ရေးဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ (၆၂) မိုင်ကျေးရွာအနီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်အစိုးရတပ် ခမရ (၄၀၈) တပ်ရင်းတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-ထားဝယ်သို့ ပြေးဆွဲနေသည့် မှန်လုံကားများကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ KNU တပ်သားများ ကားတားပြီး ငွေကြေးတောင်းခံနေခြင်းကြောင့် ခမရ (၄၀၈) နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
(KNU) တို့မှ မှန်လုံကားတစ်စီးလျှင် မြန်မာကျပ်ငွေ တစ်သိန်းကောက်ခံပြီး၊ စုစုပေါင်း ကားအစီးရေ ၁၃ စီးဖြစ်သည်။
“ဒီပစ်ခတ်မှုမှာ (ခမရ) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး သေတယ်၊ တပ်သားတစ်ဦး ဒဏ်ရာရသွားတယ်၊ KNU ဘက်ကတော့ တစုံတရာ ထိခိုက်မှုမရှိပါဘူး” ဟု ထိုတိုက်ပွဲ ဖြစ်ပွားရာ ဒေသရှိ ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာစစ်တပ်မှ တပ်အင်အား ၁၀ ဦးခန့်နှင့် KNU ဘက်မှ တပ်သားအင်အား ၂၀ ကျော်ပါဝင်ပြီး တိုက်ပွဲကို နံနက် ၆ နာရီကျော်ချိန်မှာ ဖြစ်ပွားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
(၆၂) မိုင် ရွာသားတစ်ဦးကလည်း “ခရီးသည်တွေ ဘာမှမဖြစ်ဘူးလို့တော့ ကြားတာပဲ၊ ဒီလိုပိုက်ဆံကောက်တာလည်း မဖြစ်တာကြာနေပြီး အရင် လွန်ခဲ့တဲ့ ၃/၄ နှစ်တုန်းမှာတော့ တခါဖြစ်ခဲ့ဖူးတယ်၊ ဒီနောက်ပိုင်းမှာတော့ မကြားတော့ဘူး၊ အခုမှ ထပ်ဖြစ်ပြန်တယ်၊ ကားတွေက အများအားဖြင့် စုပြီးတော့ အတက် အဆင်း လုပ်ကြတယ်၊ မနက်ပိုင်းမှာ အသွားအလာများတယ်၊ အဲဒါကို သူတို့စောင့်ပြီးတော့ ငွေတောင်းတယ်” ဟု သူက ဆိုသည်။
လွန်ခဲ့သည့် ၃/၄ နှစ်မှာလည်း KNU မှ မှန်လုံကားများကို တားဆီးပြီး ငွေကြေးတောင်းခံရာမှာ ကားမရပ်ပေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် ကားသိမ်မှောက်သွားသည့် အဖြစ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။ ထိုနောက်ပိုင်း KNU မှ ငွေကြေးတောင်းခံခြင်း ပျောက်ကွယ်သွားပြီး ယခုမှသာ ပြန်လည်ဖြစ်ပွားလာသည်ဟု လော့သိုင်းရာခံ တစ်ဦးက ပြောသည်။
“ကားတစ်စီးကို တစ်သိန်းတောင်းတယ်၊ သူတို့ (KNU) တွေ တားထားတဲ့ကားအားလုံး လွန်ကုန်ပြီးမှ ဗမာစစ်တပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားတယ်” ဟု ထားဝယ်အဝေးပြေးကားဂိတ်မှ လက်မှတ်ရောင်းဝယ်သူတစ်ဦးက ပြောသည်။