ပျက်စီးနေသောဂျိုင်းတံတားကို ပြန်လည်ပြုပြင်ပြီ

ပျက်စီးနေသောဂျိုင်းတံတားကို ပြန်လည်ပြုပြင်ပြီ
by -
မိကျလွန်းထော
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အဝင်မှ ယိုးယွင်း ပျက်စီးနေသော ဂျိုင်း (ကော့ကရိတ်) တံတားကို မြန်မာအစိုးရတို့က လွန်ခဲ့သည့် တစ်လခန့်က စတင်ပြုပြင် ပေးနေသည်ဟု...

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အဝင်မှ ယိုးယွင်း ပျက်စီးနေသော ဂျိုင်း (ကော့ကရိတ်) တံတားကို မြန်မာအစိုးရတို့က လွန်ခဲ့သည့် တစ်လခန့်က စတင်ပြုပြင်ပေးနေသည်ဟု သိရသည်။

“အဲဒီတံတား ပြင်နေတာ ၁ လလောက်တော့ ရှိနေပြီ၊ သူတို့က တစ်ဖက်ပြီး တစ်ဖက် ပြင်နေတာ၊ ပြီးဖို့တော့ ကြာဦးမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တံတားက အရမ်းပျက်နေတယ်၊ တော်ရုံနဲ့ ပြီးမယ်မထင်ဘူး” ဟု ထိုတံတားအနီးရှိ ကျုံဒိုးရွာသားတစ်ဦးက ဆိုသည်။

လွန်ခဲ့သော ၂၀၀၉ ခုနှစ် ဇွန်လခန့်မှ ၄င်းတံထား စတင်ပျက်စီးနေပြီး ကုန်တင်ကားများနှင့် ၁၂ ဘီးကားများ တံတားဖြတ်ကျော်ရန်အတွက် အခက်အခဲ ကြုံတွေ့ခဲ့ကြရသည်။

“တန် ၂၀ အောက် ကားတွေပဲ ဖြတ်ခိုင်းတော့ ကုန်ပစ္စည်းတွေ ဟိုဘက်ကမ်းရောက်ဖို့ ကျမတို့က ဟိုင်းလက်ကားတွေ ပြန်ငှားရတယ်၊ တစ်စီးကို (၃) သောင်း ပေးနေရတယ်၊ ကျမတို့ကားက ၁၂ ဘီးကား တန်ချိန် (၈၀) လောက်ဆိုတော့ တံတားက မခံနိုင်ဘူးလေ၊ အဲဒါကြောင့် ပိုက်ဆံလည်းကုန် လူလည်းပင်ပန်းတယ်” ဟု မြဝတီမှ ရန်ကုန်သို့ ကုန်တင်ပို့နေသော ကုန်သည်တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်နှင့် အဖွဲ့ဝင်များက ထိုတံတား ပြုပြင်နေဆဲအချိန်တွင် တံတား၏ ကြံ့ခိုင်မှု အခြေအနေကို  လာရောက်ကြည့်ရှုခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

“အခု လမ်းပြင်နေတဲ့အတွက် တံတားအောက်ကို လှေတွေ ဖြတ်ခွင့်မပေးဘူး၊ လှေသေးသေးတွေဆိုရင် ရတယ်၊ လှေကြီးကြီးတွေတော့ မရဘူး၊ တံတားကြီး ပိကျမှာစိုးလို့ နေမယ်ထင်တယ်” ဟု တံတားတဖက်ကမ်းရှိ သရက်တော ရွာသားတစ်ဦးက ပြောသည်။

၄င်း ဂျိုင်း (ကော့ကရိတ်) ကြိုးတံတားကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တံတား၏ ခံနိုင်ဝန်အားမှာ ၄၅ တန်ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၉၆ သန်း ကုန်ကျခဲ့သည်ဟု (xinhua) သတင်းတွင် ဖော်ပြထားပါသည်။

ဂျိုင်းတံတား (ကော့ကရိတ်) သည် ရန်ကုန်-ဘားအံ-မြဝတီ-မဲဆောက် ကားလမ်းပေါ်တွင် တည်ရှိပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် တံတားတစ်စင်း ဖြစ်သည်။

Most read this week