ကျောင်းသားလူငယ်များအပါဝင် အာဏာပိုင်များလည်း ဘော်လုံးပွဲ လောင်းကစား

ကျောင်းသားလူငယ်များအပါဝင် အာဏာပိုင်များလည်း ဘော်လုံးပွဲ လောင်းကစား
by -
မင်းအာသံ
ယခုနှစ် ဘော်လုံးရာသီတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စည်ကားသော မြို့ကြီးများတွင် ကျောင်းသားလူငယ်များအပါအဝင် မြို့ခံပြည်သူများသာမက အာဏာပိုင်များလည်း လောင်းကစားလိုက်စားနေ ...

ယခုနှစ် ဘော်လုံးရာသီတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စည်ကားသော မြို့ကြီးများတွင် ကျောင်းသားလူငယ်များအပါအဝင် မြို့ခံပြည်သူများသာမက အာဏာပိုင်များလည်း လောင်းကစားလိုက်စားနေကြောင်း သိရှိရပါသည်။

ဘော်လုံးပွဲ လောင်းကစားဒိုင်ကြီးများသည် အများအားဖြင့် အာဏာပိုင်တို့နှင့် ရင်းနှီးသူများ ဖြစ်ကြပြီး အာဏာပိုင်တို့အား လာဘ်ပေးလာဘ်ယူ လုပ်ထားကြရကြောင်း လောင်းကစားသူတဦးက ပြောသည်။

မုဒုံမြို့နယ်မှ ဒေသခံတဦးက  “ကျနော်တို့ကတော့ အပျော်တန်းလောက်ပဲ လောင်းတာ။ တချို့လူတွေကတော့ စီးပွားဖြစ်အနေနဲဲ့ လောင်းတာ ရှိတယ်။ သူတို့က အချိန်တိုင်း လောင်းကစား လိုက်စားနေတယ်။ ဒီလိုလောင်းကစား လိုက်စားတာ မြို့ခံတွေမှာ အများဆုံး တွေ့ရတယ်။ နောက်ပြီး ဒိုင်ကိုင်တဲ့ လူတွေကတော့ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ မယကတောင်းသလောက် အကောက်ပေးနိုင်ရင် ကျနော်တို့လည်း ဒိုင်ကိုင်လို့ ရပါတယ်” ဟု ပြောသည်။

ယနေ့လောင်းကစားလုပ်နေသော ကမ္ဘာ့ဘော်လုံး ပြိုင်ပွဲသည် တစ်နှစ်လျှင် ၁၀ လခန့် လာနေသည်။

ဘားအံမြို့ နေရာအနှံ့တွင် လောင်းကြေး အလွယ်တကူ ထည့်နိုင်သောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ပညာသင်ကြားနေသော ကျောင်းသားလူငယ်များလည်း လောင်းကစားနှင့် ရင်ဆိုင်နေရကြောင်း ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်မှ ကျောင်းသား လူငယ်တစ်ဦးက ပြောသည်။

“လောင်းကစားက မကောင်းမှန်း သိတယ်။ ကျနော်တို့က အပျော်တန်း ၃၀၀၀ ကြေးလောက်ပဲ လောင်းတယ်။ ဒါပေမယ့် တဖြည်းဖြည်း စိတ်ဝင်စားလာတယ်၊ ကြာလာတော့ မလောင်းမဖြစ်တဲ့ အခြေအနေထိ ရောက်လာတယ်။ တချို့က လောင်းကစား လိုက်စားရင်းနဲ့ ကျောင်းစာကို စိတ်မဝင်စားတော့ပဲ ပျက်စီးလာတဲ့အထိ ဖြစ်လာတယ်” ဟု ၄င်းက ပြောသည်။

ဘားအံမြို့တွင်မူ မြို့ခံသူဋ္ဌေးများနှင့် အာဏာပိုင်များကသာ လောင်းကစားရုံ ဖွင့်လှစ်ထားကြသည်။ ထိုလောင်းကစားရုံများတွင် နေ့စဉ် သိန်းချီ လောင်းကြေးထပ်နေကြသည််ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင်လောင်းကစားများကို သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှု မပြုလုပ်သောကြောင့် လုယက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လိမ်လည်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။

Most read this week