ဖမ်းဆီးမည်ဟူသော ကောလဟာလကြောင့် စာသင်သားများ ထိန့်လန်နေကြ

ဖမ်းဆီးမည်ဟူသော ကောလဟာလကြောင့် စာသင်သားများ ထိန့်လန်နေကြ
မွန်ရဟန်းပျိုတစ်ပါး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး နောက်တွင် ရဟန်းပျိုများအား နောက်ထပ်ဖမ်းဆီးမည်ဟူသော ကောလဟာလသတင်းများ ပျံ့နှံ့နေခြင်းနှင့် မော်လမြိုင်-ရေး အဝေးပြေးလမ်းမပေါ်ရှိ ဂိတ်များတွင် ဂိတ်စောင့်ရဲများနှင့် စစ်သားများက ခရီးသွားသံဃာတော်များ၏ သာသနာဝင်ကဒ်ပြား (မှတ်ပုံတင်) များကို စစ်ဆေးမေးမြန်းနေခြင်းကြောင့် စာသင်တိုက်များရှိ စာသင်သားများ...

မွန်ရဟန်းပျိုတစ်ပါး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် အဖမ်းခံရပြီး နောက်တွင် ရဟန်းပျိုများအား နောက်ထပ်ဖမ်းဆီးမည်ဟူသော ကောလဟာလသတင်းများ ပျံ့နှံ့နေခြင်းနှင့် မော်လမြိုင်-ရေး အဝေးပြေးလမ်းမပေါ်ရှိ ဂိတ်များတွင် ဂိတ်စောင့်ရဲများနှင့် စစ်သားများက ခရီးသွားသံဃာတော်များ၏ သာသနာဝင်ကဒ်ပြား (မှတ်ပုံတင်) များကို စစ်ဆေးမေးမြန်းနေခြင်းကြောင့် စာသင်တိုက်များရှိ စာသင်သားများ ထိန့်လန့်နေကြကြောင်း သိရသည်။

“အခု သံဖြူဇရပ် နဲ့ မုဒုံဘက်က စစ်ဆေးရေးဂိတ်တွေမှာ သံဃာတွေရဲ့ မှတ်ပုံတင်တွေကို စစ်ဆေးနေတယ် ၊ အထူးသဖြင့် မွန်ရဟန်းပျိုများဟာ ပိုပြီးတော့ စစ်ဆေးမေးမြန်း ခံရတယ်” ဟု ရေးမြို့ဘက်သို့ ဆင်းသွားသော မွန်ရဟန်းပျိုတစ်ပါးက မိန့်ကြားသည်။

မော်လမြိုင်ရှိ မွန်ပရိယတ္တိစာသင်တိုက်တစ်တိုက်သို့ ဆက်သွယ်လျှောက်ထားခဲ့ရာ “အရှင်ဥက္ကံသ (ဦးဇင်းဇော်လတ်) ဖမ်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ ကျောင်းကို လာပြီးမေးမြန်းစစ်ဆေးတာ မရှိသေးဘူး၊ ကျောင်းကို စောင့်ကြည့်တာလည်း မရှိဘူး၊ ဒါပေမယ့် စာသင်သားတွေက ထိန့်လန့်နေကြတယ်” ဟု ထိုစာသင်တိုက်မှ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

“အခြေအနေက ဘာမှ မထူးသေးဘူး၊ အတိအကျတော့ ဘာမှမသိရသေးဘူး၊ ကျန်တဲ့ ဘုန်းကြီးတွေကို လိုက်ဖမ်းမယ်၊ ဟိုတစ်ပါး ပါသွားပြန်ပြီ၊ ဒီတစ်ပါး ပါသွားပြန်ပြီ၊ အဲဒီလိုပဲ ကောလဟာလတွေ ကြားနေရတယ်” ဟု မော်လမြိုင်မြို့ပေါ်မှ လူငယ်တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ စာသင်တိုက်များအား အာဏာပိုင်များက မေးမြန်းစောင့်ကြည့်မှုများ မရှိသော်လည်း အရှင်ဥက္ကံသ သီတင်းသုံးသည့် မုဒုံမြို့နယ် နှင့် အဖမ်းခံရသည့် သံဖြူဇရပ်မြို့နယ်များတွင် ဘုန်းတော်ကြီးကျောင်းများ စောင့်ကြည့်ခံနေရကြောင်း အစောင့်ကြည့်ခံရသည့် ကျောင်းတစ်ကျောင်းမှ သံဃာတော်တစ်ပါးက ပြောသည်။

