၍ ငွေလက်ခံရန် စောင့်ဆိုင်းနေစဉ် အသက် ၄ဝ အရွယ် လောက်တာယန်ကို နယ်စပ်စောင့်ရဲများနှင့် ရဲ ၂ ဒါဇင်ကျော်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဖော် ၃ ဦးကိုမူ ၎င်းမတိုင်ခင်ကတည်းက ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား ယန်ကို ထိုင်း-မြန်မာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွင် အဓိက ပုဂ္ဂိုလ် တဦး အဖြစ် ထိုင်းမူးယစ်ဆေးဝါးဗျူရိုက ကြိုတင်သတင်းရရှိခဲ့သည်။ သူသည် ရဲများကို တပတ်ရိုက်ကာ ဘတ်သန်း ၆ဝ (အမေရိကန်ဒေါ်လာ ၁.၈ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထားရစ်ခဲ့ကာ တောထဲသို့ ဝင်ပြေးသွားခဲ့ဖူးသူ လည်း ဖြစ်သည်။    

အမှတ် ၃ ဒေသ နယ်စပ်စောင့် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဤပူးပေါင်းတပ်ဖွဲ့က ယန်တို့အဖွဲ့ကို ပထမဆုံး အကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရိုမှ ဗိုလ်မှူးကြီး ပရာစွပ်ချိုင်း (Prasop Chai) က ပြောသည်။    

’’သူက ဝ လူမျိုးပါ။ ဒါပေမဲ့ သူ့သူဌေးက ဘယ်သူလဲ၊ ဒီမူးယစ်ဆေးဝါးတွေ ဘယ်သူထုတ်တာလဲ ဆိုတာတွေ ကိုတော့ သူက ပြောမှာမဟုတ်ဘူး’’ ဟု ပရာစွပ်က ပြောသည်။ ယန်သည် ဝ တိုင်းရင်းသား လူနည်းစုမှ ဖြစ်သည်ဟု သူက ယုံကြည်နေသည်။    

’’ကျနော်တို့ သူ့ကို စစ်ဆေးမေးမြန်းပြီးပါပြီ။ ဒါပေမဲ့ သူက ဘာမှပြောမှာ မဟုတ်ပါဘူး။ ကျနော်တို့က သူ့ကို ဝ လူမျိုးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ဆီက သိမ်းမိတဲ့ လက်ပစ်ဗုံးမှာ ဝပြည်နယ်တွင် ထုတ်လုပ်သည်ဆိုတဲ့ စာတန်းကို တရုတ်ဘာသာနဲ့ ရေးထားတာ တွေ့ရတယ်။ မူးယစ်ဆေးဝါးတွေမှာလည်း တရုတ်စာတွေ ပါတယ်။ ဖမ်းမိတဲ့ အိုက်စ် (ဘာလဲ) တွေကို စစ်ဆေးဘို့ ဓာတ်ခွဲခန်းကို ပို့ထားပါတယ်’’ ဟု ရဲဗိုလ်မှူးကြီး အစ်တီပွန် က ပြောသည်။    

ယခုနှစ် ပထမ ၆ လအတွင်း စိတ်ကြွဆေးပြား စုစုပေါင်း ၂၄ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး ညွှန်ကြားရေးမှူး ပွန်သက်အင်ပရာပိုင် (Pornthep Eamprapai) က ပြောသည်။ စနေနေ့က ဖမ်းဆီးရမိခဲ့သော ပမာဏသည် ထိုင်းရဲတပ်ဖွဲ့မှ အဆိုပါ ပထမ ၆ လအတွင်း ဖမ်းဆီးရမိခဲ့သော ပမာဏနှင့် ဆတူခန့် ဖြစ်နေသည်။    

ယန်ကို ဘန်ကောက်မြို့ ကလွန်ပရင် (Klong Prem) ဗဟိုအကျဉ်းထောင်ကြီးတွင် ထိန်းသိမ်းထားပြီး တရားမဝင် မူးယစ်ဆေးဝါးများကို ရောင်းချရန်  လက်ဝယ်ထားရှိမှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို တရားမဝင် လက်ဝယ် ထားရှိမှုတို့ဖြင့် အမှုဖွင့်ထားသည်။    

သူ့ကို ရုံးတင်တရားစွဲဆိုမည့် နေ့ရက်ကို မသတ်မှတ်ရသေးပါ။ သို့သော် ယန်သည် ထောင်ဒဏ် တသက်တကျွန်း အထိ ကျခံရဖွယ်ရှိသည်ဟု ပရာစွပ်က ပြောသည်။