နိုင်ငံပိုင်လုပ်ငန်းအများစုကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချမည့်သတင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူများ စိတ်ဝင်စားမှုရှိပြီး အပြိုင်လေလံအောင်နိုင်ရေးကြိုးပမ်းရာမှာ မြန်မာစစ်အစိုးရနှင့် နီးစပ်သူတို့ကသာ လေလံအောင်နိုင်ကြောင်း သိရသည်။
လွန်ခဲ့သောလအနည်းငယ်မှစ၍ နိုင်ငံပိုင်သတင်းစာများတွင် နိုင်ငံပိုင်လုပ်ငန်းတော်တော်များများအား ပုဂ္ဂလိပိုင်အဖြစ် ရောင်းချမည့်သတင်းများ ဆက်တိုက်ဆိုသလို ဖော်ပြခဲ့ပါသည်။ လုပ်ငန်းလုပ်ကိုင်လိုသူ အများစုကလည်း စိတ်ဝင်စားမှုများရှိခဲ့ပြီး၊ သူ့ထက်ငါ လေလံအောင်နိုင်ရေး ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံပိုင်လုပ်ငန်းများ တရားဝင်ပုဂ္ဂလိကပိုင်အဖြစ် အစုလိုက်အပြုံလိုက် ရောင်းချနေခြင်းသည် အစိုးရလက်ထက် ဆယ်စုနှစ် နှစ်ခုသာလောက်မှာ ပထမအများဆုံး အတိအလင်းရောင်းချနေခြင်းဖြစ်ပြီး၊ ပြည်သူများလက်ထဲသို့ မည်မျှလောက်ထိ ရောက်လာနိုင်မလဲဟူ၍ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ ပုံမှန်အားဖြင့် အရေးပါသည့် နိုင်ငံပိုင်လုပ်ငန်းများကို မြန်မာအာဏာပိုင်တို့နှင့် နီးစပ်သူ လက်ထဲသို့သာ လှည့်ပတ်ရောက်နေကြသည်။
ပုဂ္ဂလိကပိုင်အဖြစ်ရောင်းချမှုများအနက် အစဉ်အလာအားဖြင့် အစိုးရပိုင်အဖြစ်ထားလေ့ရှိသည့် ဆိပ်ကမ်းလုပ်ငန်း၊ စက်ရုံလုပ်ငန်း၊ စက်သုံးဆီဖြန့်ချီတင်သွင်းသည့်လုပ်ငန်းတွေပါ ပါဝင်လာပြီး၊ အခြားအရေးပါသည့် လုပ်ငန်းတော်တော်များများကိုလည်း ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချနေပါသည်။
ယခုလပိုင်းအတွင်း ရောင်းချနေသည့် နိုင်ငံပိုင်များမှာ ဝန်ကြီးဌာနလက်အောက်အသီးသီးရှိ လုပ်ငန်းအစုအဖွဲ့ဟောင်းများနှင့် တိုးချဲ့ထားရှိသွားမည့် လုပ်ငန်းများလည်း ပါဝင်နေသည်။ ရောင်းချမည့်အထဲမှ ပြည်သူပိုင်အဖြစ် သိမ်းယူထားသည့် လူနေအဆောက်အဦးများလည်း ပါဝင်နေပါသည်။ လေလံတင်မည့်အထဲမှာ အစိုးရမှ ဌားရမ်းပြီး ယခုလိုလေလံတင်ခဲ့သည်ဟု လေလံလုပ်ငန်းနှင့်နီးစပ်သူတို့က ဆိုပါသည်။
ယခုလို ပုဂ္ဂလိကပိုင်အဖြစ်လုပ်ကိုင်ခွင့်ပြုသည့်အတွက် စိတ်ဝင်စားသောလုပ်ငန်းရှင်များရှိသကဲ့သို့ မျှော်လင့်ချက်မထားနိုင်သည့်၊ မျှော်လင့်ချက်မထားတော့သည့် လုပ်ငန်းရှင်များလည်းရှိနေသည်။ အကြောင်းမှာ အစိုးရအနေနှင့် လေလံတင်ရောင်းချခြင်းကို တရားဝင်ကြေငြာထားသော်လည်း ဗန်းပြယုံသက်သက်သာဖြစ်ပြီး၊ ကောင်းမွန်သည့် လုပ်ကွက်၊ နေရာ၊ လုပ်ငန်းများကို ၄င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်း၊ ဆွေမျိုးမိတ်ဆွေများသာ ကမ်းလှမ်းရောင်းချသည်။