“စောင့်ကြည့်နေတာ ရှိတယ်၊ အဓိကကတော့ ဦးဇင်းဇော်လတ် ဝင်ထွက်သွားလာနေတဲ့ ကျောင်းတွေကို လိုက်ပြီး စောင့်ကြည့်တာ၊ သံဃာဆိုတာက ဟိုဘုန်းကြီးကျောင်းဝင် ဒီဘုန်းကြီးကျောင်းတည်းဆိုတာ ဓမ္မတာပဲလေ၊ ဘာမှလည်း မဟုတ်ပါဘူး၊ သံဃာတော်တွေကို ကြောက်အောင် စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာပဲ” ဟု မုဒုံမြို့နယ်မှ အထက်ပါသံဃာတော်က မိန့်သည်။

အချို့စာချ ဆရာတော်များက မိမိ၏တပည့် စာသင်သားများ အရှင်ဥက္ကံသ အဖမ်းခံရမှုနှင့် ပါ၀င်ပတ်သက်နေမည်ကို စိုးရိမ်နေကြကြောင်း၊ သံဃာတော်များ စာမေးပွဲ ဖြေဆိုချိန် နီးကပ်လာပြီ ဖြစ်၍ ယခုကောလဟာလသတင်းမှာ စာသင်သားများအတွက် အနှောက်အယှက် ဖြစ်ကြရကြောင်းနှင့် ရဟန်းပျိုများအား နောက်ထပ်ဖမ်းဆီးမည်ဟူသော သတင်းမှာလည်း စစ်အစိုးရက ကောလဟလသတင်းလွှင့်ပြီး လူထုကို ခြောက်လှန့်နိုင်ခြင်း ဖြစ်နိုင်ကြောင်း ဖမ်းဆီးခြင်းကို စောင့်ကြည့်လေ့လာနေသော ရဟန်းပျိုတစ်ပါးက မိန့်ကြားသည်။

“စိုးရိမ်တာလောက်ပဲ ရှိတယ်။ နောက်ဆက်တွဲ သံဃာတွေကို ဖမ်းတာ ဘာမှ မကြားသေးဘူး၊ ပတ်သက်တယ်ထင်တဲ့ ဒကာတစ်ယောက်လောက်ကို ဖမ်းတာလောက်ပဲ ကြားတယ်၊ နအဖ စစ်အစိုးရတွေက သံဃာတော်တွေ အနှောက်အယှက်ဖြစ်အောင် လုပ်တာပဲ” ဟု အထက်ပါရဟန်းပျိုက မိန့်သည်။
ပြီးခဲ့သည့် ၂၀၁၀ နှစ်သစ်ကူးညတွင် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသော မြို့နယ်များ၌ ၂၀၁၀ ရွေးကောက်ပွဲကို ကွန့်ကွက်သည့် ၂၀၁၀ စာလုံးပေါ်တွင် ကြက်ခြေခတ်ခြင်း၊ ( No 2010 ) စာလုံးများရေးသားခြင်း စသော ဆေးမှုတ်လှုပ်ရှားတစ်ခုကို ပြုလုပ်ခဲ့သည်။

ထိုလှုပ်ရှားမှုတွင် အရှင်ဥက္ကံသ ကိုယ်တိုင်ပါဝင်ပတ်သက်နေသည်ဟု အာဏာပိုင်များက မှတ်ယူထားပြီး လွန်ခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့တွင် အရှင်ဥက္ကံသအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် ရဲများက ဖမ်းဆီးခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွေဝါရောင်တော်လှန်ရေး ပြီးချိန်မှစ၍ စစ်အစိုးရက ရဟန်းသံဃာများကို ပိုမို စောင့်ကြည့်မှုများ ပြုလာခဲ့သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်း သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး ထိုနှစ်တွင် မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တစ်နှစ်ရပ်နားခဲ့ရသည်။

၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင် မုဒုံမြို့နယ် ကမာဝက်ရွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ မော်လမြိုင်မြို့နယ် ဖားအောက်ရွာ ဆီဆွမ်းလောင်းလှူပွဲများ ကျင်းပခွင့်ရသော်လည်း စစ်တပ် ရဲနှင့် မီးသတ်များက လုံခြုံရေးများကို တင်းကျပ်စွာ ချထားပြီး စောင့်ကြည့်နေခဲ့သည်။