မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ရေးဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ကျေးရွာစာသင်ကျောင်းအတွက် ၄၀ ရာခိုင်နှုန်းခန့်သာ အစိုးရမှ ထောက်ပံ့ပေးနေပြီး၊ ကျန် ၆၀ ရာခိုင်နှုန်းကို ရွာခံကသာ အကုန်ကျခံ တည်ဆောက်သွားရမည်ဟု ဒေသခံတို့က ပြောသည်။
မကြာခင်က ကျောက်တလင်းကျေးရွာအတွင်း ယိုယွင်းပျက်စီးနေသော မူလတန်း စာသင်ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် ကလိန်အောင်မြို့နယ်ခွဲမယကထံသို့ တင်ပြရာ ၄င်းတို့မှ ဘိလပ်မြေအိတ်တစ်ရာခန့်နှင့် သွပ်တို့ကိုသာပေးပြီး၊ အုတ်၊ သစ်ဝါးများနှင့် အလုပ်သမားခအစရှိသည်တို့ကို သက်ဆိုင်ရာ ရွာခံများက ဖြည့်ဆည်းပေးရမည်ဟု ဒေသခံများက ဆိုသည်။
“ပေးတဲ့ဘိလပ်မြေအိတ်တစ်ရာကိုလည်း မိုင် ၂၀ လောက်ဝေးတဲ့ ကလိန်အောင်မှာ ရွာခံတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားတိုက်ယူရတယ်၊ သူတို့က ဒါပဲပေးတော့ ဘယ်လိုလုပ်မလဲ၊ ကျန်တဲ့အုတ်တို့ အလုပ်သမားခတို့ သစ်အတွက်က ရွာခံတွေဆီမှာ ပိုက်ဆံကောက်ဦးမှာပေါ့” ဟု ၄င်းကျေးရွာနှင့် နီးစပ်သော ရွာခံတစ်ဦးက ပြောသည်။
ကျောင်းတစ်ဆောင်အတွက် အနည်းဆုံး အုတ်ရေတစ်သောင်းလိုအပ်ပြီး၊ ထိုဒေသအတွင်း လက်ရှိအုတ်တစ်လုံးပေါက်စျေးမှာ ၄၀ ကျပ်ကျော်ရှိနေသည်။
“အုတ်ဖိုးသက်သက်က ငါးသိန်းနီးပါး၊ သစ်ဖိုးဝါးဖိုး အလုပ်သမားဖိုးနဲ့ ပေါင်းလိုက်ရင် သိန်းမနည်းဘူးဖြစ်သွားလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ဆက်သည်။
ထိုကျောင်းပြီးစီးရန်အတွက် လိုအပ်သည့်ငွေကြေးကို ရွာသားများထံမှ တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ နှစ်ထောင်ကျပ်အထိ ကောက်ခံသွားမည်ဖြစ်ပြီး၊ လက်ရှိ ဝင်ငွေနှင့် စီးပွားရေးအခြေအနေအပေါ် မူတည်ပြီး ရွာလူကြီးမှ ကောက်ခံနေသည်ဟု သိရသည်။
ရေးဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ အလယ်စခန်းကျေးရွာ၊ ကျောက္ကဒင်ကျေးရွာ၊ ကျောက်တလင်းကျေးရွာနှင့် လော့သိုင်းကျေးရွာတို့တွင် ကျေးရွာစာသင်ကျောင်းတည်ဆောက်ရန်အတွက် ဘိလပ်မြေနှင့် လိုအပ်သည့်သွပ်ကိုသာ သက်ဆိုင်ရာမှ ရရှိနေပြီး ကျန်သည့်လိုအပ်ချက်များအတွက် ရွာခံကသာ ဖြည့်ဆည်းပေးနေရသည်။