၂၀၀၉-၂၀၁၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသူ/သားများ အောင်စာရင်းမထွက်ခင် အောင်၊ ရှုံး သိလိုပါက ကျပ်ငွေတစ်သိန်းပေးခြင်းဖြင့် သိနိုင်သည်။
“အခုကျောင်းသားတွေ ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို အောင်ချင်တယ်ဆိုလို့ရှိရင် ဆရာမကို တစ်သိန်းပေးပြီးတော့ ဆရာမမှာ အဆက်အသွယ်ရှိတယ် အောင်ဖို့လုပ်ပေးမယ်” ဟု အထက်တန်းပြဆရာမတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး မုဒုံမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မုဒုံမြို့ပေါ်တွင် ကျောင်းသူ/သားများ စာမေးပွဲဖြေဆိုပြီးချိန်တွင် အောင်နိုင်သည်ဟု ခန့်မှန်းထားသည့် ကျောင်းသူ/သားများမှလွဲပြီး၊ မအောင်နိုင်ဘူး၊ အရည်အချင်း ညံ့သည့် ကျောင်းသူ/သားများကိုသာ ရွေးချယ်ပြီး၊ ဆရာ/ဆရာမကိုယ်တိုင် အိမ်တိုင်ရာရောက် စာမေးပွဲအောင်လိုပါက တစ်ယောက် တစ်သိန်းနှုန်းဖြင့် ၄င်းတို့အား ပေးနိုင်လျှင် စာမေးပွဲအောင်ရန် လုပ်ပေးမည်ဟု မုဒုံမြို့ပေါ်ရှိ ကျောင်းသူ မိဘတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ငွေတစ်သိန်းအကုန်ကျခံပြီး၊ အောင်စာရင်းမထွက်ခင် အောင်၊ ရှုံး သိနိုင်သည်ဆိုတာကို အမှန်တကယ်ပင်ဖြစ်တယ်၊ မယုံမရှိနဲ့ဆိုပြီး၊ ၎င်းအထက်တန်းပြ ဆရာမက ပြောသည်။
ယမန်နှစ်က အဆောင်နေကျောင်းသူတစ်ဦးကလည်း ၎င်း၏ မိဘထံသို့ ဆရာမကိုယ်တိုင်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စေလိုပါက ငွေပေးနိုင်လျှင် အောင်ပေးလို့ရသည်ဟု ဆရာမတစ်ဦးက ပြောသည်။ ထိုကျောင်းသား၏ မိဘကလည်း ငွေပေးပြီးမှအောင်ရတာကို မလိုလားသဖြင့် ထိုဆရာမတောင်းသည့်ငွေကို မပေးလိုက်ရသည်ဟု ၎င်းက ပြောသည်။
“ဆရာမက ကျနော့်ကိုပြောတာ ငွေသုံးသိန်းအကုန်ခံနိုင်ရင် စားမေးပွဲအောင်ဖို့ လုပ်ပေးမယ်တဲ့၊ ကျနော်လည်း ယုံပြီးပေးလိုက်တာပေါ့၊ အောင်စာရင်းထွက်တဲ့အချိန်မှာ အောင်စာရင်းသွားကြည့်တာ ကျနော့်နာမည်မပါခဲ့ဘူး၊ ရှုံးတာပဲ ပေးထားတဲ့ ပိုက်ဆံလည်းပြန်မရဘူး၊ အလိမ်ခံလိုက်ရတယ်လို့ သတ်မှတ်လိုက်ရတာပေါ့” ဟု မုဒုံမြို့မှ့ ကျောင်းသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဆရာ/ဆရာမတို့မှ ငွေကြေးပေးနိုင်လျှင် စာမေးပွဲအောင်နိုင်သည်ဟု ကျောင်းသားမိဘများထံ ငွေကြေး သိန်းချီတောင်းခံထားပြီး၊ အောင်စာရင်းထွက်လာမှ ရှုံးသည်ဆိုသည့် ကျောင်းသူ/သား အများအပြားရှိကြောင်း ၄င်းက ဆက်ပြောသည်။
ယခုနောက်ပိုင်း ကျောင်းသားမိဘများက ထိုကဲ့သို့ အလိမ်ခံမျိုး မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် မိမိတို့၏ သားသမီးများအတွက် ငွေကြေအကုန်ကျမခံတော့ပဲ တကယ့်အရည်အချင်းစစ်နှင့်သာ ဖြေဆိုအောင်နိုင်သည်သာ အကောင်းဆုံးဖြစ်သည်ဟု လက်ခံလာကြကြောင်း ၄င်းက ပြောသည်။