လွန်ခဲ့သည့် နိုဝင်ဘာလတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့ ပါတီအား မဲပေးရန်အတွက် မွန်ကျေးရွာများတွင် သွားရောက်စည်းရုံးနေကြသည်၊ ယခုတွင်် မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ရေးမြို့နယ်များတွင် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။
နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ၄င်းပါတီမှ လူသုံးလေးဦးခန့် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင်် စည်းရုံးရေး ဆင်းနေကြောင်း သိရသည်။
“အဲဒီအဖွဲ့တွေက တစ်နေ့ဆိုတစ်ရွာ စည်းရုံးရေး ဆင်းနေကြတယ်၊ နေ့တိုင်းတော့ မဟုတ်ဘူး။ သူတို့ဆင်းတဲ့အခါမှ ဆင်းတယ်၊ သူတို့ဆင်းရင်တော့ သူတို့လူ သုံးလေးယောက်ပဲ ပါတယ်။ သူတို့အဲဒီရွာကို ဆင်းမယ်ဆိုရင် သူတို့နဲ့ ရင်းနှီးတဲ့အိမ်ကို သွားပြီး သူတို့ကို ဘယ်လိုမဲပေးရမလဲ ဆိုတာကို ရှင်းပြပြီး စည်းရုံးတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့အား မဲထည့်ပေးပြီး ၄င်းတို့အစိုးရ ဖြစ်လာခဲ့ပါက ပြည်သူများအတွက် လွတ်လပ်စွာ ကူသန်းရောင်းဝယ်ခွင့် ပေးမည််၊ သွားလာရေးအတွက်ကိုလည်း အဆင်ပြေအောင် အပြည့်အဝ ဆောင်ရွက်ပေးမည်ဟု ပြည်သူများအား စည်းရုံးထားကြောင်း သိရသည်။
လွန်ခဲ့သည့် သြဂုတ်လတွင်လည်း မုဒုံမြို့နယ်၌ ပထမအကြိမ် စည်းရုံးရေး ဆင်းခဲ့သည၊် ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်၊ မုဒုံမြို့နယ်အတွင်း ၄င်းတို့စည်းရုံးရေး ဆင်းခဲ့သည့် ကျေးရွာများ မကုန်သေး၍ ယခုနောက်ထပ်တစ်ကြိမ် စည်းရုံးရေး ဆင်းခြင်း ဖြစ်သည်ဟု သိရသည်။
ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း တစညမှ စည်းရုံးရေး ဆင်းနေကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၉၈၈ ခုနှစ််တွင် ပြည်သူလူထုများ ဒီမိုကရေစီ ရရှိရန်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အား တိုက်ပွဲဝင်ခဲ့ရာမှ (မဆလ) မှ (တစည) ပါတီ အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်၊ (မဆလ) ပါတီသည် (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိ်ုကရေစီအဖွဲ့ချုပ် NLD အား အပြတ်သတ် ရှုံးနှိမ့်ခဲ့သည်။
တစည ပါတီတွင် တပ်မတော် အရာရှိကြီးများ ဦးဆောင်ပါဝင်ပြီး ပါတီ၏ ထိပ်တန်းခေါင်းဆောင် အချို့သည် ယနေ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မဆလ ပါတီတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည် ဟုလည်း သိရှိရသည်၊ တစည ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။