“သံလွင်ဟာ ငါတို့ဘဝ” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်

“သံလွင်ဟာ ငါတို့ဘဝ” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်
by -
မိကျလွန်းထော
‘Salween is our life’ သံလွင်သည် ငါတို့ဘဝ ဆောင်ပုဒ်ဖြင့် လက်ကိုင်ပုဝါနှင့် ရှပ်အင်္ကျီတို့တွင် တံဆိပ်ရိုက်ထားကာ သံလွင်မြစ်အောက်ပိုင်း မွန်ပြည်နယ်အတွင်း လှုပ်ရှားမှုတစ်ခုကို မော်လမြိုင် တက္ကသိုလ်ကျောင်းသားများ ...

‘Salween is our life’ သံလွင်သည် ငါတို့ဘဝ ဆောင်ပုဒ်ဖြင့် လက်ကိုင်ပုဝါနှင့် ရှပ်အင်္ကျီတို့တွင် တံဆိပ်ရိုက်ထားကာ သံလွင်မြစ်အောက်ပိုင်း မွန်ပြည်နယ်အတွင်း လှုပ်ရှားမှုတစ်ခုကို မော်လမြိုင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီးု ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်ဖြစ်သော သံလွင်မြစ်ကိုပိတ်၍ ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ဟတ်ကြီးဆည်အကြောင်းကို လူအများ သိရှိလာစေလိုသော ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုပ်ဆော်ခြင်း ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူ မြစ်အောက်ပိုင်းနေ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) မှ တက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။

“စစ်အစိုးရရဲ့ အစီအစဉ်ကို လက်မခံနိုင်လို့ အခုလို ပြည်သူတွေ သိလာအောင် လက်ကိုင်ပါဝါမှာ စာတမ်းထိုးပြီး ကလွီကျေးရွာ သဘောင်္ဆိပ်ကနေ မော်လမြိုင်မြို့ကို သွားတဲ့သဘောင်္ပေါ်မှ ဖြန့်ခဲ့ပါတယ်၊ အော်ဟစ်ဆန္ဒပြသလိုမျိုးတော့ မဟုတ်ပါဘူး။ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ကျွန်တော်တို့လို ကျွန်းသားတွေ၊ တခြားပြည်သူတွေအားလုံး သိစေချင်လို့ အခုလို လုပ်တာပါ” ဟု ၄င်းတက္ကသိုလ်ကျောင်းသားက ပြောသည်။

အကယ်၍ သံလွင်မြစ်ကိုပိတ်၍ ဟတ်ကြီးဆည်ကို တည်ဆောက်မည်ဆိုလျှင် မြစ်အောက်ပိုင်းနေ ပြည်သူ သန်းတစ်ဝက်တို့က ဆိုးကျိုးများနှင့် ကြံုတွေ့လာနိုင်ကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် သံလွင်မြစ်အကြောင်းပညာပေးအစီအစဉ်မှ နိုင်တိုင်းပကောင်းမွန်က ဆိုသည်။

“သံလွင်မြစ်အောက်ပိုင်းမှာ နေထိုင်နေကြတဲ့ မွန်လူမျိုးအများစုဟာ ဆည်တည်ဆောက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မသိကြဘူး၊ ဒါကြောင့်ကျွန်တော်တို့အဖွဲ့ကနေပြီး ပညာပေးဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့တယ်၊ အဓိကတော့ သံဃာတော်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကို ပညာပေးခဲ့တယ်၊ အဲကနေတဆင့် ပြည်သူတွေက သိရှိလာပြီးတော့ အခုလိုလှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ကြတယ်” ဟု နိုင်တိုင်းပကောင်းမွန်က ပြောသည်။

သံလွင်မြစ်နှင့် ပတ်သက်သည့် ပညာပေးသင်တန်း တက်ပြီးနောက် သံလွင်မြစ်ကို ကာကွယ်ရမည်ကို သိရှိလာသည့်အကြောင်းကိုလည်း ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာမှာ ရွာသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရွာမှာ ရှိတဲ့ ပြည်သူတွေ ဒီအကြောင်းသိလာအောင် ပြန်ရှင်းပြမယ်၊ ပြီးတော့ သံလွင်မြစ်ကို ပိတ်ပြီး ဆည်တည်ဆောက်မယ့် စစ်အစိုးရရဲ့ အစီအစဉ်ကိုလည်း ဆန့်ကျင်သွားမယ်” ဟု ၄င်းရွာသားက ဆက်ပြောသည်။

၄င်းအဖွဲ့မှ သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးဆည်တည်ဆောက်ပါက ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သံလွင်မြစ်ကို မှီခိုနေသည့် ပြည်သူများ သိရှိလာစေရန်အတွက် ၂၀၀၇ ခုနှစ်တွင် “In the Balance” “တိမ်းစောင်းမခံနိုင်သော မျှခြေ” အမည်ရှိ အစီရင်ခံစာကို ထုတ်ဝေခဲ့ပါသည်။

၄င်းဆည်တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် ရေချိုစီးဆင်းမှု မရှိတော့ဘဲ၊ ရေငန်များ ဖုံးလွှမ်းသွားနိုင်သဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက်တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများအတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း၊ အကယ်၍ ဆည်ကြီးကျိုးပေါက်သွားပါက ရေလွှမ်းမိုးမှုများ ဖြစ်ပွားပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင််ကြောင်းကို ၄င်းအစီရင်ခံစာတွင် တင်ပြထားသည်။

သံလွင်မြစ်ကို ဖြတ်၍ မုတ္တမ-မော်လမြိုင်တံတား တည်ဆောက်ထားသည့်အတွက် တံတားတိုင်များကြောင့် သဘာဝအလျှောက် စီဆင်းနေသော  ရေလမ်းကြောင်းများ ပြောင်းလဲသွားပြီး ကမ်းရိုးတန်းအနီးရှိ လယ်ယာမြေများ ရေတိုက်စားမှု ဖြစ်ပွားကာ ပျက်စီးမှု အမြောက်အမြား ဖြစ်ပွားခဲ့ရကြောင်း၊ အကယ်၍ ဆည်ကြီး တည်ဆောက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ၄င်းထက်ပင် ပိုမိိုဆိုးရွာနိုင်ကြောင်း နိုင်တိုင််းပကောင်းမွန်က ပြောသည်။

ဟတ်ကြီးဆည် တည်ဆောက်မှုကို ထိုင်း၊ တရုတ်၊ မြန်မာတို့က သဘောတူညီ လက်မှတ်ရေးထိုးထားပြီး ၄င်းဆည်မှ ၁၃၆၀ မီဂါဝပ်ရှိ ရေအားလျှပ်စစ်ထုတ်ပေးမည်ဟု Burma Rivers Network တွင် ဖော်ပြထားပါသည်။

၄င်းဆည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ TERRA အဖွဲ့၊့ ထိုင်းနိုင်ငံအခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း ၁၈၉ ဖွဲ့မှ ကိုယ်စားလှယ်များက ဆန္ဒပြ တောင်းဆိုခဲ့သည်။  ထို့ပြင် ထိုင်းအစိုးရအနေနှင့် စီမံကိန်းမှ နှုတ်ထွက်ရန် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ဝေ့ချာချီဝ ထံသို့လည်း စာတစ်စောင်ရေးသား ပေးပို့ခဲ့သည်ဟု Burma Rivers Network တွင် ဖော်ပြထားပါသည်။

Most read this week