တနင်္သာရီတိုင်းမှ အလယ်စခန်းရွာသားများ ရွာပြင်မထွက်ရဲကြ

တနင်္သာရီတိုင်းမှ အလယ်စခန်းရွာသားများ ရွာပြင်မထွက်ရဲကြ
by -
ခတ္တာနန်း
မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်ခွဲရှိ အလယ်စခန်း ကျေးရွာအတွင်း ပြည်သူ့စစ်ကြေး ကောက်ခံရာ၌ မကျေနပ်သည့်ရွာသား အသတ်ခံရပြီးနောက် ...

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နယ်ခွဲရှိ အလယ်စခန်း ကျေးရွာအတွင်း ပြည်သူ့စစ်ကြေး ကောက်ခံရာ၌ မကျေနပ်သည့်ရွာသား အသတ်ခံရပြီးနောက် မြန်မာစစ်တပ်တို့၏ စစ်ဆေးမှုကြောင့် ရွာတွင်းရှိ ယောက်ျားများနှင့် ရွာလူကြီးများ ညအိပ်ညနေ ရွာပြင်မထွက်ရဲကြကြောင်း သိရသည်။

အကယ်၍ ရွာသားများ ရက်လွန်ခရီး ညအိပ်ခရီးထွက်မိပါက တနင်္သာရီတိုင်း၊ ရေးဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ အခြေစိုက် ခမရ (၂၈၂) တပ်ရင်းတို့မှ လာရောက်မေးမြန်းစစ်ဆေးခြင်း ခံရကြောင်း သိရသည်။

“တကယ်လိ့ု ညအိပ်ညနေခရီးထွက်တာတို့၊ အိမ်ကယောက်ျားသားတွေခရီးလွန်တာတို့ ရေးမြို့ကို သွားလိ့ုရှိရင်လည်း ခမရ ၂၈၂ တပ်ရင်းကနေ လာပြီးတော့ စစ်ဆေးမှုတွေရှိတယ်၊ အဲဒါကြောင့် လူကြီးတွေရွာအပြင်ကို မထွက်ရဲဘူး” ဟု အလယ်စခန်းရွာခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ရွာသားများ ရွာပြင်အဝင်အထွက်စစ်ဆေးနေခြင်းသည် မြန်မာစစ်တပ်တို့က ထိုဒေသတဝိုက်အတွင်းလှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရွာခံများ ဆက်သွယ်မှုရှိနေခြင်းဆိုသည့် သံသယကြောင့်ဖြစ်သည်။

အသတ်ခံရသည့် အလယ်စခန်းရွာသား နိုင်ထွန်းလိန်းကိုလည်း ပြည်သူ့စစ်ကြေးကြောင့်သာမဟုတ်ဘဲ၊ စစ်အစိုးရတပ်တို့က မွန်ခွဲထွက်ရေးအဖွဲ့နှင့် ဆက်သွယ်မှုရှိသည့်စွပ်စွဲချက်ကြောင့်လည်းပါဝင်ကြောင်း ကလိန်အောင်ဒေသခံ၏ ပြောပြချက်အရ သိရသည်။

ထိုမျှမက နိုင်ထွန်းလိန်းအသတ်ခံရပြီးနောက် ရွာသားများ တောထဲသို့ဝင်ရောက်ခွင့်ကိုလည်း စစ်တပ်တို့က ပိတ်ပင်ထားသည်။ ထိုသို့တောပိတ်ထားခြင်းကြောင့် ရွာသားများ အလုပ်လုပ်ခွင့်မရှိသည့်အတွက် စားဝတ်နေရေး အလွန်ပင်ဒုက္ခရောက်ကြရကြောင်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အလယ်စခန်းကျေးရွာမှ ရွာသားသုံးဦးကို ပြည်သူ့စစ်ကြေးကောက်ခံခြင်းနှင့် ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၄င်းသုံးဦးအနက် နိုင်ထွန်းလိန်းအား သတ်ဖြတ်ခဲ့သည်ဟု ကောင်းဝါးသတင်းဌာနတွင် ဖော်ပြထားသည်။

“အခုချိန်ထိတော့ ဘာမှထပ်မဖြစ်သေးဘူး၊ တောမထွက်ရ အဲလောက်ပဲ တားမြစ်ထားတယ်၊ ဒီနေ့တော့ ပြန်ဖွင့်ပေးနေပြီး၊ ဆယ်အိမ်ခေါင်းတွေက လိုက်အော်တယ်၊ တောမသွားရဆိုရင် ဘယ်သူမှ မသွားရဲတော့ဘူး၊ တရွာလုံးက ကြောက်နေကြတယ်” ဟု အသက် ၅၀ ရွယ်ရှိ အလယ်စခန်းရွာသားတစ်ဦးက  ပြောသည်။

ခမရ ၂၈၂ ညွှန်ကြားချက်ဖြင့် တောပိတ်ထားပြီးနောက် အကယ်၍ ရွာသားများ တောထွက်နေသည်ကို သိရှိပါက တပ်ရင်းမှ ငွေ ၁ သောင်းမှ ၁ သောင်းခွဲအထိ ဒဏ်ငွေရိုက်ပြီး၊ ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှ ယခုအခြေအနေထိ “တောမထွက်ရ” အမိန့် သုံးကြိမ်းတိုင်တိုင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“တစ်ခါပိတ်ရင် ၁၀ ရက်လောက်ကြာတယ်၊ ဒါပေမယ့် အခုပိတ်တဲ့နောက်ဆုံးအခေါက်မှာတော့ ၃/၄ ရက်လောက်ပဲကြားတယ်၊ အဲဒီတော့ တောင်ယာသမားတွေအတွက်က ဒုက္ခဖြစ်ရတယ်။ အခုထိလည်း တောင်ယာမခုတ်ရသေဘူးလေ၊ ခြံသမားတွေလည်းဒီအတိုင်ပဲ၊ အတော်ဒုက္ခရောက်ရတာ၊ ခြံကို ညအိပ်ညနေလည်း သွားလိုမရတော့ဘူး၊ အားလုံးက သူတို့ကိုကြောက်နေကြတယ်” ဟု ၄င်းက ဆက်ပြောသည်။

Most read this week