ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ မူးယစ်ဆေးဝါး အရောင်းအဝယ် အဆက်အစပ်ရှိသူကို ရယကနှင့် မူးယစ်ရဲ အရာရှိတို့ ငွေကြေးတောင်းပြီး အမှုကို ပိတ်ပင်....
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ မူးယစ်ဆေးဝါး အရောင်းအဝယ် အဆက်အစပ်ရှိသူကို ရယကနှင့် မူးယစ်ရဲ အရာရှိတို့ ငွေကြေးတောင်းပြီး အမှုကို ပိတ်ပင်နေသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) နေ ဦးအေးသောင်း အသက် (၃၈) နှင့် ဇနီးဖြစ်သူ ဒေါ်အေး အသက် (၃၆) တို့နေအိမ်တွင် ဂျူလိုင်လ (၂၈) ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်မှာ ရပ်ကွက် ရယကအဖွဲ့ဝင် ၆ ဦး ရောက်လာပြီး တစုံတရာ မေးမြန်းခြင်းမရှိပဲ အိမ်ကို ဝင်မွှေရှာဖွေသွားသည်။
ထိုဇနီးမောင်နှံနှစ်ဦးတို့သည် ဘုရားသုံးဆူမြို့ပေါ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အဆက်အသွယ်ရှိသူ ဖြစ်ပြီး၊ တစုံတယောက်က မူးယစ်ဆေးဝါး လိုချင်လျှင် ဦးအေးသောင်းမှတဆင့် ရနိုင်ကြောင်း ကော်မရှင်စား အနေနှင့် ဦးအေးသောင်းက လုပ်စားနေသည်ဟု ထိုရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရယကမှ ရှာဖွေပြီး တစုံတရာမတွေ့ရှိပဲ ထိုသူနှစ်ဦးကို ရယကရုံးသို့ လာရောက်ရန် ပြောလိုက်သည်။ ရယကမှ ညွှန်ကြားသည့်အတိုင်း ဇနီးမောင်နှံတို့သွားရောက်ကာ ရုံးတွင် မည်သူ တစ်ဦးတစ်ယောက်မျှ မရှိသည့် အတွက် အိမ်ကိုသာ ပြန်လာခဲ့သည်။
ထိုနေ့ညနေမှာပင် ရယကမှ နောက်ထပ်ရောက်လာပြီး ထိုနှစ်ဦးကို မူးယစ်ရဲအရာရှိ ဦးညွန့်မင်းဦးအိမ်သို့ ခေါ်ဆောင်သွားသည်။ ထိုအိမ်မှာ ရယကဦးအေးကိုနှင့် အဖွဲ့ဝင် ၆ တို့လည်းရောက်ရှိနေပြီး ထိုသူနှစ်ဦးကို လက်မှတ်ထိုးခိုင်းကာ ဘတ် ၆ သောင်းပေးရမည်ဟုဆိုပြီး မပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်သည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ ထိုင်းဘက်ကမ်း
ငွေကြေးကို မတရားတောင်းခံပြီး ထိုနှစ်ဦးကိုလည်း ယခုအဖြစ်အပျက်ကို မည်သူ့ထံမှာ မတိုင်ကြားရန် တိုင်ကြားပြီး ပေါက်ကြားသွားပါက ထိထိရောက်ရောက် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။
ယခုရက်ပိုင်းအတွင်း ထိုကဲ့သို့ ရယကနှင့် ရဲတို့ပူးပေါင်းပြီး အပြစ်ရှိသူကို ထိထိရောက်ရောက် အရေးမယူပဲ ငွေကြေးတောင်းခံခြင်းဖြင့် အပြစ်ကြေအေးပေးသည့် အကြောင်းကို ဘုရားသုံးဆူရှိ စစ်အစိုးရ အဖွဲ့တဖွဲ့က ထိုအဖြစ်အပျက်ကို အထက်သို့ တင်ပြရန် လုပ်ဆောင်နေကြောင်း သုံးဆူရှိ အစိုးရ အသိုင်းအဝိုင်းမှ သိရသည်။
“အခုလို ရယကတွေ ရဲနဲ့ပေါင်းပြီးတော့ မူးယစ်ဆေးဝါးအရောင်းအဝယ်သူတွေကို ငွေညှစ်ပြီး အမှုကိုပိတ်နေတာ ငွေပေးရင် ဘာလုပ်လုပ် လုပ်လို့ရတယ်ဆိုတဲ့သဘောပဲလေ ဒါပေမဲ့ ဒီမြို့မှာ တခြားအဖွဲ့တွေလည်း ရှိသေးတယ် သူတို့ မသိရင်တော့ လုပ်စားလို့ရတာပေါ့ အခုက သူတို့တွေလည်း သိပြီးဆိုတော့ အထက်ကို တင်မှာပေါ့ ဘယ်လို လာမလဲတော့ မပြောတက်သေးဘူး” ဟု အစိုးရ အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။