“အစတုန်းကတော့ လေလံကိစ္စဆိုရင် စိတ်ဝင်တစားရှိကြတယ်၊ နောက်ပိုင်း အထာသိလာတော့ ဒီအတိုင်းပဲ စိတ်ဝင်စားမှုနည်းလာတယ်၊ အကြောင်းကတော့ အားလုံးဟာ သူ့အဆက်အသွယ်နဲ့သူရှိပြီးသား ကိုယ့်ဘက်က အဆက်အသွယ်ကောင်းကောင်းမရှိရင် လေလံတင်ဖို့လျှောက်တဲ့အခါ ကျလာမှာမဟုတ်ဘူး၊ ကျနော်ဆိုရင် လေလံတင်ဘူးတာ ခဏခဏဆိုသလို ရှိခဲ့ပေမယ့် တခါမှ လေလံမအောင်ဖူးဘူး၊ လမ်းကြောင်းမသိလို့နဲ့တူတယ်” ဟု လေလံလျှောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံ၏ထုတ်လုပ်မှုစွမ်းရည်မြင့်မားစေလိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ်ရောင်းချတာဟာ စျေးကွက်စီးပွားရေးစနစ်ကို ဦးတည်သွားမယ့်အနေအထားမှာရှိနေသည့်အတွက် အားလုံးက ကြိုဆိုသည်။ ကျန်းမာရေး၊ ဖျော်ဖြေရေးနှင့် ပညာရေးကဏ္ဍများကအစ နိုင်ငံပိုင်လုပ်ငန်းတော်တော်များများလည်းပါဝင်လာပြီး၊ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အပြိုင်အဆိုင်ဖြစ်လာမှာဖြစ်သည့်အတွက် အားလုံးက ကြိုဆိုနေကြပါသည်။
“ဝန်ဆောင်မှုပိုင်းဆိုင်ရာ အပြိုင်အဆိုင်ဖြစ်လာမှာ ဖြစ်တဲ့အတွက် အလားအလာကောင်းပဲလို့ ခံယူထားကြတယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ တင်းကြပ်ပြီး မျှတတဲ့မူဝါဒတွေမထားရှိခဲ့ရင် သူ့ထက်ငါ စည်းစနစ်ကျတဲ့ လုပ်ငန်းထုတ်ကုန်ယှဉ်ပြိုင်မှုအစား အထိန်းအကွက်မရှိတဲ့ ပရမ်းပတာ စီးပွားရေးစနစ်ပုံစံအဖြစ် ရောက်ရှိလာနိုင်လို့ ပိုမိုဆိုးဝါးလာနိုင်တဲ့အခြေအနေအတွက် အစိုးရအနေနဲ့ စဉ်းစားထားသင့်တယ်” ဟု အမ်ဘီအေဘွဲ့ရ အငြိမ်းစားဆရာမတစ်ဦးက ယခုလို ထောက်ပြထားသည်။
ယခုလို နိုင်ငံပိုင်လုပ်ငန်း၊ အဆောက်အဦးတွေကို အပြတ်အသတ်ဆိုသလို လုပ်ငန်းရှင်ဆီရောင်းချနေတာဟာ ပြည်သူတွေအကြား ပြောစရာဖြစ်လာနေသည်။ (ရွေးကောက်ပွဲကြောင့်လား သူတို့တွေနေရာ ဖယ်ပေးရတော့မှာဖြစ်လို့လား) စသဖြင့် ယူဆချက်တွေ ဝေကွဲမရ ဖြစ်နေသည်။ မကြာခင်ကလည်း အစိုးရအနေနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ခွင့်ရသူများအား ရောင်းချထားသည့် ပိုင်ဆိုင်မှုတန်ဖိုး၏ ၁၀% ကို အပြီးပေးချေရန် ညွှန်ကြားထားပြီး တနှစ်အတွင်း တန်ဖိုး၏ ၂၀% ကို ပေးချေရမည်ဟု ထုတ်ပြန်ထားသည်။
လက်ကျန်ငွေကို ဘဏ်အတိုးနှုန်းအတိုင်း အရစ်ကျပေးချေခွင့်ပြုထားသည့်အတွက် ပြည်သူတချို့စိတ်ဝင်တစားရှိသော်ငြားလည်း အပြည့်အဝ ယုံကြည်ဖို့ခက်ခဲနေသည်။ အစိုရးအနေနှင့် လွန်ခဲ့သည့် နှစ်လည်ပိုင်းကဲ့သို့ အစိုးရတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ အပြောင်းအလဲဖြစ်တာကို အကြောင်းပြုပြီး လေလံတင်ပြီးသား စက်ရုံ အလုပ်ရုံ များကို ထပ်ပြီးလေလံတင် အကြိမ်ကြိမ်ပြန်လည်ရောင်းချခဲ့ကြောင်းစုံစမ်း သိရှိရသည်။